Main menu

Background

COVID-19 နှင့်ပတ်သက်သည့် အရေးပေါ်အကြံပြုချက်ကို ဂျပန်အစိုးရအကြံပေးအဖွဲ့က ထုတ်ပြန်ခဲ့

Thu, 11/12/2020 - 15:31 -- journal_editor

ဂျပန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့က လတ်တလောပြန်လည်မြင့်တက်လာသည့် လူအစုလိုက်အပြုံလိုက် ကူးစက်မှုများအတွက် ပိုမိုထိရောက်သော လုပ်ငန်းစဉ်များချမှတ်နိုင်ရန်နှင့် နိုင်ငံအတွင်း ဝင်ရောက်ခွင့်ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရန် အကြံပြု တောင်းဆိုခဲ့ကြောင်း သိရပါသည်။

နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးခရိုင်နှင့် အခြားခရိုင်ဒေသအများအပြားတွင် လတ်တလောကူးစက်မှုများ ပြန်လည်တိုးမြင့်လာမှုနှင့်ပတ်သက်၍ အဆိုပါ အကြံပေးအဖွဲ့က အရေးပေါ်လမ်းညွှန်ချက်များကို နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ လူမှုဝန်းကျင်နှင့် စီးပွားရေး လှုပ်ရှားမှုများ ပြန်လည်စတင်နေသည့်အချိန် ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေး လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါကာ ပိုမိုလျင်မြန်သည့် ကူးစက်မှုများ တကျော့ပြန် ကူးစက်ပြန့်ပွားလာမည်ဖြစ်ပါကြောင်း သတိပေးပြောကြားလိုက်ပါသည်။

ထို့အပြင် ယမကာဆိုင်များ၊ နိုက်ကလပ်များ၊ နိုင်ငံခြားသားအများအပြားနေထိုင်ကြသည့် လူမှုအသိုက်အဝန်းနေရာများနှင့် တက္ကသိုလ်များစသည့်နေရာများ၌ အစုလိုက်အပြုံလိုက် ကူးစက်မှုများမဖြစ်ပေါ်စေရေး ထိရောက်သည့် ကာကွယ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အကြံပေးအဖွဲ့ က တောင်းဆိုခဲ့ပါသည်။

ကန့်သတ်ချက်များဖြေလျှော့ခဲ့ပြီးနောက် ဂျပန်နိုင်ငံနှင့်အခြားကမ္ဘာ့နိုင်ငံများအကြား ခရီးသွားလာမှုများ ပြန်လည်စတင်နေချိန်၌ လေဆိပ်ရှိကူးစက်ရောဂါထိန်းချုပ်ရေးဌာနများတွင် ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှုရလဒ်သာမက စမ်းသပ်မှု အရကူးစက်ခံထားရကြောင်း အတည်ပြုမှုနှုန်းများကို နိုင်ငံအလိုက်သုံးသပ်လေ့လာချက်များ အလျင်အမြန်ထုတ်ပြန်နိုင်ရေးဆောင်ရွက်ရန်နှင့် နိုင်ငံခြားသားများအား ဆေးကုသမှုပေးနေသည့် ကုသရေးစင်တာများအတွက်လည်း လိုအပ် သည့် ဆေးပစ္စည်းအထောက်အပံ့များ ပံ့ပိုးရေးကိုလည်း ကျန်းမာရေးအာဏာပိုင်များအား အကြံပြုထား ပါသည်။

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်ကို အဆင့်လေးဆင့်ဖြင့် ခွဲခြားသတ်မှတ်ထားပြီး ထိုအဆင့်များအနက် ဒုတိယအမြင့်ဆုံးဖြစ်သည့် အဆင့် “၃” အဖြစ် တိုးမြှင့် သတ်မှတ်လိုက်မည်ဆိုပါက လူမှုရေးဆောင်ရွက် ချက်များနှင့် စီးပွားရေးဆောင်ရွက်မှုများကို ပိုမို တင်းကျပ်သည့် ကန့်သတ်မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ထိုအကြံပေးဖွဲ့က အလေးထားထောက်ပြခဲ့ကြောင်း သိရပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို