Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်း တန်ဖိုးရှိ ချင်းခြောက် ၃၆ တန်ကျော်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ချင်းခြောက်အပို့ ၂၉ တန် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ပြည်မတ်ပဲဈေးမှာ တဖြည်းဖြည်း ဈေးမြင့်လာခဲ့ပေမယ့် ပဲအဝင်ပါးလာခဲ့တယ် လို့သိရပါတယ်။ ပြည်၊ အောင်လံကြားရွာ များမှ ပဲလက်ကျန်ရှိတဲ့ အချို့တောင်သူ များက လှောင်ပဲများကို ရောင်းချလာကြလို့ နေ့စဉ်အိတ် ၂၀၀ ခန့် အဝင်ရှိတယ် လို့ သိရပါတယ်။ ပြည်ပဲဈေးကွက်မှာ အဝင်နည်းနေပေမယ့် ဈေးမြင့်နေပြီး၊ ရန်ကုန် ဝယ်လက်ကလည်း ဝယ်အားများနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ တတိယ ပတ်ရဲ့ အစရက်မှာ မတ်ပဲတစ်တင်းကို ၁၆၆၀၀ ကျပ်မှ အလယ်ရက်မှာ ၁၈၀၀၀ ကျပ်ထိ မြင့်လာခဲ့ တယ်လို့သိရပါတယ်။ ရန်ကုန် ဝယ်လက်မှ တစ်နေ့ကို အိတ် ၆၀၀-၇၀၀ ခန့် အဝယ်ဖြစ်ပြီး၊ ပြည်မှ ရန်ကုန်ဘုရင့်နောင်သို့ တစ်နေ့ အိတ် ၃၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းတန်ဖိုးရှိ ပဲယင်း ၇၂ တန် အပို့ရှိပါတယ်။ ယခင်အပတ်ကလည်း ၇၇ တန်ခန့် အပို့ရှိခဲ့ရာ ပဲယင်းအပို့ပုံမှန်ရှိနေတယ်လို့ဆိုရ ပါမယ်။ နှစ်ဖက် မြေပြင်ဈေး များ မြင့်တက်လျက် ရှိပါတယ် -
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၂၈၈ တန်ခန့်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၆၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းအခြမ်း ၆၇ တန်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ တင်ပို့မှု ရှိခဲ့ပါတယ်။ မိမိဘက်ရောတစ်ဖက်နိုင်ငံမှာပါ ပဲတီစိမ်းမြေပြင် ပေါက်ဈေးများ လျော့ကျလျက်ရှိပါတယ် -
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၄၃ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၆၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းတန်ဖိုးရှိ ထောပတ် ပဲ တန် ၇၀ ခန့်ကို အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် စွန်တာနီ/ပြာ ၁၃ တန်နဲ့ ထောပတ်ပဲ ၄၂ တန်တင်ပို့မှုပိုမိုခဲ့ပါတယ်။MIRT(DOBT)
ယခုတစ်ပတ်အတွင်း ရန်ကုန်ဝယ်လက်မရှိဘဲ ပြည်တွင်း စက်မှုကုန်ကြမ်းသုံး ဝယ်လက်သာရှိတဲ့ ကုလားပဲမျိုးစုံဟာ ပဲ လက်ကျန်အခြေအနေကြောင့် တက်ဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ တစ်တင်း အနိမ့်အမြင့်ပေါက်ဈေးမှာ ထိုင်ဝမ် ၂၀၇၀၀ ကျပ်မှ ၂၁၃၀၀ ကျပ်၊ V2 ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ ကျပ်၊ 929 ၂၀၉၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးတက်ဈေးရခဲ့ကြပါ တယ်။
အိန္ဒိယမှာ ပွဲတော်ရာသီမတိုင်မီ ကုလားပဲ ဝယ်လိုအားများလာခြင်း ၊ ဈေးကွက်အတွင်း ပဲအဝင် ကျဆင်းခြင်းတို့ကြောင့် NCDEX ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ကုလားပဲကြိုပွိုင့်ဈေးနှုန်းတွေ မြင့်တက်နေပြီး ထပ်မံမြင့်တက်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်း ကြတယ်။ ဇူလိုင် ၁၄ ရက်က ရောင်းချခဲ့တဲ့ သြဂုတ်လစာချုပ်ဈေးနှုန်းက တစ်ကွမ်တယ်လ်ကို ၄၇၄၁ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၈၆၂ ဝန်းကျင်) အထိ ရောက်ရှိမြင့်တက်ခဲ့တယ်။
ယခုနှစ်မုတ်သုံမိုးနည်းတာကြောင့် ပဲမျိုးစုံ ထုတ်လုပ်မှု လျော့ကျနိုင်တဲ့အပေါ် စိုးရိမ်မှုတွေအရ အိန္ဒိယအစိုးရက သာမန်ပြည်သူများ ဈေးကြီးပေးဝယ်ရမှု သက်သာရာရစေဖို့ အတွက် ရာရှင်ဆိုင်များမှတစ်ဆင့် ပဲလျှော့ဈေးနဲ့ ရောင်း ချမယ့် အစီအစဉ်ကို ပြန်လည်စတင်ဖို့ စဉ်းစားနေပါတယ်။ ပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းမှာဖြစ်တဲ့အတွက် အချို့သော ဆောင်ရွက်မှုတွေ တင်ပြထားတယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်စ်မှ ပြောကြားပါတယ်။
အိန္ဒိယမှာ လက်ရှိ မိုးပဲစိုက်ပျိုးမှု အနေနဲ့ အချို့ဒေသ တွေမှာ မိုးရေရရှိလို့ စိုက်ပျိုးမှုပုံမှန်ရှိပေမဲ့ အချို့ဒေသ တွေမှာ တော့ မိုးပါးနေသေးတဲ့အတွက် ပဲစိုက်ပျိုးမှု နှေးကွေးနေသေး တယ်လို့ သိရပါတယ်။ စုစုပေါင်း ပဲမျိုးစုံစိုက်ပျိုးမှုမှာ ယခု အချိန်ထိ ဟက်တာ ၂၀ ဒသမ ၅၄ သိန်းရှိပြီဖြစ်လို့ ပြီးခဲ့နှစ် စိုက်ပျိုးမှုဟက်တာ ၃၂ ဒသမ ၈၃ သိန်းထက် ဟက်တာ ၁၂ ဒသမ ၃၄ သိန်းလျော့ကျနေပြီလို့ သိရပါတယ်။
ယခုတစ်ပတ် ပဲမျိုးစုံတင်ပို့မှုယခင်တစ်ပတ်ထက်လျော့လာ ယခုတစ်ပတ်ပဲမျိုးစုံတင်ပို့မှုက ပြီးခဲ့တဲ့ အပတ်ထက် လျော့နည်းတာတွေ့ရပါတယ်။ ဇူလိုင် ၉ ရက်မှ ၁၃ ရက်အထိ ပဲမျိုးစုံတန်ချိန် ၃၁၇၈၅ သာရှိလို့ ပြီးခဲ့တဲ့ သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၆၄၇၉၁ ထက် ထက်ဝက်ခန့် ကျဆင်းခဲ့ပါ တယ်။အထူးသဖြင့် ပဲတီစိမ်းမှာယခင်တစ်ပတ်က တင်ပို့မှု ထူး ထူးခြားခြားမြင့်တက်ရာမှ ယခုတစ်ပတ်မှာ ပုံမှန်အနေ အထားအတိုင်း ပြန်တင်လာတာကြောင့် ဖြစ်ပါတယ်။ ယခု တစ်ပတ် ပဲတီစိမ်း တန် ၂၅၀၀ ဝန်းကျင်နဲ့ ပုံမှန်ဈေးကွက် တွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ယူအေအီး၊ စင်ကာပူနဲ့ မလေးရှားတို့ကို တင်ပို့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်ကတဆင့် တရုတ်ကို တင်ပို့မှုမရှိဘဲ နယ်စပ်လမ်းကြောင်းကသာ တင်ပို့မှုပိုများတယ်လို့ သိရပါ တယ်။ အညာပဲတီစိ မ်းတွေ ဝင်လာနေပြီဖြစ်သလို ပဲတီရွှေဝါ ကို ပြည်ပအဝယ်ပုံမှန်ရှိ FOB ဈေးအနည်းငယ် တိုးလာသ လို ပြည်တွင်းဈေးမှာလည်း တစ်တန် ၂၇၀၀၀-၃၀၀၀၀ ကျပ်ခန့် တိုးလာခဲ့ပါတယ်။
