Main menu

Background

ဂျပန်မှ စီးပွားရေးအဖွဲ့အစည်းကြီးများ၏ အကြီးအကဲများက Joe Biden ၏ အောင်မြင်မှုအပေါ် တောင်းဆိုချက်များဖြင့် တုံ့ပြန်ခဲ့

Thu, 11/12/2020 - 15:24 -- journal_editor

ဂျပန်နိုင်ငံမှ စီးပွားရေးအဖွဲ့အစည်းများ၏ အကြီးအကဲများသည် ရွေးချယ်ခံ အမေရိကန်သမ္မတ Joe Biden ကို နိုင်ငံတကာရေးရာပြန်လည်တည်ငြိမ်လာရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြကြောင်း သိရပါသည်။

ဂျပန်စီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ် (Keidaren) ၏ အကြီးအကဲဖြစ်သူ Mr. Nakanishi Hiroaki က ဂျပန်နှင့် အမေရိကန်အစိုးရသစ်တို့အကြား နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်ရန် ကြေငြာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါသည်။

Mr. Nakanishi Hiroaki က Mr.  Biden အနေဖြင့် အခြားသောနိုင်ငံများနှင့်လည်း ဆက်ဆံ ရေးအားကောင်းစေရန် ကြိုးပမ်းလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရေး၊ ကမ္ဘာ့စီးပွားရေးပြန်လည် ရှင်သန်အားကောင်းလာရေးနှင့် နိုင်ငံတကာတည်ငြိမ်ရေး တို့အတွက် ဦးဆောင်ကြိုးပမ်းမှုကို လိုလားပါကြောင်း အဆိုပြုခဲ့ပါသည်။

ထို့အပြင် ဂျပန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (JCCI) ၏ ဥက္ကဌြဖစ်သူ Mr. Mimura Akio ကလည်း အမေရိကန်ပြည်ထောင်စုနှင့် အခြားအင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးပြန်လည်ပြင်ဆင် တည်ဆောင်ရန် Mr. Biden ထံတောင်းဆိုလိုက်ပါသည်။ လက်ရှိရင်ဆိုင်နေကြရသည့် ကိုရိုနာကပ်ရောဂါပြန့်ပွားနေမှုကို အောင်မြင်စွာ ကျော်လွှားနိုင်ရေးနှင့် အမေရိကန်ပြည်သူများအကြား စိတ်ဝမ်းမညီမညွတ်ဖြစ်နေမှုကို ပြန်လည် တည့်မတ် စေရန် ကြိုးပမ်းရေးတို့သည် Mr. Biden အနေဖြင့် ပထမဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည်ဟု  Mr.Mimura က ၎င်း၏ ယူဆချက်ကို ပြောကြားခဲ့ပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့