Main menu

Background

အိန္ဒိယနိုင်ငံ၏ အောက်တိုဘာလ ပြည်ပပို့ကုန်တန်ဖိုး ကျဆင်းခဲ့ခြင်း

Mon, 11/09/2020 - 12:24 -- journal_editor

အိန္ဒိယနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ပြည်ပကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်နှင့်သွင်းကုန် ကဏ္ဍ နှစ်ရပ်လုံး၌ ကျဆင်းခဲ့ပြီး တိုးတက် မှုနှုန်းမှာ အနှုတ်လက္ခဏာဆောင်ခဲ့ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန၏ ၃-၁၁-၂၀၂၀ နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ အောက်တိုဘာလအတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၄ ဒသမ ၈၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၃ ဒသမ ၆၀ ဘီလီယံ ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ရာတွင် တိုးတက်မှုနှုန်းမှာ ပို့ကုန်၌ အနှုတ် ၅ ဒသမ  ၄၀ ရာခိုင်နှုန်းနှင့် သွင်းကုန် တွင် အနှုတ် ၁၁ ဒသမ ၅၆% ဖြစ်ပေါ်ခဲ့ ကြောင်း၊ သို့ရာတွင် ယခုနှစ် အောက်တိုဘာလ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၈ ဒသမ ၇၈ ဘီလီယံသည် ယခင်နှစ်ကာလတူရှိ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၁ ဒသမ ၇၆ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ၂၅ ဒသမ ၃၄ ရာခိုင်နှုန်း အထိ  လျော့ချနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပို့ကုန်ကဏ္ဍ၌ ရေနံထွက်ကုန်များ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာပစ္စည်းများ၊ သားရေထည်နှင့် အင်ဂျင်နီယာလုပ်ငန်းသုံးပစ္စည်းများ တင်ပို့မှုလျော့နည်းခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ၊ ဆန်နှင့် ဓာတုပစ္စည်းများကို ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သွင်းကုန်ကဏ္ဍတွင် ကျောက်မျက်ရတနာ၊ ဓာတ်မြေဩဇာ၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ စီမံကိန်းလုပ်ငန်း ပစ္စည်းများ၊ ရွှေ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုတင်သွင်းလျက် ငွေထည်ပစ္စည်း၊ ပုံနှိပ်ပစ္စည်း၊ ပဲမျိုးစုံ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ သစ်နှင့် သစ်အခြေခံကုန်စည်များ၊ ဓာတုပစ္စည်းများနှင့် ရေနံထွက်ကုန်များအား လျော့နည်း၍ တင်သွင်းခဲ့ကြောင်း၊ အထူးသဖြင့် ရေနံထွက်ကုန်များတင်သွင်းမှုမှာ တန်ဖိုးအား ဖြင့် ယခင်နှစ်ကာလတူ အောက် ၃ ဒသမ ၇၄၇ ဘီလီယံ လျော့ကျခဲ့ကြောင်း ဖော်ပြပါသည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များ အသင်းချုပ် (FIEO) ၏ ဥက္ကဋ္ဌ Mr. Sharad Kumar Saraf က အိန္ဒိယဆိပ်ကမ်းများ၌ ကုန်စည်ပို့ဆောင်ရန် ကွန်တိန်နာများ ပြတ်လပ်မှုနှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ခများ မြင့်တက် လာမှုတို့သည် ပို့ကုန်တန်ဖိုးကျဆင်းရသည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း၊ အထူးသဖြင့် CIF (Cost, Insurance, Freight) သို့မဟုတ် C&F (Cost and Freight) စနစ်များဖြင့် ကုန်စည်တင်ပို့သည့် လုပ်ငန်းများမှာ ကျဆင်းမှု များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် အောက်တိုဘာလအတွင်း ကုန်းတွင်းပိုင်း ပြည်နယ်အချို့၌ လယ်သမားများ၏ ဆန္ဒပြမှုများကလည်း ပို့ကုန်လုပ်ငန်းများအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ သို့ရာတွင် အမေရိ ကန်နိုင်ငံ၌ ရွေးကောက် ပွဲလုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ပြီး အိန္ဒိယ၏ စီးပွားရေးပြန်လည်နိုးထလာမှုနှင့်အတူ  ရှေ့လာမည့် ခရစ်စမတ်နှင့်နှစ်သစ်ကူး ရာသီကာလအတွက် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းရရှိနိုင်မှု မေးမြန်းစုံစမ်းမှုများနှင့် အမှာစာများအား လက်ခံရရှိလာမှုက အပြုသဘောဆောင်ရှုမြင်မှုကို ဖြစ်ပေါ်စေကြောင်း ပြောကြားပါသည်။

အိန္ဒိယပြည်ပို့ကုန်မြှင့်တင်ရေးကောင်စီ၏ ဥက္ကဋ္ဌ Mr. Mohit Singla ကလည်း သမားရိုးကျကုန်စည်များအား တင်ပို့နိုင်မှု ကျဆင်းလျက်ရှိသော်လည်း ယခုနှစ်၌ သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့်အတူ ကမ္ဘာ့ဝယ်လိုအားရှိနေ သည့် အိန္ဒိယလယ်ယာထွက်ကုန်များကို တိုးမြှင့် တင်ပို့နိုင်ဖွယ်ရှိသည်ဟု ပြောဆိုကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. India’s Merchandise Trade: Preliminary Data, October 2020, Ministry of Commerce & Industry, 3 Nov 2020, Press Information Bureau of India

                   2. India's exports dip 5.4% in October, trade deficit narrows to $8.78 billion, 3 Nov 2020, Economic Times