Main menu

Background

ယူရိုဇုန်၏စီးပွားရေးသည် ကိန်းဂဏန်း(၂) လုံးဖြင့် ကျဆင်းနိုင်သည့် လမ်းကြောင်းပေါ်တွင်ရှိနေခြင်း

Mon, 11/16/2020 - 11:28 -- journal_editor

ဥရောပတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒုတိယလှိုင်းအနေဖြင့် ကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းနှင့် ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်အစီအမံများပြန်လည် ချမှတ်ခဲ့ရခြင်းတို့ကြောင့် ယူရိုဇုန်အုပ်စု၏ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအပေါ် သိသာသော သက်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စီးပွားရေးပြန်လည်နိုးထ နိုင်မှုသည် ရပ်တန့်နေခဲ့ပြီး၊ ကိန်းဂဏန်း (၂) လုံးဖြင့် စီးပွားရေးကျဆင်းမှုဆီသို့ ဦးတည်နေသည့် အခြေအနေရှိကြောင်း IHS Markit ၏ စစ်တမ်းအရ သိရသည်။ ယူရိုဇုန်၏ အကြီးဆုံးစီးပွားရေးများ ဖြစ်သည့် ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် အသွားအလာကန့်သတ်မှုအစီအမံများ (lockdown measures) ပြန်လည်ချမှတ်ခဲ့ရသဖြင့် စားသောက်ဆိုင်များ၊ အားကစားရုံများနှင့် ဈေးဆိုင်များအား ပိတ်ထားရပြီး၊ ပြည်သူများအနေဖြင့် stay at home နေထိုင်နေကြရသည်။

            ယူရိုဇုန်၏ စီးပွားရေးသည် ပြီးခဲ့သည့် တတိယသုံးလပတ်တွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ကျုံ့ဝင်ခဲ့သော်လည်း အသွားအလာကန့်သတ်ချက်အများစုကို ပြန်လည်ဖြေလျှော့ခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအထိကာလတွင်မူ ၁၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် မျှော်မှန်းထားသည်ထက် ပိုမို၍ စီးပွားရေးကောင်းမွန်ခဲ့ကြောင်း ယူရိုဇုန်၏ တရားဝင်စာရင်းဇယားများအရ သိရသည်။ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များကြောင့် စားသုံးသူနှင့် အဓိကထိတွေ့လုပ်ကိုင်ရသည့် ဧည့်ဝန်ဆောင်မှု ကဏ္ဍ၌ အားနည်းလာခြင်းနှင့်အတူ ဝန်ဆောင်မှုလုပ်ငန်းများတွင်  အထူးသဖြင့် ထိခိုက်မှုရှိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ယူရိုဇုန်၏စီးပွားရေး ဆက်လက်ကျဆင်းနေမှုကို ထိန်းချုပ်နိုင်ရေးအတွက် ဥရောပဗဟိုဘဏ်အနေဖြင့် စီးပွားရေးလှုံ့ဆော်မှုများကို ဆောင်ရွက်ထားပြီး၊ လာမည့်ဒီဇင်ဘာလ တွင်လည်း စီးပွားရေးပြန်လည်နိုးထနိုင်ရေးဆောင်ရွက်ချက်များကို ထပ်မံပြုလုပ်သွားမည်ဟု ကတိ ကဝတ်ပြုထားကြောင်းသိရသည်။

ရင်းမြစ် -  (Reuters)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး