Main menu

Background

စင်ကာပူနိုင်ငံ၏ ခရီးသွားစျေးကွက်မြှင့်တင်ရန်အတွက် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့နှင့် Trip.com Group တို့က MoU လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်မည်

Wed, 11/18/2020 - 12:34 -- journal_editor

စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board – STB) နှင့် နိုင်ငံတကာ ခရီးသွားလာရေးအွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း Trip.com Group တို့သည် စင်ကာပူနိုင်ငံအား ကမ္ဘာလည့်ခရီးသည်များ ရွေးချယ်လည်ပတ်သောနေရာတစ်ခုအဖြစ် စျေးကွက်မြှင့်တင်နိုင်ရေးနှင့် လာရောက်လည်ပတ်စဉ်အတွင်း ပိုမိုကောင်းမွန်သော ခရီးသွားအတွေ့အကြုံများ ရရှိစေရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် (၃)နှစ်သက်တမ်းရှိသော နားလည်မှုစာချွန်လွှာ (MoU) ကို ၁၇ - ၁၁ - ၂၀၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

          ဤသို့ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတကာခရီးသွားလာရေး အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Trip.com Group ၏ ကမ္ဘာအနှံ့ချိတ်ဆက်ဆောင်ရွက်နိုင်မှုနှင့် ၎င်း၏ မြောက်မြားစွာသော User Base မှတစ်ဆင့် ခရီးသည်များ၏ လိုအပ်ချက်/ ကြိုက်နှစ်သက်မှုများ အပေါ် သုံးသပ်ဆောင်ရွက်နိုင်စွမ်းရှိမှုတို့အပေါ် အသုံးချဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စျေးကွက်မြှင့်တင်ခြင်း၊ အချက်အလက်ဆန်းစစ်သုံးသပ်ခြင်း၊ ခရီးစဉ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

          ခရီးသွားစျေးကွက်မြှင့်တင်မှုအပိုင်းတွင် ကမ္ဘာလည့်ခရီးသည်ဆွဲဆောင်ရန် ရည်ရွယ်ထား သော စျေးကွက်များ၌ စျေးကွက်မြှင့်တင်ရေးလှုပ်ရှားမှုအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပြီး၊ အဓိကအားဖြင့် တရုတ်နိုင်ငံပြည်မကြီး၊ ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် ထိုင်း တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စျေးကွက်မြှင့်တင်ရေးလှုပ်ရှားမှုအစီအစဉ်များကိုလည်း သက်ဆိုင်ရာစျေးကွက်များ၏ ခရီးသွားလာရေးအတွက် အဆင်သင့်ဖြစ်မှုနှင့် ချမှတ်ထားသော မူဝါဒများအပေါ်မူတည်၍ အဆင့်လိုက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စင်ကာပူအား ကမ္ဘာလည့်ခရီးသည်များရွေးချယ်သော လုံခြုံမှုနှင့် ဆွဲဆောင်မှုရှိသည့် နေရာတစ်ခု အဖြစ် ရပ်တည်လာစေရန်၊ စင်ကာပူ၏ ခရီးစဉ်သတင်းများကို မီဒီယာလမ်းကြောင်းအမျိုးမျိုး တို့မှတစ်ဆင့်ဖော်ပြရာ၌ ခရီးသွားလာရေးအတွက် လှုံ့ဆော်အားပေးနိုင်သော၊ ဆွဲဆောင်မှုအပြည့် ရှိသောအကြောင်းအရာများ ထည့်သွင်းဖော်ပြနိုင်စေရေး ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသည်အမျိုးမျိုးနှင့် လိုက်လျောညီထွေ ရှိမည့် ခရီးစဉ်များကို ရွေးချယ်၍ ဦးစားပေးဆောင်ရွက်ခြင်း၊ ခရီးသွားလာရေးနှင့်ဆက်စပ် ပတ်သက်သည့်လုပ်ငန်းများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းတို့အား ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

          ယခုကဲ့သို့ STB နှင့် Trip.com Group တို့အကြား MoU ရေးထိုး၍ ပူးပေါင်းဆောင်ရွက် ခြင်းကြောင့် စင်ကာပူ၏ ခရီးသွားလာရေးကဏ္ဍ ပြန်လည်နာလန်ထူလာစေရေးအတွက် ပံ့ပိုး ပေးနိုင်မည်ဟု STB ၏ အမှုဆောင်အရာရှိချုပ် Mr Keith Tan က ပြောကြားခဲ့ပါသည်။ ထို့ပြင် MoU ရေးထိုးပွဲတွင် Trip.com Group ကလည်း ၎င်း၏ နိုင်ငံတကာရုံးခွဲကို စင်ကာပူ၌ မကြာမီကာလက တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါသည်။ စင်ကာပူသည် အဆင့်မီ အခြေခံအဆောက်အအုံများရှိမှု၊ တစ်မူထူးခြားသော ခရီးစဉ်များဖြင့် ဆွဲဆောင်နိုင်မှု တို့ကြောင့် ကမ္ဘာအနှံ့မှ ခရီးသည်များက သွားလာလည်ပတ်လိုသောနေရာများအနက်တစ်ခု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြည်မကြီးမှ ခရီးသည်များကို စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နာရီအနည်းငယ်အကြာတွင်ပင် Trip.com Group ၏ အပလီကေးရှင်းအသုံးပြုသူများက စင်ကာပူရှိ ဟိုတယ်နှင့် လေကြောင်းခရီးစဉ်များ ရှာဖွေမှုမှာ ၃၇၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ဇူလိုင်လတွင် (၁) နာရီကြာမြင့်သော "BOSS live" ရုပ်သံထုတ်လွှင့်မှုအစီအစဉ်အတွင်း ဟိုတယ်အခန်းပေါင်း ၁၀,၀၀၀ ကျော်အထိ ရောင်းချ ခဲ့ရကြောင်း Trip.com Group ၏ ဥက္ကဋ္ဌ Mr james Liang က ပြောကြားခဲ့သည်။      

 

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့