Main menu

Background

COVID-19 ကပ်ရောဂါကူးစက်မှုပြန်လည်မြှင့်တက်လာခြင်းကြောင့် မသေချာမရေရာမှုများမြင့်မားနေခြင်းနှင့်အတူ ဥရောပ၏ စီးပွားရေးပြန်လည်နိုးထနိုင်မှု နှေးကွေးလျက်ရှိ

Mon, 11/16/2020 - 11:29 -- journal_editor

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် အီးယူအပါအဝင် ကမ္ဘာ့နိုင်ငံများအပေါ် ပြင်းထန်သော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအကျိုးဆက်များဖြင့်ရိုက်ခတ်မှုရှိခဲ့သည်။  ယခုနှစ်၏ ပထမနှစ်ဝက် ကာလတွင် ဥရောပ၏ စီးပွားရေးလုပ်ငန်းများသည် ကပ်ရောဂါ၏ ထိုးနှက်မှုဒဏ်ကို ပြင်းထန်စွာ ကြုံတွေ့ခံစားခဲ့ရပြီး၊  ရောဂါကူးစက်မှုထိန်းချုပ်ရေးအစီအမံများအား တဖြည်းဖြည်းချင်း ပြန်လည် ဖြေလျှော့ခဲ့သည့် တတိယသုံးလပတ်ကာလတွင် ဥရောပ၏ စီးပွားရေးပြန်လည်နိုးထမှုသည် အားကောင်းလာခဲ့ပါသည်။ သို့ရာတွင် မကြာသေးမီက ဥရောပတစ်လွှား ရောဂါကူးစက်မှုနှုန်းများ ပြန်လည်မြင့်တက်လာမှုနှင့်အတူ နိုင်ငံအသီးသီးအလိုက် ဗိုင်းရပ်စ်ထိန်းချုပ်ကန့်သတ်နိုင်ရေး အများ ပြည်သူကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်အစီအမံများကို ပြန်လည်သတ်မှတ်ခဲ့ရပါသည်။ ဥရောပ ကော်မရှင်က ၅-၁၁-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဆောင်းဦးရာသီ စီးပွားရေးခန့်မှန်းချက် အရ ယူရိုဒေသ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ကျဆင်းမည် ဖြစ်ပြီး၊ စီးပွားရေးတိုးတက်မှုနှုန်းအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပါသည်။ အလားတူ အီးယူ၏ စီးပွားရေးသည်  ၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ကျုံ့ဝင်မည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ် တွင် ၃ ရာခိုင်နှုန်း ပြန်လည်တိုးတက်မည်ဟု ခန့်မှန်းချက်အရ သိရသည်။

            အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် အလုပ်လက်မဲ့နှုန်းထားမြင့်တက်လာခြင်းသည် ဥရောပနိုင်ငံ များ၌ ပြင်းထန်သောထိုးနှက်ချက်ဖြစ်လာသောကြောင့် အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့်သာမက အီးယူတစ်ခုလုံးအနေဖြင့်ပါ မူဝါဒပိုင်းတုံ့ပြန်ဆောင်ရွက်မှုများဖြင့် ကပ်ရောဂါ၏ လုပ်သားဈေးကွက် အပေါ်ရိုက်ခတ်မှုကို လျော့ပါးသက်သာစေရေးဆောင်ရွက်လျက်ရှိနေပါသည်။ အီးယူတွင် ကပ်ရောဂါ ကြောင့် စီးပွားရေးလုပ်ငန်းရပ်များဆောင်ရွက်နိုင်မှု ကျဆင်းလျက်ရှိသော်လည်း ကာလတိုအလုပ် အကိုင်အစီအစဉ် (short-time work schemes) ကဲ့သို့သော အစီအမံများဖြင့် ဆောင်ရွက်မှုကြောင့် အလုပ်လက်မဲဖြစ်မှုမြင့်တက်လာခြင်းကို ခုသာခံသာရှိစေခဲ့ကြောင်း သိရသည်။ သို့သော်လည်း အီးယူအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ အရေးပေါ်တုံ့ပြန်မှုအစီအမံများကို ဖြည်းဖြည်းချင်း ရုပ်သိမ်း သွားမည်ဖြစ်ရာ လာမည့်  ၂၀၂၁ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်းထား ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်တွင်မူ စီးပွားရေးပြန်လည်ထူထောင်လာမှုနှင့်အတူ အလုပ်လက်မဲ့ဖြစ်မှုနှုန်းထား အပိုင်းတွင် တိုးတက်လာနိုင်ကြောင်း ခန့်မှန်းချက်က ဆိုသည်။ ၎င်းခန့်မှန်းချက်အရ ယူရိုဒေသ၏ အလုပ်လက်မဲ့နှုန်းထားသည် ၂၀၁၉ ခုနှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင်  ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၉ ဒသမ ၄ ရာခိုင်နှုန်းသို့ ဆက်လက် မြင့်တက်နိုင်ပြီး၊ ၂၀၂၂ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းနိုင်မည်ဟု သိရသည်။ အလားတူ အီးယူ၏ အလုပ်လက်မဲ့နှုန်းသည်လည်း ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ပြီး၊ ၂၀၂၂ ခုနှစ်တွင် ၈ ဒသမ သုည ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်း နိုင်ကြောင်း ခန့်မှန်းထားပါသည်။

            လူမှုဖူလုံရေးအထောက်အပံ့များအတွက် ဘဏ္ဍာငွေအမြောက်အများ သုံးစွဲရခြင်းနှင့် အခွန် ဘဏ္ဍာငွေများကောက်ခံရရှိမှု လျော့ကျခြင်းတို့ကြောင့် အီးယူတစ်ဝန်းနိုင်ငံများရှိ အစိုးရများ၏ ဘဏ္ဍာရေးလိုငွေဖြစ်ပေါ်မှု သိသိသာသာမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ယူရိုဒေသ၌ အစိုးရပိုင်းမှ ပျမ်းမျှဘဏ္ဍာရေးလိုငွေဖြစ်ပေါ်မှုသည်  ၂၀၁၉ ခုနှစ်တွင် ဂျီဒီပီ၏ သုည ဒသမ ၆ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ဂျီဒီပီ၏ ၈ ဒသမ ၈ ရာခိုင်နှုန်းဝန်းကျင်သို့ မြင့်တက်လာ ခဲ့ကြောင်း၊ အဆိုပါနှုန်းထားမှာ ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်းတို့သို့ အသီးသီးကျဆင်းမည်ဟု ခန့်မှန်းထားပြီး၊ ယင်းသို့ကျဆင်းမှုသည် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးအခြေအနေများ ပြန်လည်တိုးတက်လာပြီး၊ အစိုးရ၏ အထောက်အပံ့ပေးမှုအစီအမံများ ပြန်လည်ရုတ်သိမ်းနိုင်မှုအပေါ်တွင်မူတည်မည်ဖြစ်ကြောင်း သိရသည်။

            စွမ်းအင်ဈေးနှုန်းများကျဆင်းခဲ့ခြင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဥရောပ၏ ငွေကြေးဖောင်းပွမှုနှုန်းကို အနှုတ်လက္ခဏာဖြစ်ပေါ်စေခဲ့ကြောင်း၊ နွေရာသီကာလတွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းကုန်စည်များတွင် ဝယ်လိုအားလျော့နည်းခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ကျဆင်းခဲ့ရကြောင်း သိရ သည်။ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (Harmonized Index of Consumer Prices-HICP) ဖြင့် တိုင်းတာမှုအရ ယူရိုဒေသ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်တွင် သုည ဒသမ ၃ ရာခိုင်နှုန်းရှိနိုင်ပြီး၊ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ အီးယူ၏ ငွေကြေးဖောင်းပွမှုနှုန်းအား ၂၀၂၀ ပြည့်နှစ်အတွက် သုည ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းရှိနိုင်ကြောင်း အဆိုပါခန့်မှန်းချက်အရ သိရသည်။

            ဥရောပကော်မရှင်၏ ၂၀၂၀ ပြည့်နှစ်၊ ဆောင်းဦးရာသီ စီးပွားရေးခန့်မှန်းချက်အရ မသေချာ မရေရာမှုများ၊ စီးပွားရေးအတွက် ထိခိုက်နိုင်ချေရှိမှုများ မြင့်မားနေကြောင်းသိရသည်။ ဥရောပ တစ်ဝန်းတွင် ပိုမိုဆိုးရွားလာနေသော ကပ်ရောဂါအခြေအနေကြောင့် အများပြည်သူကျန်းမာရေး ဆိုင်ရာ ပိုမိုတင်းကျပ်သော အစီအမံများချမှတ်ရန်လိုအပ်လျက်ရှိမှုသည် စီးပွားရေးအပေါ် ကာလ ကြာရှည် သက်ရောက်မှုဖြစ်ပေါ်စေနိုင်မည့် အလားအလာဆီသို့ ဦးတည်စေလျက်ရှိပါသည်။ ကမ္ဘာ့ စီးပွားရေးနှင့်ကမ္ဘာ့ကုန်သွယ်မှုတို့တွင် မျှော်မှန်းထားသည်ထက် လျော့နည်း၍ တိုးတက်ခဲ့လျှင် ဖြစ်စေ၊ ကုန်သွယ်ရေးတင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့လျှင်ဖြစ်စေ ဥရောပ၏ စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်မည်ဖြစ်ပြီး၊ ဘဏ္ဍာရေးဈေးကွက်ဖိအား ဖြစ်ပေါ်လာနိုင်မှုသည်လည်း စီးပွာရေးကျဆင်းမှုဖြစ်ပေါ်စေနိုင်သည့် အချက်တစ်ခုဖြစ်ကြောင်း အီးယူ၏ ဆောင်းဦးရာသီ စီးပွားရေးခန့်မှန်းချက်အရ သိရပါသည်။

ရင်းမြစ် - (ဥရောပကော်မရှင်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး