Main menu

Background

ကပ်ရောဂါအားအဆုံးသတ်စေရန် စားသောက်ကုန်ဘေးကင်းလုံခြုံရေးကို ဉီးစားပေးသွားမည့် တရုတ်နိုင်ငံ

Mon, 11/09/2020 - 11:13 -- journal_editor

တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း တရုတ်နိုင်ငံတစ်ဝန်း၌  ဆိုင်ထိုင်စားသောက်မှုများ ပြန်လည်ခွင့်ပြုနေချိန်တွင် စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံက ပိုမိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ကမ္ဘာတစ်ဝန်းတွင် COVID-19ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားနေဆဲဖြစ်သည့်အပြင် ပြည်ပမှစားသောက်ကုန်ပြုပြင်ထုတ်လုပ်သူလုပ်ငန်းစုအချို့တွင်လည်း ကပ်ရောဂါဖြစ်ပွားနေသည့် အစီရင်ခံမှုများကြောင့် အအေးခန်းကွင်းဆက်ဖြင့် ထုတ် လုပ်သည့်ကုန်စည်များ အပေါ် နီးနီးကပ်ကပ်စောင့်ကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ပြည်ပမှတင်သွင်းသည့် အစားအသောက်များမှ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေအား ကာကွယ်သည့်ဆောင်ရွက်မှုတစ်ရပ်အနေဖြင့် ဇူလိုင်လအတွင်း အီကွေဒေါနိုင်ငံမှ ပုစွန်ထုတ်လုပ်သူသုံးဉီးထံမှ တင်သွင်းမှုအား တရုတ်အကောက်ခွန် ဌာနက ရပ်ဆိုင်းခဲ့ပါသည်။  ၎င်းထုတ်လုပ်သူသုံးဉီးထံမှ တင်ပို့သော အေးခဲထားသည့်ရေထွက်ကုန်များအား ထုပ်ပိုးထား သည့် ပစ္စည်းများ၏ အတွင်းပိုင်းနံရံများနှင့် ပြင်ပအခွံများအပေါ်တွင် ဗိုင်းရပ်စ်ပိုးများကို တွေ့ရှိခဲ့ပြီးနောက် ထိုပစ္စည်းများအားလုံးအား ပြန်ပို့ရန် (သို့မဟုတ်) ဖျက်ဆီးပစ်ရန် အကောက်ခွန်အာဏာပိုင်များက အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

၎င်းကုန်ပစ္စည်းများမှ လူများသို့ ဗိုင်းရပ်စ်ရောဂါကူးစက်နိုင်ကြောင်း စစ်ဆေး သည့်ရလဒ်မရှိသေးသော်လည်း ၎င်းကုမ္ပဏီများ၏ စားသောက်ကုန်ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းများတွင် လိုအပ်ချက်များရှိနေသေးသည်ကို ဖော်ပြနေကြောင်း အကောက်ခွန်ဌာန၏ သွင်းကုန်ပို့ကုန်စားသောက်ကုန်ဘေးကင်းလုံခြုံရေးဗျူရိုမှ အကြီး အကဲ Bi Kexinက ပြောကြားထားပါသည်။

ပြည်ပမှ တင်သွင်းသော စားသောက်ကုန်များနှင့် ပြည်တွင်း၌ ထုတ်လုပ်သော စားသောက်ကုန်များ နှစ်ရပ်လုံးအပေါ် စားသောက်ကုန်ဘေးကင်းလုံခြုံစေရေးအတွက် အားအကောင်းဆုံး စီမံဆောင်ရွက်မှုများဖြင့် ဆောင်ရွက်လာချိန်တွင် လိုက်နာရန် ပျက်ကွက်သူများနှင့် ဉပဒေချိုးဖောက်သူများအား အပြင်းထန်ဆုံးအရေးယူမှုများ ဆောင်ရွက်သွားရန်နှင့် ထိရောက်မှုအရှိဆုံး တာဝန်ယူမှု တာဝန်ခံမှုများ ၊ အတင်းကြပ် ဆုံးစံချိန်စံညွှန်းများဖြင့် ဆောင်ရွက်သွားမည်ဟု သိရပါသည်။

အရှိန်ပြင်းလာသည့်  ကုန်ပစ္စည်းစစ်ဆေးမှုများ

ပြည်ပမှဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်ခံရမှုအား ဖြတ်တောက်ရန် အအေးခန်းဖြင့် တင်သွင်းလာသည့် အစားအစာများအပေါ် စမ်းသပ်စစ်ဆေးမှုများအား တရုတ်နိုင်ငံက အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ စက်တင်ဘာ ၁၅ ရက်တွင် တရုတ်အကောက်ခွန်ဌာနက နိုင်ငံခြားမှ အအေးခန်းဖြင့် အစားအစာတင်ပို့ရောင်းချသည့် ကုမ္ပဏီ ၅၆ ခုတို့အား ယာယီဆိုင်းငံ့ခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက်မျှဝေမှုများအား လွယ်ကူလျင်မြန်စေရန် ယန္တရားများကိုလည်း တည်ထောင်ထားကာ  ပြဿနာတစ်စုံတစ်ရာရှာတွေ့သည်နှင့် အလျင်အမြန်ဆောင်ရွက်မှုပြုရန် လက်လီစားသောက် ကုန်ရောင်းချသူများအား အမိန့်ပေးထားပါသည်။

စားသောက်ကုန်ဘေးကင်းလုံခြုံရေးအတွက် စီမံကြီးကြပ်မှုများနှင့်စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသော်လည်း  တရုတ်နိုင်ငံ၏တံခါးဖွင့်မူဝါဒ၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုအား မြှင့်တင်သွားရန်နှင့် ပြည်ပမှတင်သွင်းမှုများအား ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါသည်။

တရားဝင်စာရင်းများအရ ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စားသောက်ကုန်နှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာသွင်းကုန်များ တင်သွင်းမှုမှာ COVID-19ကပ်ရောဂါဖြစ်ပွားနေ သော်လည်း လျင်မြန်စွာတိုးတက်လာကြောင်းတွေ့ရပါသည်။ ယခုနှစ်ပထမငါးလအတွင်း လယ်ယာထွက်ကုန်များတင်သွင်းခဲ့မှုမှာ ယခင်နှစ်ကထက် ကိုးရာခိုင်နှုန်းပိုမိုမြင့်တက်လာပါသည်။

 ဘေးအန္တရာယ်ဖြစ်နိုင်ခြေများ လျှော့ချခြင်း

လူဉီးရေ ၁ ဒသမ ၄ ဘီလီယံရှိသည့် တရုတ်နိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူတစ်ဉီးချင်း၏ အစားအစာ ဘေးကင်းစိတ်ချလုံခြုံစေရေးစီမံကြီးကြပ်ရန်  ပြည်သူ့ကျန်းမာရေးတွင် အစားအစာဘေးကင်းစိတ်ချလုံခြုံစေ ရေး အား အဆင့်တိုင်း၌ ဉီးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကာ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများအားလုံး အားလျှော့ချသွားရန် ပိုမိုအားထုတ် ကြိုးပမ်းသွားရန် တိုက်တွန်းထားပါသည်။

လက်ရှိအချိန်အထိ COVID-19 ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်သည့်အားဖြင့် တိရစ္ဆာန်ရိုင်းများ တရားမဝင်ရောင်းဝယ်မှုများနှင့် စားသုံးမှုများကို တရုတ်နိုင်ငံက တားမြစ်ထားပြီး ဝန်ထမ်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ကုန်စည် သယ်ယူပို့ဆောင်မှုများအား ကာကွယ်ပေးကာ  သဘာဝစားသောက်ကုန်လုပ်ငန်းများအား တင်းကြပ်စွာကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

အအေးခန်းစနစ်ဖြင့် ထုတ်လုပ်သယ်ယူပို့ဆောင်ရသည့် စားသောက်ကုန် ထောက်ပို့သယ်ယူပို့ဆောင်မှုကွင်းဆက်များမှာလည်း  အာရုံစိုက်ခံလာရပါသည်။ ၎င်းကဏ္ဍအား စည်းမျဉ်းများဖြင့် ထိန်းကျောင်းကြပ်မတ်သွားရန် ထုတ် လုပ်မှု၊ ပြုပြင်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ရောင်းချမှုများအပါအဝင် အအေးခန်းအစားအစာကွင်းဆက်အားလုံးအတွက် အမျိုးသားအဆင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

စားသောက်ကုန်ဘေးကင်းစိတ်ချလုံခြုံစေရေးကာကွယ်ရန် အတင်းကြပ်ဆုံး စီမံဆောင်ရွက်မှုများကို ချမှတ်ဆောင်ရွက်နေစဉ်အတွင်း ပိုမို၍တညီတည်းဖြစ်ပြီး စီမံကြီးကြပ်နိုင်သည့်စနစ်တစ်ခုအား  တည်ထောင်သွားရန် တရုတ် နိုင်ငံက တောင်းဆိုထားပါသည်။

ရင်းမြစ်၊ China Daily (၂၇-၁၀-၂၀၂၀)

 ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့