Main menu

Background

အမေရိကန်နှင့်ပတ်သက်၍ မရေရာမသေချာမှုများဖြစ်ပေါ်နေမှုနှင့်အတူ မေလမှစ၍ ဘရာဇီးလ် ဟဲရာနှင့် လဲလှယ်ရာတွင် အမေရိကန်ဒေါ်လာတန်ဖိုး အမြင့်ဈေးများဖြင့်ဈေးပိတ်ခဲ့

Tue, 11/10/2020 - 13:19 -- journal_editor

ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်၏ အမေရိကန် တစ်ဒေါ်လာငွေလဲနှုန်းမှာ ဘရာဇီးလ်ဟဲရာ(real) ၅ ဒသမ ၆၈၂၅ ဖြစ်ရာ ယခင်နေ့ကထက် ၁ ဒသမ၂၅ ရာခိုင်နှုန်း အတက်ဖြင့် ဈေးကွက်ပိတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မေ ၂၀ ရက် နောက်ပိုင်းတွင် ငွေကြေးတန်ဖိုး အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။

ဘရာဇီးလ်နိုင်ငံငွေကြေးဟဲရာနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာတန်ဖိုးသည် အောက်တိုဘာ ၂၇ ရက်တွင် တဟုန်ထိုးမြင့်တက်ခဲ့ရာ ပြီးခဲ့သည့်ငါးလတာကာလအတွင်း အမြင့်ဆုံးအမှတ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ဖြစ်ပေါ်ရခြင်း မှာ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လျက်ရှိရာ ဘရာဇီးလ်နိုင်ငံ၏စီးပွားရေးအပေါ်သို့လည်း ရိုက်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လက်ရှိအမေရိကန်သမ္မတ Donald Trump နှင့် ၎င်း၏ဒီမိုကရက်တစ်ပြိုင်ဘက် Joe Biden တို့အား ကမ္ဘာ့တစ်ဝှမ်းလုံးရှိ ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည်လျက်ရှိသည်။ ၎င်းရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ရွေးကောက်ပွဲပြီး နောက် အခွန်သက်သာခွင့်ရရှိနိုင်မည့် လမ်းစ များကို ရှာဖွေလျက်ရှိသည်။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာသူများအား ပြန်လည်ကုစားပေးသည့် အစီအစဉ်သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း ကိုဗစ်တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်အတွက် သမ္မတအိမ်ဖြူတော်နှင့် လွှတ်တော်အရာရှိများအကြားတွင် လအနည်းငယ်ကြာသည်အထိ ညှိနှိုင်းဆွေးနွေးခဲ့ရသည်။ အလုပ်အကိုင်နှင့်စီးပွားရေးလုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမည့် အပေါ်တွင် သံသယများမြင့်တက်လျက်ရှိသည်။

နိုဝင်ဘာ ၃ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲနောက်ပိုင်းတွင် စီးပွားရေးဆိုင်ရာ ကုစားမှုအစီအစဉ်များအား ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းအစီအစဉ်နှင့် ပတ်သက်၍ ဒီမိုကရက်တစ်ဥပဒေပြုအဖွဲ့နှင့် သမ္မတ Trump ၏ ရီပတ်ဘလစ်ကန်လွှတ်တော် အမတ်များအကြားတွင် သဘောထားကွဲလွဲမှုများရှိနေသည့်အတွက် ဆက်လက်ညှိနှိုင်း ဆွေးနွေး ရဦးမည်ဖြစ်ကြောင်း သမ္မတ Trump က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံတွင် စီးပွားရေးဆိုင်ရာဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သည့်အခြေအနေများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း၊ နိုင်ငံခြားငွေရောင်းဝယ်သည့်ဈေးကွက်တွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းတို့ကို နိုင်ငံခြားငွေ ရောင်းဝယ်ရေးမန်နေဂျာ Reginaldo Galhardo က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ကူးစက်မှုများ ပိုမိုများပြားလာသဖြင့် နေထိုင်သွားလာမှုစည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ်လာမှုအပေါ် စိုးရိမ်စိတ်များ မြင့်တက်လျက်ရှိသည်။ ထို့အပြင် ဥပရောပနိုင်ငံများ တွင် ကိုဗစ်ရောဂါကူးစက်မှုများ စံချိန်တင် မြင့်တက်လျက်ရှိရာ ပြင်သစ်နိုင်ငံတွင် မလိုအပ်ဘဲနေအိမ်ပြင်ပသို့မထွက်ခွာရန် တင်းကြပ်သော စည်းကမ်းသတ်မှတ်ချက်များကို ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ငွေကြေးဈေးကွက်များ မတည်မငြိမ်ဖြစ်ခဲ့ရသည်။ မလိုအပ်ဘဲနေအိမ်ပြင်ပမထွက်ခွာရန် စည်းကမ်းသတ်မှတ်ချက်အသစ်များကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးရွားစွာထိခိုက်ခဲ့ပြီး လုပ်ငန်းများ တွင် အပိုကုန်ကျစရိတ်များဖြစ်ပေါ်စေခဲ့ကြောင်း Galhardo က ပြောကြားခဲ့သည်။

အစိုးရ၏ ဘဏ္ဍငွေကြပ်တည်းလာမှုနှင့် နိုင်ငံရေးဆိုင်ရာသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံသားများ၏ ပုံမှန်ဝင်ငွေရရှိရေးအတွက် အရေးပေါ်ကူညီထောက်ပံ့ရေးအစီအစဉ်များအပေါ် တွင် ဘရာဇီးလ်အစိုးရ ၏ကိုင်တွယ်မှုများ အား သံသယများတိုးပွားလျက်ရှိသည်။ ထို့အပြင်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များလုပ်ဆောင်ရန် ကြန့်ကြာနေမှုနှင့် အကျိုးအမြတ်နည်းပါးသည့် စီးပွားရေးပတ်ဝန်းကျင်ဖြစ်ပေါ်နေမှုတို့ကြောင့် လတ်တလော ကာလများ တွင် အမေရိကန်ဒေါ်တာတန်ဖိုးမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောဆိုလျက်ရှိသည်။

နိုင်ငံရေးအခြေအနေ တိုးတက်မှုဖြစ်စဉ်မှာလည်း နှေးကွေးနေကြောင်း၊ လွှတ်တော် အတွင်း အရေးကြီးသည့်အကြောင်းအရာများအား မဲခွဲဆုံးဖြတ်ရန်ကြန့်ကြာလျက်ရှိကြောင်း၊ ယင်းအခြေအနေများကြောင့် ဒေါ်လာငွေတန်ဖိုးမှာ အတက်ဘက်သို့ဦးတည်နေကြောင်း Galhardo က ပြောကြားခဲ့သည်။

ဗဟိုဘဏ်လက်အောက်ရှိ ငွေကြေးမူဝါဒကော်မတီသည် အတိုးနှုန်းသတ်မှတ်ချက်နှင့်ပတ်သက်၍ အောက်တိုဘာ ၂၇ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်များအား အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။ ထုတ်ပြန်ချက်အရ ကူပွန် လက်မှတ်များကို Selic rate(The Sistema Especial de Liquidação e Custodia (SELIC) (Special Clearance and Escrow System))  နှစ်ရာခိုင်နှုန်းတွင်ထားရှိသွားမည်ဖြစ်သည်။

ဘဏ်တိုးနှုန်းသတ်မှတ်ချက်သည် နိုင်ငံခြားငွေရောင်းဝယ်သည့် ဈေးကွက်အပေါ်တွင် လွှမ်းမိုးလျက်ရှိသည်။ အကြောင်းအရင်းမှာ Selic rate နှင့်ဆက်စပ်နေသည့် ဘရာဇီးရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးအမြတ်ရရှိမှုအခြေအနေအား ဖော်ပြထားသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်မှုနှင့် နိုင်ငံခြားငွေစီးဆင်းမှုတို့အပေါ်တွင် အကျိုးသက်ရောက်လျက်ရှိသည်။

ထွန်းအောင်ဇော်၊ စီးပွာ‌ရေးသံမှူး

သတင်းရင်းမြစ် - Dollar closes in high since May against real with uncertainties about USA