Main menu

Background

Kao Corp. က အင်ဒိုနီးရှားမှ ဆီအုန်းစိုက်ပျိုးရေးသမားများအားကို ပံ့ပိုးကူညီပေးမည့် အစီအစဉ်တစ်ခုဖော်ဆောင်နေ

Thu, 11/05/2020 - 15:08 -- journal_editor

ဂျပန်နိုင်ငံမှ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် Kao Corp. က အင်ဒိုနီးရှားနိုင်ငံမှ ဆီအုန်း စိုက်ပျိုးရေးသမားများကို ၎င်းတို့၏လုပ်ငန်းကို မြှင့်တင်ပေးရန်၊ စိုက်ပျိုးရေးအထွက်နှုန်း ကောင်း လာစေရန်၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပံ့ပိုးမှုအစီအစဉ်တစ်ခုကို ဆောင်ရွက်နေပါသည်။

Kao Corp. ကအာရှတိုက်ရှိ အကြီးမားဆုံး ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့်ကုမ္ပဏီများတွင် ပါဝင်သည့် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် Apical Group နှင့် Asian Agri  ကုမ္ပဏီများနှင့် မိတ်ဖက်ပြုကာ အင်ဒိုနီးရှား ဒေသခံဆီအုန်းစိုက်ပျိုးသူများအား ပံ့ပိုးပေးမည်ဖြစ် ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့ပါသည်။

“The Small holder Inclusion for better Livelihood & Empowerment (SMILE) ”ဟု အမည်ရသည့် အဆိုပါ ပံ့ပိုးမှုအစီအစဉ်အရ Kao နှင့်၎င်း၏မိတ်ဖက် ဒေသခံ အင်ဒိုနီးရှား ကုမ္ပဏီ နှစ်ခုသည် မြောက်ပိုင်း Sumatra ပြည်နယ်၊ Riau ပြည်နယ်နှင့် Jambi ပြည်နယ်တို့မှ အသေးစား ဆီအုန်းစိုက်ပျိုးရေးသမား ၅၀၀၀ ခန့်ကို ၂၀၃၀ ပြည့်နှစ်အထိ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရ ပါသည်။

ယခုကဲ့သို့ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှုသည် ကုန်ထုတ်စွမ်းအားတိုးမြှင့်မှု၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိမှုနှင့် အရည်အသွေးမီ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချ နိုင်မှုကို များစွာ အထောက်အကူပြုမည်ဖြစ်ပါ ကြောင်း Kao က ပြောကြားခဲ့ပါသည်။ ၎င်းအပြင် စိုက်ပျိုးရေးသမားများအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုရှိစေမည့် ဦးထုတ်များနှင့် လက်အိတ် များကဲ့သို့ လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကိုပါ Kao က ထောက်ပံ့ ပေးခဲ့ ကြောင်း သိရ ပါသည်။

ဂျပန်နိုင်ငံမှ ကုမ္ပဏီများသည်  အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီများကို ဆပ်ပြာချက်လုပ်ရန်နှင့် အခြားသော ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုရန် တင်သွင်းလျက်ရှိပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့