Main menu

Background

စင်ကာပူနှင့် ဟောင်ကောင်အကြား "Air Travel Bubble" အစီအစဉ်ကို နိုဝင်ဘာလ ၂၂ ရက်မှ စတင်မည်

Thu, 11/12/2020 - 14:39 -- journal_editor

ယခုရက်ပိုင်းအတွင်း ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့သောကြောင့် စင်ကာပူနှင့် ဟောင်ကောင်အကြား "Air Travel Bubble - ATB" အစီအစဉ်ဖြင့် ခရီးသွားလာမှုကို နိုဝင်ဘာလ ၂၂ ရက်မှ စတင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း စင်ကာပူလေကြောင်းပို့ဆောင်ရေး အာဏာပိုင်က ၁၁ - ၁၁ - ၂၀၂၀ တွင် သတင်းထုတ်ပြန်ခဲ့သည်။

          စင်ကာပူနှင့် ဟောင်ကောင်တို့သည် ကိုဗစ် ၁၉ ရောဂါကူးစက်မှုကို ကောင်းစွာထိန်းချုပ် လာနိုင်သည်အတွက် ပြည်သူ့ကျန်းမာရေးကာကွယ်မှုအစီအမံများဖြင့် နယ်စပ်ဖြတ်သန်းခရီးသွား လာမှုများကို တဖြည်းဖြည်းခွင့်ပြုရန် ယုံကြည်မှုရရှိလာခြင်းဖြစ်ကြောင်း၊ ဤအစီအစဉ်အရ Quarantine သို့မဟုတ် Stay home notice အစား PCR test ဖြင့် ရောဂါစစ်ဆေးမှု ခံယူရ မည်ဖြစ်ပြီး၊ ခရီးသွားရသည့် ရည်ရွယ်ချက်အပေါ် ကန့်သတ်ခြင်း၊ ခရီးစဉ်များကို ထိန်းချုပ်ခြင်းနှင့် ခရီးစဉ်အတွက် စပွန်ဆာလိုအပ်ချက်များကို ဖြေလျှော့မည်ဖြစ်ကြောင်း၊ ခရီးသည်များသည် ATB အစီအစဉ်အတွက် သီးခြားသတ်မှတ်ထားသောလေယာဉ်များနှင့်သာ သွားလာရမည်ဖြစ်ပြီး၊ ခရီးစဉ်တစ်ခုအတွက် ခရီးသည် ၂၀၀ ဦးသတ်မှတ်ချက်ဖြင့် တစ်မြို့စီသို့ တစ်ရက် ၁ စီး စတင် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၇ ရက်ရောက်မှသာ တစ်မြို့စီသို့ တစ်ရက် ၂ စီး နှုန်းဖြင့် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ စင်ကာပူ သို့မဟုတ် ဟောင်ကောင်တွင် ခြေရာခံနိုင်မှုမရှိသောရောဂါကူးစက်မှု (Unlinked Cases) သည် ၇ ရက်ပျမ်းမျှနှုန်းဖြင့် ၅ ဦးထက်ပိုလာပါက ဤအစီအစဉ်ကို ၂ ပတ်ကြာ ယာယီရပ်ဆိုင်းသွား မည်ဖြစ်ကာ ထိုသို့ယာယီရပ်ဆိုင်းသည့်နောက်ဆုံးရက်တွင် Unlinked Cases သည် ၅ ဦး သို့မဟုတ် ၅ ဦးထက်နည်းနေပါက ဤအစီအစဉ်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

          ဤအစီအစဉ်ဖြင့် ခရီးသွားလာမှုအတွက် ကိုက်ညီရမည့် သတ်မှတ်ချက်များတွင် ခရီးသွား လိုသူများမှာ ခရီးထွက်ခွာမည့်ရက်မတိုင်မီ တစ်ဆက်တည်း ၁၄ ရက်တွင် စင်ကာပူနှင့် ဟောင်ကောင်တို့တွင် နေထိုင်နေရမည်ဖြစ်ပြီး၊ ဆောက်လုပ်ရေး၊ သင်္ဘောကျင်း သို့မဟုတ် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်နေကြသော စင်ကာပူနိုင်ငံ၊ လူ့စွမ်းအား ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် Work Permits သို့မဟုတ် S-Passes ကိုင်ဆောင်ထားသူများ အနေဖြင့် ဤအစီအစဉ်တွင် အကျုံးဝင်မှုမရှိကြောင်း၊  ခရီးသည်များသည် ခရီးထွက်ခွာမည့်ရက် မတိုင်မီ PCR test ကို ၇၂ နာရီအတွင်း စစ်ဆေး၍ Negative အဖြေရရှိမှသာ ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဟောင်ကောင်သို့ ဆိုက်ရောက်မည့် ခရီးသည်များအနေဖြင့် လေဆိပ်၌ ကိုဗစ် ၁၉ ရောဂါရှိ/မရှိကို ထပ်မံစစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

          စင်ကာပူနှင့် ဟောင်ကောင်အကြား ATB အစီအစဉ်သည် နယ်စပ်ဝင်ပေါက်များကို ထိန်းချုပ်မှုစနစ်ဖြင့် ဖွင့်လှစ်နိုင်ရန်နှင့် လူ့အသိုက်အဝန်းအတွက် လုံခြုံမှုရှိစေရန် ရည်ရွယ်ချက် (၂)ခုကို တစ်ပြိုင်တည်း ကိုက်ညီစွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရန် အတွက် အရေးပါသော ခြေလှမ်းတစ်လှမ်းဖြစ်ပြီး၊ ဒေသတွင်းရှိ ရောဂါထိန်းချုပ်နိုင်ပြီး နယ်စပ် ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်ရန် စဉ်းစားသုံးသပ်နေကြသော အခြားနိုင်ငံများအတွက်လည်း အသုံးဝင်သည့် ကိုးကားချက်တစ်ခုဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr Ong Ye Kung က ပြောကြားခဲ့ပါသည်။ ATB အစီအစဉ်အတွက် နိုဝင်ဘာလ ၂၂ ရက်တွင် ပထမဆုံး စတင်ပြေးဆွဲမည့် လေယာဉ်ခရီးစဉ်လက်မှတ်များမှာလည်း ရောင်းကုန်သွားပြီဖြစ်ကြောင်း သိရှိ ရသည်။

          နိုဝင်ဘာလ ၁၇ ရက်မှစ၍ ကိုဗစ် ၁၉ ရောဂါကူးစက်မှုအန္တရယ်မြင့်မားသည့် ဒေသများမှ စင်ကာပူသို့ ဝင်ရောက်လာမည့် ခရီးသည်များအားလုံးသည် ခရီးထွက်ခွာသည့်ရက်မှ ၇၂ နာရီ အတွင်း PCR test စစ်ဆေးမှု ပြုလုပ်ခဲ့ရန်လိုအပ်ပြီး၊ စင်ကာပူသို့ ရောက်ရှိချိန်တွင် Quarantine သို့မဟုတ် Stay home notice ၁၄ ရက် ဝင်ပြီးနောက် ရောဂါစစ်ဆေးမှုကို ထပ်မံပြုလုပ်ရ မည်ဖြစ်ပါသည်။ ရောဂါကူးစက်မှု အန္ရယ် နည်းပါးသောဒေသများဖြစ်သည့် ဘရူနိုင်း၊ နယူးဇီလန်၊ ဗီယက်နမ်၊ သြစတြေးလျနှင့် တရုတ်ပြည်မတို့မှ ဝင်ရောက်လာမည့် ခရီးသည်များမှာ ဆိုက်ရောက် ချိန်၌ PCR test စစ်ဆေးခြင်း သို့မဟုတ် Stay home notice ၇ ရက်ကုန်ဆုံးချိန်၌ ရောဂါ စစ်ဆေးမှုတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ် ။    ။ Civil Aviation Authority of Singapore / The Straits Times

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့