Main menu

Background

အိန္ဒိယနိုင်ငံ၌ ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု ဝယ်ယူရေးအညွှန်းကိန်းများ မြင့်တက်ခဲ့ခြင်း

Mon, 11/09/2020 - 12:30 -- journal_editor

လန်ဒန်မြို့အခြေစိုက် စီးပွားရေးရာလေ့လာဆန်းစစ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် IHS Markit ကထုတ်ပြန်ခဲ့သော အချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွက် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ဆိုင်ရာ ဝယ်ယူရေး စီမံခန့်ခွဲသူများ အညွှန်းကိန်း Purchasing Managers’ Index (PMI) များ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း သည် ၅၆ ဒသမ ၈ ရှိရာမှ အောက်တိုဘာလ၌ ၅၈ ဒသမ ၉ မှတ်သို့ ဆက်လက်မြင့်တက်ခဲ့ပြီး ဝန်ဆောင်မှု PMI အညွှန်းကိန်းသည်လည်း ယခင်လ ၌ ၄၉ ဒသမ ၈ ရှိရာမှ အောက်တိုဘာ လတွင် ၅၄ ဒသမ ၁ သို့ မြင့်တက်လာ ခဲ့သည်။ ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု ကဏ္ဍနှစ်ရပ် ပေါင်း PMI အညွှန်းကိန်းမှာ စက်တင်ဘာ လ၌ ၅၄ ဒသမ ၆ မှတ်ရှိရာမှ အောက်တိုဘာတွင် ၅၈ မှတ် သို့ တိုးတက်ခဲ့သည်။ PMI အညွှန်းကိန်း ၅၀ အထက်သည် စီးပွားရေးလုပ်ငန်း ဆောင် ရွက်မှုများ ဆက်လက်တိုးချဲ့နေကြောင်း ညွှန်ပြပြီး ၅၀ မှတ် အောက်၌တည်ရှိမှုမှာလုပ်ငန်းများ ကျဉ်းမြောင်းကျုံ့ဝင်မည့်အခြေအနေဖြစ်ပါသည်။ 

အိန္ဒိယနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ၌ ရောင်းအားများတိုးတက်မှုနှင့်အတူ ထုတ်လုပ် မှုပမာဏမှာလည်း တိုးတက်ပြီး ၂၀၀၇ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် PMI အညွှန်းကိန်း မြင့်တက်မှု အလျင်မြန်ဆုံးအခြေအနေသို့ ရောက်ရှိခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီလုပ်ငန်းများအနေဖြင့် သွင်းအားစုကုန်ပစ္စည်းများကို ပြန်လည်စုဆောင်းဝယ်ယူလာကြခြင်းက ရှေ့လာမည့်ကာလများတွင် ရောင်းအားပိုမိုကောင်းမွန်လာမည်ဟူ၍ ခိုင်မာစွာယုံကြည်မှုရှိလာခြင်းကို ညွှန်ပြလျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုအပိုင်း၌ လူသုံးကုန်နှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ ကုန်ပစ္စည်းများထက် အလယ်အလတ်အဆင့် ကုန်ကြမ်းပစ္စည်းများ (intermediate goods) ဝယ်ယူမှုက PMI အညွှန်းကိန်းမြင့်တက်လာသည့် အဓိကအချက်ဖြစ်ကြောင်း IHS Markit က ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍရှိ ဝယ်ယူရေးဆိုင်ရာ စီမံခန့်ခွဲသူများ၏ အညွှန်းကိန်း (Services PMI) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးထိန်းချုပ်ရန်အတွက် တစ်နိုင်ငံလုံး ၌ အသွားအလာများ တားမြစ်ကန့်သတ် လိုက်ချိန်မှစတင်၍ ၈ လဆက်တိုက် ကျဆင်းကျုံ့ဝင်ခဲ့ရာမှ အောက်တိုဘာလတွင် ပထမဆုံးအကြိမ်အဖြစ် တိုးတက်ကောင်းမွန်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယအစိုးရ၏ Covid-19 ဆိုင်ရာ တားမြစ်ကန့်သတ်ချက် များအား ဖြေလျော့မှုပြုခဲ့ခြင်းမှ အကျိုးဆက်အားဖြင့် ဝန်ဆောင်မှုကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်နိုးကြွလာခြင်းဖြစ်ကြောင်း၊ ပြည်ပမှဝယ်လိုအားများ လျော့နည်းကျဆင်းနေချိန်၌ ဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးလုပ် ဆောင်မှုများ တိုးတက်လာသည့်အချက်က ပြည်တွင်း ဈေးကွက်သည် အဓိက အထောက်အပံ့ပေးသည့် အရင်းအမြစ်ဖြစ်သည်ကို ညွှန်ပြလျက်ရှိ ကြောင်း၊ သို့ရာတွင် အောက်တို ဘာလအတွင်း ဝန်ဆောင်မှုကဏ္ဍမှ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှုမှာ နည်းပါးသည့် အခြေအနေ ဆက်လက်ဖြစ်ပေါ်နေခဲ့ကြောင်း၊ ခွင့်ယူထား ခဲ့ကြသော အလုပ်သမားအများစုသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မှုမရှိသေးဟု အိန္ဒိယလုပ်ငန်းများက စစ်တမ်းကောက်ယူမှု အပေါ် ဖြေကြားခဲ့ကြကြောင်း၊ Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရွံ့မှုများရှိနေသေးသဖြင့် လိုအပ်သော လုပ်သားအင်အားကို လွယ်ကူစွာ ငှားရမ်းနိုင်မှုမရှိခြင်းက အောက်တိုဘာလ၌ လုပ်ခလစာပေးချေရမှုမှာ ဝန်ဆောင်မှုကဏ္ဍ အောက်ရှိ လုပ်ငန်းကဏ္ဍခွဲ ၅ ခုလုံးတွင် ကျုံ့ဝင်ကျဆင်းမှု ဖြစ် ပေါ်ခဲ့ကြောင်းဖြင့် IHS Markit သုတေသနအဖွဲ့အစည်းက ၄-၁၁-၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့ပါ သည်။

ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကန့်သတ်တားမြစ်ထားမှုများအား ဖြေလျော့ပေးခဲ့ခြင်းက ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ PMI အညွှန်းကိန်းများအကြား ကွာဟချက်ကို ကျဉ်းမြောင်းစေခဲ့ခြင်းဖြစ်ပြီး စီးပွားရေးပြန် လည်နာလန်ထူ ကောင်းမွန်လာစေရေးအတွက် ဟန်ချက်ညီမျှသည့် လုပ်ဆောင်မှုများ ပြုလုပ်ရန်လိုအပ်မည်ဟု Barclays အကဲဖြတ် သုတေသနအဖွဲ့မှ စီးပွားရေးပညာရှင် Mr. Rahul Bajoria က ပြောဆိုကြောင်းနှင့် အိန္ဒိယနိုင်ငံရှိ ဝန်ဆောင်မှုကဏ္ဍမှ လုပ်ငန်းရှင်များကမူ Covid-19 ရောဂါကာကွယ်ဆေး ထွက်ပေါ်ရန် မျှော်လင့်ချက်နှင့်အတူ ရှေ့လာမည့် ၁၂ လ အတွင်း စီးပွားရေးလုပ်ဆောင်မှုများ ဆက်လက်တိုးတက်ရန် အပြု သဘောရှုမြင်မှုများရှိနေကြ ကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး ၊မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. India's manufacturing PMI rises to decade high amid Covid-19 pandemic, 3 Nov 2020, Business Standard

                   2. India's services activity grows in October after eight months of contraction, 5 Nov 2020, Economic Times