ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟန်ရှန်းစီရင်စုရှိ Lei Shuiping အမည်ရှိ စံပယ်ပန်းစိုက်ပျိုးသူတစ်ဉီးသည် သူမစိုက်ပျိုးခြံထွက်စံပယ်ပန်းများ၏ အလေး ချိန်ကိုချိန်ပြီးသည်နှင့် သူမ၏ဘဏ်စာရင်းအတွင်းသို့ ငွေမည်မျှဝင် ရောက်ကြောင်း သတင်းတို(message)ကို သူမ၏ ဖုန်းတွင်လက်ခံရရှိခဲ့ပါသည်။ ထိုသို့ ရောင်းဝယ်မှုအတွက် Digital Jasmineအမည်ရ အွန်လိုင်း platformကို အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။
၎င်း Digital Jasmine အွန်လိုင်း platformပေါ်တွင် စံပယ်ပန်းစိုက်ပျိုးသူ တောင်သူများမှ နေ့စဉ်လာရောက်ရောင်းချသည့် စံပယ်ပန်းများအပေါ် ပေးသည့်ဈေးနှုန်းမှာ နေ့စဉ်ရာသီဉတုအခြေအနေပေါ်မူတည်၍ အပြောင်းအလဲရှိပါ သည်။ ယေဘုယျအားဖြင့် နေပူသောနေ့များတွင် စံပယ်ပန်းမှာ အပွင့်ပိုကြီးပြီး ပိုမိုမွှေးသဖြင့်ဈေးပိုများပြီး၊ မိုးရွာ သောနေ့များတွင် ဈေးလျော့နည်းတတ်ပါသည်။
ယမန်နှစ်တစ်နှစ်လုံးတွင် ၎င်း platformပေါ်မှ စံပယ်ပန်း မက်ထရစ်တန်ချိန် ၃၅၀၀ ခန့်ကို ရောင်းချခဲ့ပြီး ယွမ်ငွေသန်း ၆၀ ခန့်ရရှိခဲ့ပါသည်။
Digital Jasmine အွန်လိုင်း platformအား စီရင်စုအစိုးရနှင့် China Construction Bank တို့ပူးပေါင်း၍ ယခင်နှစ် သြဂုတ်လမှ စတင်အသုံးပြုလာခြင်းဖြစ်ပါသည်။ ၎င်းဝန်ဆောင်မှု platformမှာ ဟန်ရှန်းစီရင်စုရှိ စံပယ်ပန်းစိုက်ပျိုး သူများနှင့် လက်ဖက်ခြောက်ကုမ္ပဏီများအတွက် ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးကို ခြုံငုံ မိစေရန် ဆောင်ရွက်ပေးထားပါသည် ။
၎င်း platformမှ ပေးသည့်ဝန်ဆောင်မှုများတွင် ကုန်စည်ခြေရာခံလိုက်ခြင်း၊ စိုက်ပျိုးနည်းလမ်းညွှန်များ၊ ထောက်ပို့သယ်ယူပို့ဆောင်ရေးခြေရာခံလိုက်ခြင်း၊ နောက်ဆုံးပေါ်မူဝါဒများအကြောင်း သတင်းအချက်အလက်များနှင့် ဈေးနှုန်း အညွှန်းကိန်းများ ပါဝင် ပါသည်။
၎င်း Digital Jasmine platformပေါ်မှ စီရင်စုတစ်ခုလုံး၏ အဖိုးတန်အချက် အလက်များကို ရရှိနိုင်ပြီး လုပ်ငန်းများအား ပိုမိုကောင်းမွန်သည့်မူဝါဒများဖြင့် အကူအညီပေးနိုင်ရန် ဆောင်ရွက်လာနိုင်ကြောင်း၊ ရေရှည်ဖွံ့ဖြိုး တိုးတက် မှုအတွက် စံပယ်ပန်းများအတွက် ပိုမိုတင်းကြပ်သောအရည်အသွေးထိန်းချုပ်မှုများဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စံပယ်ပန်းစိုက်ပျိုးပြုပြင်ထုတ်လုပ်သောလုပ်ငန်းအား ပိုမိုကောင်းမွန်သော အမှတ်တံဆိပ်များ၊ စိုက်ပျိုးရေး အခြေခံနှင့် စံပယ်ပန်းနှင့်ဆက်နွယ်သည့် ခရီးသွားလာမှုများ ဖွံ့ဖြိုးလာစေရန် ဆက်လက်တိုးချဲ့လုပ်ကိုင်သွားနိုင်မည်ဟုယုံကြည်ကြောင်း၊ ၂၀၂၁-၂၅ ငါးနှစ်စီမံကိန်းနှင့် ၂၀၂၆-၃၀ ငါးနှစ်စီမံကိန်းကြားကာလအတွင်း စံပယ်ပန်း ထုတ် လုပ်မှုအား နှစ်ဆတိုးမြှင့်သွားရန်မျှော်လင့်ကြောင်း၊ ယမန်နှစ်က ဤစီရင်စု၏ စံပယ်ပန်းထုတ်လုပ်မှုတန်ဖိုးမှာ ယွမ်ငွေ ၁၂ ဒသမ ၂ဘီလီယံရှိသော်လည်း စံပယ်ပန်းလုပ်ငန်းပေါ်တွင် စီရင်စုအစိုးရနှင့် ပန်းစိုက်တောင်သူများ လုံးလုံး လျားလျားမှီခိုရန် လုံလောက်သောပမာဏ မဟုတ်သေးကြောင်း စီရင်စုစံပယ်ပန်းလုပ်ငန်းဝန်ဆောင်မှုစင်တာမှ ညွှန်ကြားရေးမှူး Lu Hongjianက မှတ်ချက်ပြုပြောကြားပါသည်။
ဘဏ်မှကမ်းလှမ်းဆောင်ရွက်ပေးသော ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှု၊ ကြိုတင်ငွေပေးချေမှုနှင့် ငွေပေးချေသည့်နည်းလမ်းတို့မှာ စံပယ်ပန်းလုပ်ငန်း၏ ဖွံ့ဖြိုးမှုကိုများစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ စီရင်စုအတွင်းရှိ စံပယ်ပန်းစိုက် တောင်သူ သုံးသိန်းကျော်တို့အား အကျိုးဖြစ်ထွန်းစေကြောင်း ညွှန်ကြားရေးမှူး Luက ဖြည့်စွက်ပြောကြားထားပါသည်။
ဟန်ရှန်းစီရင်စုတွင် ယခင်နှစ်အတွင်း စံပယ်ပန်းစိုက်ပျိုးမြေပေါင်း ဟက်တာ ၇၅၃၃ ရှိခဲ့ကာ၊ စိုက်ပျိုးသူပေါင်း ၃၃၀၀၀၀ နှင့် စံပယ်ပန်းထုတ်လုပ်နိုင်မှု တန်ချိန် ကိုးသောင်းရှိခဲ့ပါသည်။ ၎င်းစီရင်စုတွင် စံပယ်ပန်းလက်ဖက်ခြောက် ထုတ်လုပ်သည့် ကုမ္ပဏီ ပေါင်း ၁၃၀ ခန့်ရှိကာ နှစ်စဉ်စုစုပေါင်းထုတ်လုပ်မှု တန်ချိန် ၇၈၀၀၀ ခန့်ရှိပါသည်။
ယမန်နှစ်အတွင်း အစိုးရက ရွာသားများအား စမတ်ဖုန်းပေါ်တွင် platform အား မည်ကဲ့သို့ အသုံးပြုရမည်ကို အခမဲ့သင်တန်းများပေးခဲ့ရာ၊ ကုန်သွယ်မှုပြုရာတွင် အမှန်တကယ် လွယ်ကူစိတ်ချလုံခြုံစေကြောင်း သိရပါသည်။
ရင်းမြစ်၊ China Daily (၂၁-၁၀-၂၀၂၀)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့
