Main menu

Background

မြို့တော်တိုကျိုမှ အခြားမြို့များသို့ ပြောင်းရွှေ့သွားကြသူဦးရေ များပြားလာခဲ့

Thu, 11/05/2020 - 15:09 -- journal_editor

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားနေချိန် ပြီးခဲ့သည့် ဒုတိယသုံးလပတ်၊ စက်တင်ဘာလကုန်အထိ မြို့တော်တိုကျိုသို့ ပြောင်းရွှေ့နေထိုင်သူ ဦးရေထက် တိုကျိုမှ အခြားမြို့ကြီးများဆီသို့ ပြောင်းရွှေ့သွားသူဦးရေ ပိုများလာကြောင်းကို ဂျပန်ပြည်ထဲရေး ဝန်ကြီးဌာန၏ စစ်တမ်းသစ်တစ်ခုတွင် ဖော်ပြထားပါသည်။

ဧပြီလမှ စက်တင်ဘာလအတွင်း လူဦးရေ ၁၉၄,၄၀၀ ခန့် တိုကျိုကို ပြောင်းရွှေ့လာကြခဲ့ပြီး အလားတူကာလအတွင်းမှာပင် လူဦးရေ ၂၀၀,၀၀၀ နီးပါးက မြို့တော်တိုကျိုမှ အခြားမြို့ကြီးများ ဆီသို့ ပြောင်းရွှေ့ထွက်ခွာသွားကြကြောင်း ၊ ထိုစစ်တမ်းများ စတင်ကောက်ယူခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် မြို့တော်တိုကျိုတွင် နေထိုင်သည့် လူဦးရေကျဆင်းသွားမှုမှာ ပထမဦးဆုံးအကြိိမ် ဖြစ်ပါကြောင်း၊ ဇူလိုင်လမှ  စက်တင်ဘာလအထိ ကာလအတွင်းတွင်လည်း တိုကျိုသို့ ပြောင်းရွှေ့ နေထိုင်သူဦးရေထက် ပြောင်းရွှေ့ထွက်ခွာသွားသူဦးရေက ပိုများလာခဲ့ပါကြောင်း ဂျပန်ပြည်ထဲရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါသည်။

မြို့တော်တိုကျို အနီးအနားရှိ ခရိုင်ဒေသများတွေဖြစ်သည့် ခါနာဂါဝါခရိုင်သို့ လူဦးရေ ၄၄,၂၀၀၊ ဆိုင်းတမခရိုင်သို့ ၃၅,၈၀၀နှင့် ချီးဘားခရိုင်သို့  ၂၆,၈၀၀ စသည်ဖြင့် အသီးသီး ပြောင်းရွှေ့သွားခဲ့ကြကြောင်းသိရပါသည်။

Mizuho Research Institute မှ အကြီးတန်းစီးပွားရေးသုတေသီ Mr. Okada Yutaka က ကိုရိုနာကပ်ရောဂါက လူထုအား မြို့ကြီးတွေအစား ကျေးလက်ဒေသနှင့် ဆင်ခြေဖုံးရပ်ကွက်များတွင်  နေထိုင်ကြရန် တွန်းအားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူသားများ၏ နေထိုင်မှုပုံစံ ပိုမိုလွတ်လပ် လာပါက မြို့တော်ပြန်လည်စည်ပင်လာစေရေးကိုအထောက်အကူဖြစ်နိုင်ပါကြောင်းဟု ၎င်းက သုံးသပ် ပြောကြားခဲ့ပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့