Main menu

Background

စင်ကာပူရှိ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ဝန်ဆောင်မှုပေးရာတွင် သက်သေခံအထောက်အထားရယူခြင်းလုပ်ငန်းစဉ်အား ခိုင်မာမှုရှိစေရေးအတွက် စင်ကာပူငွေကြေးဆိုင်ရာအာဏာပိုင်က အဆိုပြု

Thu, 11/12/2020 - 14:34 -- journal_editor

စင်ကာပူရှိ ဘဏ်ကဲ့သို့သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ၎င်းတို့၏ Customer များကို လူကိုယ်တိုင်မျက်နှာချင်းဆိုင်မဟုတ်ဘဲ (non-face-to-face) ငွေကြေးဆိုင်ရာဝန်ဆောင်မှု ပေးရာတွင် သက်သေအထောက်အထားအဖြစ် မဖြစ်မနေ ထပ်မံရယူရန်လိုအပ်မည့် အချက်အလက်များနှင့်ပတ်သက်၍ အဆိုပြုချက်များကို အများပြည်သူ၏ အကြံပြုချက်များရယူနိုင်စေရန် စင်ကာပူငွေကြေးဆိုင်ရာအာဏာပိုင် (Monetary Authority of Singapore - MAS) က Consultation Paper ကို ၁၀ - ၁၁ - ၂၀၂၀ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် အဆိုပြုခြင်းမှာ ငွေရေးကြေးရေးနှင့်ပတ်သက်၍ အယောင်ဆောင်ရိုက်စားပြုလုပ်သောအမှုများ မြင့်တက်လာခြင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များကို အလွှဲသုံးစားပြုလုပ်ခြင်းနှင့် ခိုးယူသုံးစွဲ ခြင်းတို့မှ ပေါ်ပေါက်လာသောအန္တရာယ်များကို ဖော်ထုတ်သွားနိုင်ရန်တို့အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

          MAS ၏ အဆိုပြုချက်တွင် ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် phone banking သို့မဟုတ် online banking ကဲ့သို့သော လမ်းကြောင်းများကို အသုံးပြု၍ လူကိုယ်တိုင် မျက်နှာချင်းဆိုင်မဟုတ်ဘဲ ငွေကြေး အပေးအယူပြုလုပ်သည့်ဝန်ဆောင်မှုများမပြုလုပ်မီ သက်သေ အထောက်အထားရယူရာတွင် (၁) ပုဂ္ဂိုလ်တစ်ဦးကသာသိရှိသော Password သို့မဟုတ် PIN ၊ (၂)  မိုဘိုင်းကိရိယာများတွင် အသုံးပြုရန်အတွက် ပုဂ္ဂိုလ်တစ်ဦးက သာသိရှိသော one-time password၊ (၃)  လူပုဂ္ဂိုလ်၏ မျက်နှာ သို့မဟုတ် လက်ဗွေအမှတ်အသား ကဲ့သို့သော Biometrics အချက် အလက်များနှင့် (၄) ငွေကြေးအပေးအယူနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများသာသိရှိနိုင်သော သတင်းအချက်အလက်များ စသည့်သတင်းအချက်အလက် အမျိုးအစား (၄) မျိုးအနက်မှ အနည်းဆုံးတစ်မျိုးကို မဖြစ်မနေအသုံးပြု၍ ဆောင်ရွက်သွား ရမည်ဖြစ်ပါသည်။ သာမန်အားဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းများက သက်သေအထောက် အထားအဖြစ်ရယူသည့် လူပုဂ္ဂိုလ်၏ သက်သေခံကတ်အမှတ်၊ လိပ်စာနှင့် မွေးသက္ကရာဇ်ကဲ့သို့သော အချက်အလက်များထက် ပိုမိုခိုင်မာမှုရှိစေရန် ဖြစ်ပါသည်။

          လူပုဂ္ဂိုလ်တစ်ဦးချင်းသည် ၎င်းတို့၏ သက်သေခံလက်မှတ်အမှတ်နှင့် မွေးသက္ကရာဇ်ကဲ့သို့သော ကိုယ်ရေးအချက်အလက်များအား လျှောက်လွှာတင်သွင်းမှုကဲ့သို့သော ကိစ္စရပ်အမျိုးမျိုး အတွက် မကြာခဏပေးရလေ့ရှိကြောင်း၊ ထိုအချက်အလက်များမှာ မသမာသူများလက်ထဲသို့ ရောက်ရှိသွားပါက အယောင်ဆောင်၍ လိမ်လည်အသုံးပြုနိုင်ကြောင်း၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများအနေဖြင့်လည်း ဤကဲ့သို့သော သက်သေခံအထောက်အထား ခိုင်မာစွာရယူမှုအလေ့ အကျင့်များ ပြုလုပ်လျက်ရှိသော်လည်း ယခုအဆိုပြုသည့်အချက်သည် လူကိုယ်တိုင်မျက်နှာချင်း ဆိုင်မဟုတ်ဘဲ ငွေကြေးအပေးအယူကိစ္စရပ်များ ဆောင်ရွက်စဉ်အတွင်း သက်သေခံအထောက် အထားရယူမှုကို ငွေရေးကြေးရေးအဖွဲ့အစည်းများမှ မလုပ်မနေရ ဆောင်ရွက်စေခြင်းဖြင့် customer များ၏ ယုံကြည်စိတ်ချမှုကို မြှင့်တင်ပေးနိုင်ရန်ဖြစ်ကြောင်း၊ customer များအနေဖြင့် လည်း ၎င်းတို့၏ Username ၊ PIN နံပါတ်နှင့် one-time password တို့အား ထုတ်ဖော်ပြောဆိုမှု မရှိဘဲ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း MAS ၏ ဆိုက်ဘာလုံခြုံရေးအရာရှိချုပ်ဖြစ်သူ Mr Tan Yeow Seng က ပြောကြားပါသည်။

သတင်းရင်းမြစ် ။    ။ Monetary Authority of Singapore

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့