Main menu

Background

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်အသစ်ရာထူးအတွက် တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee ဆက်လက်ယှဉ်ပြိုင်ရေးအပေါ် တောင်ကိုရီးယားနိုင်ငံ၏အခက်တွေ့နေမှုအခြေအနေ

Wed, 11/04/2020 - 12:44 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ အစိုးရအဖွဲ့နှင့် သမ္မတအိမ်ပြာတော်တို့သည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization-WTO) ၏ ညွှန်ကြားရေးမှူးချုပ်အသစ်ရာထူးကို ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee က အနိုင်ရရှိနိုင်ရေးအတွက် မည်ကဲ့သို့ဆက်လက် ဆောင်ရွက်ရမည်ကိုဆုံးဖြတ်ရန် အခက်ကြုံနေရကြောင်း သိရှိရပါသည်။

 ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းတွင် WTO အဖွဲ့ဝင်နိုင်ငံများ ၏ကိုယ်စားလှယ်လောင်းများကိုထောက်ခံအားပေးမှုစစ်တမ်းအပေါ်မူတည်၍ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee ၏ ပြိုင်ဘက်ဖြစ်သော နိုင်ဂျီးရီးယားနိုင်ငံမှ ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်ဟောင်းနှင့် နိုင်ဂျီးရီးယားဘဏ္ဍာရေးဝန်ကြီးအဖြစ် (၂) ကြိမ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် (၁) ကြိမ်၊ စုစုပေါင်း (၃) ကြိမ်တိုင် ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ Ms. Ngozi Okonjo-Iweala ကို WTO ၏ ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ကမ္ဘာ့ကုန်သွယ်‌ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအများစုဖြစ်သော ဥရောပသမဂ္ဂနှင့်အာဖရိက နိုင်ငံများမှ Ms.Yoo ၏ ပြိုင်ဘက်အပေါ်တွင် ထောက်ခံအားပေးခဲ့ကြပြီး၊ အမေရိကန်နိုင်ငံကမူ WTO ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာ၌ ကုန်သွယ်ရေးနယ်ပယ်၏အတွေ့အကြုံများ နှင့်ပြည့်ဝသူသည်သာလျှင်ဦးဆောင်သင့်သည်” ဟူ၍ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဘက် မှပွင့်လင်းမြင်သာစွာနှင့်ပြတ်သားခိုင်မာစွာထောက်ခံခဲ့ကြောင်း သိရှိရ ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာန၏အဆိုအရ အကယ်၍ အဖွဲ့ဝင်နိုင်ငံများက WTO ကဆုံးဖြတ်သူမဟုတ်သည့် အခြားသော ကိုယ်စားလှယ်လောင်းတစ်ဦးဦးအား ပြင်းပြင်းထန်ထန် ဦးစားပေးကြောင်းပြသလျှင် အပြီးသတ်ဆုံးဖြတ်မှု ကို သဘောတူညီမှုရရှိရန်အတွက် ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း၊ သို့ရာတွင် တောင် ကိုရီးယားအစိုးရအနေဖြင့် အမေရိကန်နိုင်ငံ၏ထောက်ခံအားပေးမှုကိုရရှိသော်လည်းယှဉ်ပြိုင်မှုအား မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရ မည်ကို မဆုံးဖြတ်ရသေးကြောင်း သိရှိရပါသည်။

ကျွမ်းကျင်ပညာရှင်(Expert)များကမူ အမေရိကန်နိုင်ငံ၏တောင်ကိုရီးယားကုန်သွယ်ရေး ဝန်ကြီးအပေါ်ထောက်ခံ၍ နိုင်ဂျီးရီးယားအပေါ်ကန့်ကွက်မှုသည် အာဖရိကနိုင်ငံများအကြား သြဇာ သက်ရောက်မှုရရှိလျက်ရှိသော တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ သဘောထားအား တီးခေါက်သည့် သဘောဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့​အခြေအနေမျိုးတွင်တောင်ကိုရီးယားအစိုးရအနေဖြင့်ဆက်လက် ယှဉ်ပြိုင်ရေးနှင့် နှုတ်ထွက်ရေးတို့အပေါ် ဝေခွဲမရ မဆုံးဖြတ်နိုင်သေး ကြောင်း၊ အမေရိကန်နိုင်ငံ၏ WTO ၌ ပြတ်သားခိုင်မာစွာ ထောက်ခံအားပေးထားမှုသည် တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး မှအနိုင်ရရှိရေးအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်နိုင်သော်လည်း တစ်ဖက်တွင်မူ ရွေးချယ်မှု ရလဒ်ပြောင်းလဲသွားပါက အခြားသော WTO အဖွဲ့ဝင်နိုင်ငံများက ဆန္ဒပြခြင်း၊ အဖွဲ့ဝင်နိုင်ငံများ အကြား မလိုလားအပ်သောအငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကလည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ အချို့ သော နိုင်ငံတကာကျွမ်းကျင်ပညာ ရှင်များကမူMs. Yoo အနေဖြင့်ပြန်လည်အနိုင်ရနိုင်ချေရရှိနေသည့် အနေအထားမျိုးရှိပါက ယှဉ်ပြိုင်သင့်သေးသည်ဟု သဘောထားမှတ်ချက်ပြုကြကြောင်းသိရှိရပါသည်။

ထို့ပြင် “တောင်ကိုရီးယားအစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်စွာ ကုန်သွယ်နိုင်မှုတို့သည် ဒီမိုကရေစီကို မည်ရွေ့မည်မျှ ထောက်ပံ့နိုင်မည်ဆိုသည်ကိုပြသခြင်းဖြင့် Globalization ကိုကောင်းမွန်စွာ ဆောင်ရွက် နိုင်လျက်ရှိပြီး Ms. Yoo Myung-hee  သည်လည်း ကောင်းမွန်သင့်လျော်သည့်ကိုယ်စားလှယ်လောင်းတစ်ဦးပင်ဖြစ်၍ အနိုင်ရနိုင်ချေရှိသည့် ဤယှဉ် ပြိုင်မှုကို ဆက်လက်‌ပါဝင်ဆောင်ရွက်သင့်ကြောင်း” Park Strategies မှ အကြီးတန်းဒုတိယဥက္ကဌ Sen King က The Korea Times သတင်းစာသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ညွန်ကြားရေးမှူးချုပ်အသစ်ရာထူးရရှိသူအား တရားဝင် ထုတ်ပြန်ကြေညာခြင်းကို အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၉) ရက် နေ့တွင်ကျင်းပပြုလုပ်မည့် WTO အထွေထွေကောင်စီအစည်းအဝေး၌ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရှိရပါသည်။ အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲရလဒ်အပေါ်မူတည်၍ ဆိုးလ်နှင့် ဝါရှင်တန်တို့သည် အောင်နိုင်ရေးသဘောတူညီချက်ရရှိရန် ကြိုးစားမှု အပေါ် ဖိအားများရှိနေပုံခြင်း တူညီနေနိုင်ပြီး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များအတွက် အတူယှဉ်တွဲ၍ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း ဆိုးလ်မြို့၊ Ewha Womans တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Leif-Eris က The Korea Times သတင်းစာသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee ၏အောင်နိုင်ရေးအတွက် အထူးတာဝန် တစ်ရပ်အနေဖြင့် ပံ့ပိုးပေးလျက်ရှိသော သမ္မတအိမ်ပြာတော်ရုံးအဖွဲ့အနေဖြင့် WTO ၏ဦးစားပေး စစ်တမ်းရလဒ်များအပေါ် မှတ်ချက်တစ်စုံ တစ်ရာ ပြုခြင်းမရှိခဲ့ဘဲ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိမ့်မည်ဖြစ်ကြောင်း သမ္မတရုံး တာဝန်ရှိသူက သတင်းထောက်များသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။

 ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

Source: The Korea Times (3-11-2020) , Photo: Credit to Ministry of Trade, Industry and Energy’s website and the Internet