Main menu

Background

Pfizer မှ တီထွင်ထုတ်လုပ်လိုက်သည့် COVID-19 ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း သိရ

Thu, 11/12/2020 - 15:33 -- journal_editor

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer သည် ၎င်း၏ စမ်းသပ်ထုတ်လုပ် နေသည့့်် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် ကြားဖြတ်သုံးသပ်လေ့လာမှုတစ်ခုအရ ၉၀ % ကျော်အထိ ထိရောက်မှုရှိသည်ကို တွေ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပါဆေးဝါး၏ ထိရောက်မှုနှင့်ပတ်သက်သည့်  ပထမဦးဆုံး သုံးသပ်လေ့လာချက်ကို Pfizer က နိုဝင်ဘာ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ပါသည်။ Pfizer သည် ဂျာမဏီနိုင်ငံမှ  BioNTech ကုမ္ပဏီနှင့်အတူ စမ်းသပ်တီထွင်နေပြီး အဆိုပါ ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများတွင် လက်တွေ့စမ်းသပ်မှု ပြုလုပ်နေရာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိရပါသည်။

ထုတ်ပြန်ခဲ့သည့် လေ့လာချက်တွင် စမ်းသပ်မှုများ၌ ပါဝင်ခဲ့သည့် လူပေါင်း ၄၃၅၃၈ ဦး၏ စမ်းသပ်မှုသုံးသပ်ချက်အရ ၎င်းတို့အနက် ၉၄ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံခဲ့ရပါကြောင်း၊ လက်တွေ့အားဖြင့် ကာကွယ်ဆေးထိုးထားသူ နှင့် မထိုးထားသူများကို စမ်းသပ်လေ့လာရာ၌ ကာကွယ်ဆေး၏ ထိရောက်မှုသည် ၉၀ ရာခိုင်နှုန်းအထက်ရှိကြောင်း၊ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ လည်း စိုးရိမ်ဖွယ်ရာတစ်စုံတစ်ရာ မတွေ့ရသေးပါကြောင်း ဖော်ပြထားပါသည်။

စမ်းသပ်မှုများ ဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် ထိရောက်မှုနှုန်းခန့်မှန်းချက်သည် ပြောင်းလဲနိုင်ပါကြောင်း Pfizer က အရိပ်အမြွက်ပြောကြားခဲ့ပါသည်။ သို့သော် နိုဝင်ဘာလတတိယပတ်တွင် အရေးပေါ်အနေအထားတွင် အသုံးပြု ရေး ခွင့်ပြုချက်ရယူရန် အမေရိကန်နိုင်ငံ အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) ထံသို့ လျှောက်လွှာတင်သွင်းနိုင်ရေး ပြင်ဆင်နေကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူဦးရေ သန်း ၅၀ စာအထိ၊ ၂၀၂၁ ခုနှစ်မှာ ၁ ဒသမ ၃ ဘီလီယံ စာအထိ ကာကွယ်ဆေးများ တိုးမြှင့် ထုတ်လုပ်သွားရန် Pfizer က မျှော်လင့်ထားပါသည်။

၂၀၂၁ ခုနှစ် ဇွန်လကုန် မတိုင်ခင်အထိ ဂျပန်လူဦးရေသန်း ၆၀ စာအတွက် ကာကွယ်ဆေးများ ထောက်ပံ့ပေးရန်အတွက် Pfizer ကုမ္ပဏီနှင့် ဂျပန်အစိုးရတို့အကြား အခြေခံသဘောတူညီချက် ရရှိထားပြီးဖြစ်ပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို