Main menu

Background

အာဆီယံဒေသအတွင်း တစ်ဆင့်ဖြတ်သန်းကုန်စည်ပို့ဆောင်မှု ပိုမိုလွယ်ကူချောမွေ့စေရန် "ASEAN Customs Transit System" ကို စတင်ဆောင်ရွက်

Fri, 11/06/2020 - 12:20 -- journal_editor

အာဆီယံဒေသအတွင်း ကုန်းလမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်၍ ကုန်စည်များကို ဖြတ်သန်းပို့ဆောင်ရာတွင် ပိုမိုလွယ်ကူစေရေးအတွက်  "ASEAN Customs Transit System (ACTS)" ကို ၂ - ၁၁ - ၂၀၂၀ ရက်နေ့တွင် စတင် ဆောင်ရွက်ပြီဖြစ်ကြောင်းနှင့် ယင်းစနစ်ကို ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က စတင်အကောင် အထည်ဖော်လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးတွဲသတင်းထုတ်ပြန်ခဲ့ပါသည်။

ACTS စနစ်သည် အာဆီယံအတွင်း ကုန်စည်များလွတ်လပ်စွာစီးဆင်းနိုင်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးတို့အတွက် အဓိကကျသောအစီအစဉ်တစ်ခုဖြစ်ပြီး၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပေါ်လာရေး ရည်မှန်း ချက်အပေါ် ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ACTS စနစ် အရ ကုန်သည်လုပ်ငန်းများသည် တစ်ခုတည်းသော အကောက်ခွန်ကြေညာလွှာ၊ တစ်ခုတည်းသော ဘဏ်အာမခံ၊ တစ်စီးတည်းသောကုန်သယ်ယာဉ်တို့ဖြင့် ဤစနစ်တွင် လိုက်ပါ ဆောင်ရွက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဖြတ်သန်း၍ ကုန်စည်ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း ကွန်ပြူတာစနစ်အသုံးပြု အကောက်ခွန်ဆိုင်ရာဖြတ်သန်းခြင်းစီမံခန့်ခွဲမှုစနစ်ကို အသုံးချဆောင် ရွက်မည်ဖြစ်၍ အာဆီယံ ရှိ အကောက်ခွန်ဌာနများသည် ဤစနစ်ဖြင့် ကုန်စည်ဖြတ်သန်းသယ်ပို့မှု အခြေအနေတို့ကို ထိထိရောက်ရောက် စိစစ်ခြေရာခံနိုင်မည်ဖြစ်ကြောင်း၊ ဤစနစ်ကို အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက လက်မှတ်ရေးထိုးအတည်ပြုခဲ့သည့် "ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT)" အရ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ဤစနစ်အား အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများသည် အချိန်/ ကုန်ကျ စရိတ်သက်သာခြင်းနှင့် ဒေသအတွင်း ကုန်းလမ်းကြောင်းမှတစ်ဆင့် ကုန်စည်ပို့ဆောင်နိုင်မှု ပိုမိုတိုးတက် ကောင်းမွန်လာမည့်အခြေအနေတို့ကို မျှော်လင့်နိုင်ကြောင်း၊ သို့ရာတွင် လက်ရှိ ကိုဗစ်- ၁၉ ကပ် ရောဂါအတွင်း၌ နိုင်ငံအသီး သီး၏ တည်ဆဲနယ်စပ်ဖြတ်သန်းမှုအစီအမံများကို လိုက်နာ ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဤစနစ်အား အောင်မြင်စွာစတင်ဆောင်ရွက်နိုင်ခြင်းမှာ အာဆီယံအဖွဲ့ဝင်များ၏ ကတိ ကဝတ်များနှင့်အညီ ကြိုးပမ်းအားထုတ်မှု၊ "ASEAN Regional Integration Support by the European Union (ARISE) Plus" နှင့်အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့၏ ခိုင်မာသော အထောက်အပံ့နှင့် လမ်းညွှန်ချက်များကြောင့်ဖြစ်ကြောင်း၊ စင်ကာပူသည် အာဆီယံ၏ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း၊ ဒူပေနာပေခံနိုင်မှု၊ စည်းလုံးညီညွတ်မှု ခိုင်မြဲလာခြင်းဖြင့် စီးပွားရေး လုပ်ငန်း များမှ ဒေသတွင်း၌ အခွင့်အလမ်းများရရှိလာစေရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိကမ္ဘာ့ကုန်သွယ်ရေးအခြေအနေမှာ မရေရာမှုများစွာ ဖြစ်ပေါ်နေသောကြောင့် အာဆီယံ အနေဖြင့် ဒေသတွင်းရှိ စီးပွားရေးအခွင့်အလမ်းကောင်းများကို ဖော်ထုတ်၍ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မှသာ အာဆီယံ၏ အနာဂတ်အတွက် အဆင်သင့်ဖြစ်သော၊ ကြံ့ကြံ့ခိုင်နိုင်သောအခြေအနေတို့ကို ဆက်လက်ထိန်း သိမ်းထားနိုင်မည်ဖြစ် ကြောင်း အကောက်ခွန်ဌာန၏ Senior Assistant Director General (Trade) ဖြစ်သူ Mr Lee Boon Chong က ပြောကြားပါသည်။

 ACTS စနစ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်လာခြင်းက ကိုဗစ် ၁၉ ကာလ ဖြစ်သော်လည်း ကုန်ထုတ်လုပ်မှုကွင်းဆက် ပိုမိုအားကောင်းလာစေရေးနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပိုမိုရိုးရှင်းလာစေရေး အာဆီယံအဖွဲ့ဝင်တို့၏ သန္နိဋ္ဌာန်ကို ဖော်ပြနေကြောင်း၊ ဒေသတွင်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု ပိုမိုလွယ်ကူချောမွေ့စေခြင်းဖြင့် စီးပွားရေး လုပ်ငန်းများအတွက် လက်တွေ့အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အာဆီယံဌာနခွဲမှ ညွှန်ကြားရေးမှူး Ms Alpana Roy က ပြောကြားပါသည်။

ဤကဲ့သို့ ဒေသတွင်းပူးပေါင်းအကောင်အထည်ဖော်သည့်အစီအစဉ်တွင် ပထမဆုံးပါဝင် ဆောင်ရွက်ရန် စိတ်ဝင်စားမှုဖော်ပြခဲ့သော ကုမ္ပဏီများအနက်မှ DHL Global Forwarding Singapore (DHL) ကုမ္ပဏီသည် ACTS စနစ်၏ ရှေ့ပြေးအဆင့်၌ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်နှင့် ၂၈ ရက်များတွင် စင်ကာပူနိုင်ငံမှ ထိုင်းနိုင်ငံသို့ မလေးရှားနိုင်ငံမှတစ်ဆင့် ကုန်စည်ဖြတ်သန်းပို့ဆောင်မှုကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာအနှံ့ထောက်ပံ့ ပို့ဆောင်ရေး ဝန်ဆောင်မှုကမ္ပဏီဖြစ်သည့်အတွက် လွတ်လပ်သောကုန်သွယ်မှုနှင့် နယ်စပ်ပေါက် ဖွင့်လှစ်ထားမှု တို့၏ အရေးပါမှုနှင့် စုစည်းထားသော အကောက်ခွန်စနစ်မူဘောင်သည် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများအတွက် အကျိုးကျေးဇူးရှိသည်ကို အထူးနားလည်သိရှိပါကြောင်း DHL ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Christopher Lim ကလည်း ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့