Main menu

Background

အောက်တိုဘာလတွင် စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့

Tue, 11/17/2020 - 14:17 -- journal_editor

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ပို့ကုန်ပိုင်းတွင် ၈.၆  ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် ၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက  ၁၇ - ၁၁ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာ လအထိ လအလိုက်ကုန်သွယ်မှုအခြေအနေမှာ ဖေဖော်ဝါရီလမှလွဲ၍ ကုန်သွယ်မှုကျဆင်းခဲ့သည်။

          ကာလအလိုက်ညှိနှိုင်းမှုစာရင်းအရ အောက်တိုဘာလတွင် ပို့ကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၄၀.၈ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၆.၄ ဘီလီယံတို့ဖြင့် စုစုပေါင်းကုန်စည် ကုန်သွယ်မှုသည် စင်ကာပူဒေါ်လာ ၇၇.၂ ဘီလီယံရရှိခဲ့ပါသည်။  စင်ကာပူ၏ စက်သုံးဆီမဟုတ် သောပြည်တွင်းထုတ်ပို့ကုန် (Non-Oil Domestic Exports) အခြေအနေမှာ စက်တင်ဘာလတွင် ၅.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ အောက်တိုဘာလတွင် ၃.၁ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းခဲ့ ပါသည်။ စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်ကို အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်နှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်ဟူ၍ နှစ်မျိုးခွဲခြားဖော်ပြရာ၌ အီလက်ထရွန်နစ်ပစ္စည်း ပို့ကုန်မှာ ၀.၄ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်မှာ ၃.၉ ရာခိုင်နှုန်းတို့ဖြင့် နှစ်မျိုးလုံး တင်ပို့မှုကျဆင်းခဲ့ပါသည်။ အီလက်ထရွန်နစ်ပစ္စည်းတင်ပို့မှုတွင် အထူးသဖြင့် ICs (-၁၂.၈%) ၊ ကွန်ပျူတာအရံပစ္စည်းများ (-၆.၉%) နှင့် Personal Computers ပစ္စည်းအစိတ်အပိုင်း (-၁%) တို့ လျှော့ကျခဲ့ပြီး၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်များအနက် ရွှေ (-၆၁%)၊ ရေနံဓာတုပစ္စည်း (-၁၅.၃%) နှင့် အထွေထွေစက်မှုပစ္စည်း (-၃၇.၃%) တို့မှာ တင်ပို့မှု ကျဆင်းခဲ့ပါသည်။ အဆိုပါ စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်များကို အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အီးယူ (၂၇ နိုင်ငံ) သို့ တင်ပို့မှုတိုးတက်ခဲ့သော်လည်း ဟောင်ကောင် (-၂၁%)၊ ထိုင်း   (-၁၂.၂%) နှင့် မလေးရှား (-၇.၈%) စျေးကွက်များသို့ တင်ပို့မှုလျှော့ကျခဲ့ကြောင်းနှင့် CLMV နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲစျေးကွက်များသို့ တင်ပို့မှုသည်လည်း ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

          စက်သုံးဆီစျေးနှုန်းကျဆင်းနေမှုကြောင့် အောက်တိုဘာလအတွင်း စင်ကာပူ၏ စက်သုံးဆီ တင်ပို့မှုမှာ ၅၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ အဓိကအားဖြင့် သြစတြးလျ (- ၇၄.၂%) ၊ ဟောင်ကောင် (-၇၂.၉%) နှင့် မလေးရှား        (- ၅၅.၆%) နိုင်ငံများသို့ တင်ပို့မှုကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ သို့ရာတွင် အီလက်ထရွန်နစ်ပစ္စည်းများကို ပြန်လည်တင်ပို့မှုသည် ဆက်လက်တိုးတက် နေသည့် အတွက် စက်သုံးဆီမဟုတ်သောကုန်ပစ္စည်းများကို ပြန်လည် တင်ပို့မှု (Non-Oil Re-exports) မှာ ၂.၅ ရာခိုင်နှုန်း တိုးတက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မြတ်နိုး၊ စီးပွားရေးသံမှူး၊