Main menu

Background

ပြည်တွင်းတွင် ပဲပုပ်ဈေးများမြင့်တက်နေသည့်အတွက် ပြည်ပမှမှာယူတင်သွင်းသွားမည်ဖြစ်ကြောင်း ဘရာဇီးလ်သမ္မတ Bolsonaro ပြောကြား

Tue, 11/10/2020 - 12:48 -- journal_editor

ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၉ ရက်။

ပဲပုပ်စေ့အများဆုံး စိုက်ပျိုးထုတ်လုပ်တင်ပို့သည့် ဘရာဇီးလ်နိုင်ငံသည် ပဲပုပ်စေ့နှင့်ဆန်တို့၏ ပြည်တွင်းဈေးနှုန်းများမြင့်တက်နေမှုကြောင့် ပြည်ပမှမှာယူတင်သွင်းသွားမည်ဖြစ်ကြောင်း သမ္မတ Bolsonaro က ပြောကြားခဲ့သည်။

ပြည်တွင်းဆန်ဈေးနှုန်းများမြင့်တက်ခဲ့သဖြင့် အမေရိကန်နိုင်ငံမှ ဆန်တန်ချိန် ၄၀၀၀၀၀ အား တင်သွင်းခဲ့ရကြောင်း၊ ပဲပုပ်စေ့ကိုလည်း မှာယူတင်သွင်းသွားရန် စီစဉ်လျက်ရှိကြောင်း၊ ပဲပုပ်စေ့ဆီကို မှာယူတင်သွင်းခြင်းကလည်း ဈေး နှုန်းများ အဆမတန်မြင့်တက်နေမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ဈေးကွက်သို့ ဝင်ရောက်ထိန်းချုပ်ခြင်းအား ဆောင်ရွက်မည်မဟုတ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

သို့ရာတွင် မှာယူတင်သွင်းမည့် ပဲပုပ်စေ့တန်ချိန်ပမာဏနှင့် မည်သည့်နိုင်ငံမှတင်သွင်းသွားမည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။ ထို့အပြင်ဆန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အကောက်အခွန်ကင်းလွတ်ခွင့်ဖြင့် လက် တင်အမေရိကအဖွဲ့ဝင်နိုင်ငံများ(Mercosur)အား တင်သွင်းခွင့်ပြုမည့် ဆန်ကိုတာပမာဏသတ်မှတ်ချက်နှင့်ပတ်သက်၍လည်း တိကျစွာဖော်ပြခဲ့ခြင်းမရှိပေ။ ပြည်တွင်းဈေးကွက်ရှိ ဆီထွက်သီးနှံများ၏ ဈေးနှုန်းများမှာလည်း တဖြေး ဖြေး မြင့်တက်လျက်ရှိသည်။

အစိုးရ၏ စာရင်းဇယားထုတ်ပြန်ကြေညာချက်များအရ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဘရာဇီးလ်နိုင်ငံသည် ပဲပုပ်စေ့တန်ချိန် ၅၂၈,၀၀၀ တင်သွင်းခဲ့ရ သည်။ ပဲပုတ်စေ့အား လက်တင်အမေရိကအဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းခဲ့ရာ အများစုကို ပါရာဂွေးနိုင်ငံမှမှာယူတင်သွင်းခဲ့သည်။ အဆိုပါကာလတွင် ဆန်တင်သွင်းမှုမှာ တန်ချိန် ၅၄၂၀၀၀ ရှိခဲ့ပြီး ပါရာဂွေးနိုင်ငံမှ ဆန်တန်ချိန် ၃၈၀၀၀၀ ၊ ဥရုဂွေးနိုင်ငံမှ ဆန်တန်ချိန် ၁၀၃၀၀၀ တို့အပြင် အမေရိကန်နိုင်ငံတို့မှ လည်းမှာယူတင်သွင်းခဲ့သည်။

ဘရာဇီးလ်နိုင်ငံသည် လက်တင်အမေရိကအဖွဲ့ဝင်နိုင်ငံမဟုတ်သည့်နိုင်ငံများမှ ပဲပုပ်စေ့နှင့်ပြောင်းဖူးစေ့တင်သွင်းမှုနှင့်ပတ်သက်၍ အခွန်ကောက်ခံမှုကို ပယ်ဖျက်ပေးခဲ့ရာ ရောင်းဝယ်တင်သွင်းမှုများပိုမိုများပြားလာခဲ့သည်။ အမေရိ ကန်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံသို့ ပဲပုပ်စေ့နှင့်ပြောင်းဖူးစေ့ အဓိကတင်သွင်းသူ ဖြစ်လာမည့်အခြေအနေရှိနေသည်။ လက်တင်အမေရိကအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ကုန်ပစ္စည်းများ တင်ပို့တင်သွင်းရာတွင် အခွန်ကောက်ခံမှု မရှိပေ။

ပြီးခဲ့သည့်သတင်းပတ်က ဘရာဇီးလ်နိုင်ငံသို့ အမေရိကန်နိုင်ငံမှ အနည်းဆုံး ပဲပုတ်စေ့ကွန်တိန်နာသင်္ဘောတစ်စီးစာအား ရောင်းချထားပြီး ယခုနှစ်ကုန်ပိုင်းတွင် တင်ပို့သွားမည်ဖြစ်ကြောင်း  စိုက်ပျိုးရေးထွက်ကုန်ရောင်းဝယ်ရေးနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အကြံပေးလုပ်ငန်းဆောင်ရွက်နေသည့် StoneX ၏ ဖော်ပြချက်အပေါ်တွင် သတင်းများ၌ ရေးသားခဲ့သည်။

သို့ရာတွင် ဘရာဇီးလ်နိုင်ငံရှိ ဟင်းသီးဟင်းရွက်စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းရှင်များအသင်းက အဆိုပါသတင်းနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန၏ မေးမြန်းချက်အပေါ် အတည်ပြုပြောကြားခြင်း မရှိပေ။

အမေရိကန်နိုင်ငံမှဘရာဇီးလ်နိုင်ငံသို့ ပဲပုတ်စေ့တင်သွင်းနိုင်ရန် ချိတ်ဆက် ဆောင်ရွက်နေသည့် ကုမ္ပဏီအများအပြားရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များအသင်း ဥက္ကဌ André Nassar က အတည်ပြုပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံအတွင်း ပဲပုပ်စေ့မျိုးများ အမျိုးမျိုးကွဲပြားနေမှုနှင့် ပတ်သက်၍ ပို့ကုန်ဈေးကွက်များတွင် အဓိကပြိုင်ဘက်ဖြစ်သည့် အမေရိကန်နိုင်ငံမှ ပဲပုပ်စေ့တင်သွင်းရာတွင် ဘရာဇီးလ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ ခွင့်ပြုထားသည့် ပဲပုပ်စေ့ မျိုးဗီဇဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ အဓိက ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ကြောင်းကို Nassar က သတိပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်မှုနှင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှု တို့ကြောင့် ပြည်ပသို့ပဲပုပ်စေ့အမြောက်အမြားတင်ပို့ခဲ့ရာ ပြည်တွင်းတွင် ပဲပုပ်စေ့ ပြတ်လပ်ခဲ့ရသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံမှတင်သွင်းမည့် ပဲပုပ်စေ့များကို ပြည်တွင်းတွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြန်လည်ထုတ်လုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဘရာဇီးလ်နိုင်ငံ၏အခြေအနေသည် လာမည့်နှစ် ပဲပုပ်စေ့ရိတ်သိမ်းချိန် ကာလဖြစ်သည့် ဇန်နဝါရီလအထိ သိုလှောင်ရုံ အလွတ်အနေအထားဖြင့် စောင့်ဆိုင်းနေရအုံးမည်ဖြစ်သည်။

ပဲပုပ်စေ့သည် ဘရာဇီးလ်နိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်ပြီး ပဲပုပ်စေ့မှ စားသုံးဆီထုတ်လုပ်ခြင်း၊ တိရစ္ဆာန်အစာထုတ်လုပ်ခြင်းနှင့် ဇီဝလောင်စာဆီ ထုတ်လုပ်ခြင်းတို့အတွက်လည်း ပြည်တွင်းတွင်သုံးစွဲမှုအလွန်များပြားသည်။ သို့ရာ တွင် ပြည်တွင်းထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်အိတ်လျှင် ၁၆၀ ဟဲရာနှုန်းဖြင့် စံချိန်တင် မြင့်မားလျက်ရှိနေသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

သတင်းရင်းမြစ်  - Bolsonaro says Brazil is importing soybeans due to high prices

                        (https://br.investing.com/news/commodities-news/ bolsonaro-diz-que-brasil-esta-importando-soja-porque-preco-esta-subindo-797562)