ယခုအခါ တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများမှ တောင်သူလယ်သမားများ သည် သီးနှံအာမခံများထားရှိလာကြပြီဖြစ်ပါသည်။ ယခင်ကရာသီဉတုဆိုးရွားပြင်းထန်မှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့ပါက လျော်ကြေးရခြင်းမရှိခဲ့ သည့် တောင်သူလယ်သမားများမှာ ယခုအခါ သီးနှံအာမခံများကြောင့် ဆုံးရှုံးမှုမှ ခုသာခံသာရှိလာပြီဖြစ်ပါသည်။
စံပယ်ပန်းခင်းများ စိုက်ပျိုးသည့် တောင်သူတစ်ဉီးက ယခင်နှစ် ဇူလိုင်လတွင် ၎င်း၏လေးဟက်တာကျယ်ဝန်းသည့် စံပယ်ပန်းစိုက်ခင်းအတွက် အာမခံထားရှိခဲ့ပါသည်။ နိုဝင်ဘာလတွင် ရာသီဉတုကြောင့် စံပယ်ပန်း အချို့ ပျက်စီးခဲ့ရ ရာ အာမခံကုမ္ပဏီထံမှ ယွမ် သုံးထောင်ကျော်လျော်ကြေးရခဲ့ကြောင်း၊ ထိုသို့ရရှိရာတွင် လျှောက်ထားသည့် လုပ်ငန်းစဉ်ပင် မဆောင်ရွက်ခဲ့ရဘဲ မိမိဘဏ်စာရင်းသို့ တိုက်ရိုက်ရောက်ရှိလာကြောင်း သိရပါသည်။
စံပယ်ပန်းအာမခံမှာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံး စိုက်ပျိုးရေးလုပ်ငန်း ရာသီဉတုညွှန်းကိန်းအာမခံဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များမှာ အာမခံမူဝါဒကို အခြေခံထားပါသည်။
ဟန်ရှန်းစီရင်စုမှာ တရုတ်နိုင်ငံ၏ စံပယ်ပန်းအများဆုံးစိုက်ပျိုးပြုပြင်ထုတ်လုပ်သောနေရာဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန်ရှစ်သောင်းခန့်ထွက်ရှိကာ တစ်နိုင်ငံလုံး စံပယ်ပန်းထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်ရှိပါသည်။ ၎င်းစီရင်စု အား စံပယ်ပန်းများ၏ ဇာတိမြေအဖြစ် လူသိများပါသည်။ စံပယ်ပန်းအာမခံမှာ ရာသီဉတုဆိုးရွားမှုကြောင့် စံပယ်ပန်းပွင့်မှုအား ထိခိုက်ဆုံးရှုံးစေခဲ့ပါက ဒေသခံတောင်သူများအား ဘဏ္ဍာရေး ဆိုင်ရာလုံခြုံမှုရစေရန် ဆောင်ရွက်ပေး ခြင်းဖြစ်ပါသည်။
စံပယ်ပန်းစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းမှာ ဟန်ရှန်းစီရင်စု၏ ပင်မလုပ်ငန်း လည်းဖြစ်၊ ဒေသစီးပွားရေးနှင့်လည်း နီးကပ်စွာဆက်နွယ်နေကြောင်း၊ စံပယ်ပန်းများ၏ အရည်အသွေးမှာ ပန်းပွင့်ချိန်တွင် မိုးရွာသွန်းမှုနှင့် အများ ဆုံးဆက်စပ်နေကြောင်း၊ မိုးကောင်းစွာ ရွာသွန်းပါက စံပယ်ပန်းတစ်ကီလိုဂရမ်လျှင် ၂၈ ယွမ်ရကြောင်း၊ ရာသီဉတုအခြေအနေဆိုးပါက တစ်ကီလိုဂရမ်လျှင်ယွမ် ၂၀ မျှသာရကြောင်း၊ ယခုအခါ တောင်သူများ စံပယ်ပန်း စိုက်ပျိုးလိုစိတ် ဖြစ်ပေါ်လာစေရန် ၎င်းတို့အား သင့်တင့်လျောက်ပတ်စွာကာကွယ်ပေးမှုဖြင့် ပံ့ပိုးပေးနေပါကြောင်း၊ စိုက်ပျိုးသည့်လုပ်ငန်းစဉ်တွင် ကြုံတွေ့ရလေ့ရှိသော ဆုံးရှုံးနိုင်ခြေများကိုအာမခံဖြင့် ပံ့ပိုးပေးထားပါကြောင်း၊ ထိုသို့ဆောင်ရွက် ပေးခြင်းကြောင့် စံပယ်ပန်းစိုက်ပျိုးသည့်လုပ်ငန်းကိုရော၊ ဒေသစီးပွားရေးကိုပါ စိတ်ချ လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်လာစေကြောင်း China Pacific Insurance (Group) Co Ltd,၏ ကွမ်ရှီးဌာနခွဲ မှ လက်ထောက်အထွေထွေမန်နေဂျာ Liu Peizhi က ပြောကြားထားပါသည်။
အာမခံလုပ်ငန်းမှ ထုတ်ပြန်ချက်အရ စံပယ်ပန်းအာမခံစတင်ဆောင်ရွက်ပေး သည့် ပထမဆုံးနှစ်မှာပင် စံပယ်ပန်းစိုက်ခင်း ၇၅၈ မူကို အာမခံကလွှမ်းခြုံပေးနိုင်ခဲ့ပြီး အာမခံကာမိသည့် ပမာဏ ယွမ် ၂ ဒသမ ၂၈ သန်းထိရောက်ရှိခဲ့ ကာ၊ လျော်ကြေးပေးခဲ့မှုမှာ ယွမ် ၄၅၄၈၀ ရှိခဲ့ကြောင်း သိရပါသည်။
စံပယ်ပန်းအာမခံကဲ့သို့သော သီးနှံအာမခံများမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းကို ထိထိရောက်ရောက်တည်ငြိမ်စေလျက် ဒေသတွင်းစိုက်ပျိုးမှုများအား ခေတ်မီလာစေရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါသည်။
သမားရိုးကျအာမခံမှုမှာ ထုတ်လုပ်မှုဆုံးရှုံးနိုင်ခြေကိုသာ ခြုံငုံနိုင်သည့်အတွက် စံပယ်ပန်းအာမခံမှာ လစ်လပ်နေသောကွက်လပ်ကို ဖြည့်ဆည်းရာရောက်သည့်အတွက် အာမခံထုတ်ကုန်များတွင် တီထွင်ဆန်းသစ်မှုဟု ပြောနိုင် ကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေး လုပ်ငန်းအတွက် အာမခံပေးနိုင်မှု ပိုမိုကြွယ်ဝများပြားလာသည့်အပြင်၊ တီထွင်ဆန်းသစ်သည့် ဘဏ္ဍာရေးဆိုင်ရာထုတ်ကုန်များ ထပ်မံဖွံ့ဖြိုးတိုးတက်ရေးအတွက် မှီငြမ်းမှုပြုနိုင်သည့် အာမခံစနစ် တစ်ခုဖြစ်ကြောင်း ၊ အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများတွင် နိုင်ငံတကာအလေ့အထဖြင့် ကျင့်သုံးနေသည့် ညွှန်းကိန်းအာမခံများမှ အစဉ်မပြတ် စူးစမ်းလေ့လာထားမှုနှင့် ဘဏ္ဍာရေးတံခါးဖွင့်ပေးမှု၏ နမူနာကောင်းများ ဖြစ်ကြောင်း၊ စံပယ်ပန်း အာမခံကဲ့သို့ မိုးရွာသွန်းမှုအခြေအနေကြောင့် ပျက်စီးဆုံးရှုံးရသည့် ပမာဏများအား အတိအကျ မည်သို့တွက်ချက်ရမည်နည်းဟူသည်မှာ ခက်ခဲသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော ကိစ္စများတွင် တိကျ သည့် ရာသီဉတုအချက်အလက်များရရှိရန် မိုးလေဝသဌာနကဲ့သို့သော သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း China Banking and Insurance Regulatory Commissionမှ အရာရှိတစ်ဉီးဖြစ်သူ Hu Yingquan က မှတ်ချက်ပြုပြောကြားထားပါသည်။
ရင်းမြစ်၊ China Daily (၂၂-၁၀-၂၀၂၀)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့
