Main menu

Background

ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး တွန်းအားပေးအစီအစဉ်၌ လုပ်ငန်းကဏ္ဍ ၁၀ ခု ထပ်မံဖြည့်စွက်မှုအား အိန္ဒိယအစိုးရအတည်ပြု

Tue, 11/17/2020 - 11:04 -- journal_editor

အိန္ဒိယနိုင်ငံ၌ Atmanirbhar Bharat ခေါ် ကိုယ်ပိုင်စွမ်းအားဖြင့် ရပ်တည်ရေး ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်လျက် နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းအရပ်ရပ်ကို မြှင့်တင်ရန်နှင့် ပို့ကုန်လုပ်ငန်းများ တိုးတက်ကောင်းမွန်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းကဏ္ဍ ၁၀ ခုသို့ ရန်ပုံငွေ ရူပီး ၁၄၆၀ ဘီလီယံအထိ အထောက်အပံ့ပြုမည့် ကုန် ထုတ်လုပ်မှုမြှင့်တင်ရေးဆိုင်ရာ ချိတ်ဆက်အားပေးမှု Production-Linked Incentive (PLI) အစီအစဉ်ကို အစိုးရဝန်ကြီးအဖွဲ့က အတည်ပြုကြောင်း ၁၁-၁၁-၂၀၂၀ နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

          PLI အစီအစဉ်တွင် ၂၀၁၉-၂၀ ခုနှစ်အား အခြေခံနှစ်အဖြစ်သတ်မှတ်လျက် နှစ်အလိုက် လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မှုအပေါ် မူတည်၍ ၄% မှ  ၆% အထိ အစိုးရက ရန်ပုံငွေ ထောက်ပံ့ပေးမည်ဖြစ်ပြီး နှစ်စဉ် တန်ဖိုးထပ်ဆောင်းတိုးမြှင့် ထုတ်လုပ်ရောင်းချခြင်းကို ၅ နှစ်ကာလအထိ ခွင့်ပြုခြင်းဖြစ်သည်။ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လိုသော ပြည်ပကုမ္ပဏီ များကို ဆွဲဆောင်ရန်အလို့ငှာ အဆိုပါအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ် ကြောင်း ၂၀၂၀ ပြည့်နှစ် မတ်လ၌ အိန္ဒိယအစိုးရက စတင်မိတ်ဆက်ခဲ့စဉ်က မိုဘိုင်းဖုန်း ထုတ်လုပ်မှု၊ အချို့သော အီလက်ထရွန်းနစ်အစိတ်အပိုင်းများ ထုတ်လုပ်မှုနှင့် API ခေါ် ဇီဝလှုံ့ဆော် ဆေးဝါးပစ္စည်းနှင့် အလယ်အလတ်အဆင့်ရှိဆေးဝါးများ ထုတ်လုပ်သည့် လုပ်ငန်း ကဏ္ဍ ၃ ရပ်သာပါဝင်ခဲ့သည်။

          အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharamanက အစိုးရအနေဖြင့် ပြည်ပမှ ကုန်ထုတ်လုပ်ငန်းရှင်များအား အိန္ဒိယသို့ လာရောက်လုပ်ကိုင်ရန် PLI အစီအစဉ်အား ချမှတ်ဖော်ဆောင်မှုနှင့်အတူ ကမ္ဘာ့တန်ဖိုးကွင်းဆက်နှင့်လည်း ချိတ်ဆက်မှုရယူလျက် မိမိတို့၏ ကိုယ်ပိုင်လုပ်ကိုင်နိုင်စွမ်းကိုလည်း ထူထောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအား ကမ္ဘာ့ကုန်ထုတ်လုပ်မှုဗဟိုချက် ဖြစ်လာစေရန် ဝန်ကြီးချုပ်ကလည်း အမြဲတစေ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

          PLI အစီအစဉ်၌ယခုထပ်မံဖြည့်စွက်သည့် ဦးစားပေး အစီအစဉ်အလိုက် လုပ်ငန်းကဏ္ဍ ၁၀ ခုမှာ အဆင့်မြင့်ဓာတုပစ္စည်းသုံး ဘက်ထရီများထုတ်လုပ်မှု၊ အီလက်ထရွန်းနစ်/ နည်းပညာ သုံး ကုန်ပစ္စည်းများ ထုတ်လုပ်မှု၊ မော်တော်ယာဉ်နှင့် ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ တယ်လီဖုန်းဆက်သွယ်ရေးကွန်ယက်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်မှု၊ လူလုပ် ဖိုင်ဘာချည်မျှင်နှင့် နည်းပညာသုံး အထည်အလိပ်များ ထုတ်လုပ်မှု၊ စားသောက်ကုန် ထုတ်လုပ်မှု၊ စွမ်းရည်မြင့် နေရောင်ခြည်စွမ်းအားသုံး ပီဗွီမော်ကျူးများ ထုတ်လုပ်မှု၊ လေအေး ပေးစက် (ACs) နှင့် LED မီးလုံးများ ထုတ်လုပ်မှုနှင့် အထူးပြုလုပ်ထားသည့် သံမဏိပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည်။

          အိန္ဒိယအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် အဆိုပါလုပ်ငန်းကဏ္ဍများ၌ PLI အစီအစဉ် ဖြင့် လုပ်ငန်းများဆောင်ရွက်လိုကြောင်း ကုမ္ပဏီများ၏ အဆိုပြုလျှောက်ထားမှုများကို အစိုးရ ၏ အသုံးစရိတ်ဆိုင်ရာ ဘဏ္ဍာရေးကော်မတီက စိစစ်အကဲဖြတ် ရွေးချယ်မည်ဖြစ်ပြီး အစိုးရ ဝန်ကြီးအဖွဲ့က အတည်ပြုမည်ဖြစ်ကြောင်း၊ PLI အစီအစဉ်ပါ ကဏ္ဍတစ်ခုရှိ အသုံးမပြုပဲ ကျန်ရှိသော ရန်ပုံငွေအား အခြားကဏ္ဍသို့ ပြောင်းလဲသုံးစွဲခြင်းကို ဝန်ကြီးဌာနများမှ အတွင်းဝန် များဖြင့် ဖွဲ့စည်းထားသည့် လုပ်ကိုင်ခွင့်ပြုရေးကော်မတီ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင် ကြောင်း၊ သို့ရာတွင် ကဏ္ဍအသစ်များထပ်မံဖြည့်စွက်ခြင်းအတွက် အစိုးရဝန်ကြီးအဖွဲ့ထံ တင်ပြ အတည်ပြုချက် ရယူရန်လိုအပ်ကြောင်း၊ PLI အစီအစဉ်အောက်၌ ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်မှုကို နယ်ပယ်အလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကြပ်မတ်စစ်ဆေး၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့