Main menu

Background

အမေရိကန်နိုင်ငံမှ ပဲပုပ်စေ့နှင့်ပြောင်းဖူးစေ့များ တင်သွင်းနိုင်ရန် ဘရာဇီးလ်နိုင်ငံ၏ သွင်းကုန်ဥပဒေပြင်ဆင်

Mon, 11/16/2020 - 11:26 -- journal_editor

ဘရာဇီးလ်နိုင်ငံတွင် သီးနှံလက်ကျန်နည်းပါးမှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုတို့ကြောင့် အမေရိကန်နိုင်ငံမှ ပြောင်းဖူးစေ့နှင့်ပဲပုပ်စေ့များ တင်သွင်းနိုင်ရန် ရည်ရွယ်၍  ဘရာဇီးလ်အစိုးရက ဥပဒေညွှန်ကြားချက်များအား ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

ဘရာဇီးလ်နိုင်ငံအစိုးရ၏ ညွှန်ကြားချက်များနှင့်ပတ်သက်၍ မျိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများကို ဘရာဇီးလ်နှင့်အမေရိကန်နှစ်ဘက်စလုံးက အပြန်အလှန်သဘောတူ လက်ခံမှုအပေါ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခင်ကတင်သွင်းခွင့်မပြုခဲ့‌သော အမေရိကန်နိုင်ငံမှ မျိုးဗီဇပြုပြင်ထားသောသီးနှံများအား အစိုးရ၏ယခုထုတ်ပြန်ချက်အရတင်သွင်းခွင့်ရရှိစေမည်ဖြစ်သည်။

ဘရာဇီးလ်နိုင်ငံသည် တရုတ်နိုင်ငံသို့ ပဲပုပ်စေ့များ အလုံးအရင်းဖြင့်တင်ပို့ခဲ့ရာ ပြည်တွင်းတွင် ပဲပုပ်စေ့ကုန်ကြမ်းပြတ်လပ်သည်အထိ ဖြစ်ခဲ့ရပြီးနောက် အမေရိကန်နိုင်ငံသည် ပဲပုပ်စေ့တင်သွင်းရန်အလားအလာကောင်းသော နိုင်ငံဖြစ်လာသည်။

ဘရာဇီးလ်အစိုးရသည် ပြည်တွင်းတွင်စံချိန်တင်မြင့်မားနေသည့် ပဲပုပ်စေ့နှင့်ပြောင်းဖူးစေ့ ဈေးနှုန်းများအား ကျဆင်းစေရန်ရည်ရွယ်၍ လက်ရှိတင်သွင်းလျက်ရှိသည့် လက်တင်အမေရိက နိုင်ငံများအပြင်လက်တင်အမေရိကမဟုတ်သော အခြားနိုင်ငံများ၏ သွင်းကုန်အကောက်ခွန် နှုန်းထားများအား  သုညရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။

          ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ အမေရိကန်နိုင်ငံမှဘရာဇီးလ်နိုင်ငံသို့ ပဲပုပ်စေ့တန်ချိန် ၃၀,၀၀၀ တင်သွင်းသွားမည်ဖြစ်သည်။ ဘရာဇီးလ်နိုင်ငံအနေဖြင့် ပြည်တွင်းသို့တင်သွင်းမည့်ပဲပုပ်စေ့ပမာဏအနက်မှ တန်ချိန်အများစု ကို လက်တင်အမေရိကနိုင်ငံများမှ တင်သွင်းနိုင်ရန် မျှော်မှန်းထားသည်။

ဇန်နဝါရီလမှစက်တင်ဘာလအထိ ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်စေ့တင်သွင်းမှုမှာ တန်ချိန် ၅၂၈,၀၀၀ ဖြစ်ပြီး ၎င်းတင်သွင်းမှုတွင် ပါရာဂွေးနိုင်ငံမှ တန်ချိန် ၅၂၁,၀၀၀ ပါဝင်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ အချက်အလက်များအရ ယခင်နှစ်က ပဲပုပ်စေ့တင်သွင်းမှုမှာ တန်ချိန် ၁၄၄,၀၀၀ သာ ရှိခဲ့သည်။

ဘရာဇီးလ်နိုင်ငံသည် ပဲပုပ်စေ့တန်ချိန် ၁ သန်းအထိ တင်သွင်းနိုင်ချေရှိရာ ဟင်းသီး  ဟင်းရွက်ဆီထုတ်လုပ်သူများအသင်းက အောက်တိုဘာလတွင်တင်သွင်းခဲ့သည် တန်ချိန် ၈၅၀,၀၀၀ နှင့်နှိုင်းယှဉ်ကာ သုံးသပ်တွက်ချက်လျက်ရှိသည်။ ပဲပုပ်စေ့တန်ချိန် ၁ သန်းပမာဏ အထိတင်သွင်းခဲ့ပါက ၂၀၀၈ ခုနှစ်နောက်ပိုင်း ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်စေ့ တင်သွင်းမှုများ ထဲတွင် အများဆုံးပမာဏဖြစ်လာမည် ဖြစ်သည်။

ဘရာဇီးလ်နိုင်ငံသည် ပဲပုပ်စေ့အများဆုံးထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ပဲပုပ်စေ့ တန်ချိန်အမြောက်အများအား ပြည်ပသို့တင်ပို့ခဲ့သဖြင့် ပြည်တွင်းတွင် ကုန်ကြမ်းပြတ်လပ် သည်အထိဖြစ်ပေါ်ခဲ့ရာ   ပြည်ပနိုင်ငံများမှ ပြန်လည်တင်သွင်းခဲ့ရသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှနိုဝင်ဘာလအထိ ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်စေ့ပို့ကုန်ပမာဏမှာ ခန့်မှန်းတန်ချိန် ၈၂ သန်းဖြစ်ပြီး ၂၀၁၉ ကာလတူတွင် တန်ချိန် ၆၉.၉ သန်းသာ တင်ပို့နိုင်ခဲ့ကြောင်း အမျိုးသားနှံစားသီးနှံတင်ပို့သူများအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နှံစားသီးနှံတင်ပို့သူများအသင်းချုပ်သည် ၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းလက်ကျန် အခြေအနေအရ နိုဝင်ဘာလ၏တင်ပို့မှုအား တန်ချိန် ၆၈၈,၁၀၀ ခန့်သာရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ဘရာဇီးလ်အစိုးရအနေဖြင့် ပြည်တွင်းလက်ကျန်နည်းပါးသည့်အခြေအနေ ကြောင့် ပဲပုပ်စေ့သီးနှံအသစ်ထွက်ပေါ်ချိန်အထိ တန်ချိန် ၃၁၉,၀၀၀ ခန့်ကိုသာ တင်ပို့သင့်ကြောင်း အသင်းချုပ်က တွက်ချက်သုံးသပ်ထားသည်။

သီးနှံရိတ်သိမ်းချိန်ဖြစ်သည့်လာမည့်ဇန်နဝါရီလမှစ၍ ပြည်ပဈေးကွက်သို့ ပုံမှန် တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်စေ့ တင်ပို့နိုင်မည့် ပမာဏမှာ တန်ချိန် ၁၃၂.၆ သန်းခန့်ရှိမည်ဟုခန့်မှန်းတွက်ချက်ထားရာ ယခင်နှစ်က ခန့်မှန်းခဲ့သည့် ၁၃၁.၇  သန်းနှင့်နှိုင်းယှဉ်ပါက စံချိန်သစ်အဖြစ် တင်ပို့နိုင်ဖွယ်ရှိသည်။

၂၀၂၀ ပြည့်နှစ်တွင် ဘရာဇီးလ်နိုင်ငံသည် ပဲပုပ်စေ့တန်ချိန် ၁၂၆.၄ သန်းအထိ ထုတ်လုပ်နိုင်ခဲ့သော်လည်း အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့် ပြည်ပဝယ်လိုအား အလွန်အမင်းမြင့်တက်ခဲ့မှုတို့ကြောင့် တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ပြည်တွင်းတွင် ပဲပုပ်စေ့ ကုန်ကြမ်းလက်ကျန်ပြတ်လတ်သည်အထိ ဖြစ်ခဲ့ရသည်။

(ထွန်းအောင်ဇော်)

စီးပွား‌ရေးသံမှူး