Background
ဖိလစ်ပိုင်နိုင်ငံမှာ အောက်တိုဘာလနှောင်းပိုင်းမှ နိုဝင်ဘာလအစပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်း နေတာကြောင့် ကျွန်းစုများမှာ ကြက်သွန်ဖြူစိုက်ပျိုးမှု နှောင့်နှေးနေကြောင်းသိရပါတယ်။ ကြက်သွန်ဖြူစိုက် ရာသီဟာ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်းဖြစ်ပြီး၊ ယခုလိုမိုးရွာသွန်းနေတဲ့အတွက် တောင်သူများစိုက်ပျိုးမှု စတင်နိုင်ခြင်းမရှိတဲ့အတွက် သင့်တော်တဲ့ အထွက်နှုန်းရရှိနိုင်မှာ မဟုတ်ဘူးလို့ ပြည်နယ်စိုက်ပျိုးရေးပညာရှင် Priscilla Nanud မှ ပြောကြားပါတယ်။ အောက်တိုဘာလ အစပိုင်းမှာ စိုက်တဲ့ ကြက်သွန်ဖြူကို ဖေဖော်ဝါရီလနှောင်းပိုင်းမှ မတ်လအတွင်း ရိတ်သိမ်းပြီး၊ နိုဝင်ဘာလလယ်မှာ စိုက်တဲ့အပင်ကို ဧပြီလမှ မေလအစောပိုင်းအတွင်း ရိတ်သိမ်းတယ်လို့သိရပါတယ်။ ဒါပေမဲ့ တောင်သူ များရဲ့ အတွေ့အကြုံအရ နိုဝင်ဘာလနှောင်းပိုင်း သို့မဟုတ် ဒီဇင်ဘာလအစပိုင်းမှာ စိုက်တဲ့ကြက်သွန်ဖြူဟာ ဥသေးတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊Source: pia.gov.ph
အိန္ဒိယအစိုးရဟာ ကြက်သွန်နီပြည်ပတင်ပို့မှုတိုးမြှင့်ဖို့နဲ့ ပြည်တွင်းဈေးကျဆင်းစေဖို့ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း MEP ကို ယခင်တစ်တန် ကန်ဒေါ်လာ ၄၇၅ မှ ကန်ဒေါ်လာ ၁၂၅ လျှော့ချပြီး တစ်တန်ကန်ဒေါ်လာ ၃၅၀ သတ်မှတ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းအချို့ ကြက်သွန်နီအမျိုး အစားကိုတော့ တစ်တန်ကန်ဒေါ်လာ ၄၀၀ နဲ့ ထိန်းထား တယ်လို့ ဆိုပါတယ်။ ကြက်သွန်နီလက်လီဈေး တစ်ကီလိုရူပီး ၂၅ (ကန်ဒေါ်လာ သုည ဒသမ ၄၉) ဖြစ်ခဲ့စဉ် စက်တင်ဘာ လ အစပိုင်းက MEP ဈေးနှုန်းကို ကန်ဒေါ်လာ ၃၀၀ မှ ၄၇၅ ကို မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ ကြက်သွန်နီနဲ့ပတ်သက်တဲ့ ပြန်လည်သုံးသပ်မှုအစည်း အဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စီးပွားကူးသန်း ဝန်ကြီး ဌာနမှာ ပြုလုပ်ခဲ့ပြီး MEP ဈေးနှုန်းလျှော့ချဖို့ သဘောတူ ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်စိုက်ပျိုးရေး ဆိုင်ရာ သမဝါယမ ဈေးကွက်အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ Rajeeu Gupta က ပြောကြားခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်ရဲ့လများမှာ ကြက်သွန် တင်ပို့မှု ကျဆင်းခဲ့ရာ ဧပြီလမှအောက်တိုဘာလအတွင်း စုစုပေါင်းတန်ချိန် ၈၅၅၉၈၄၊ ရူပီး ၁၁ ဒသမ ၀၈ ဘီလီယံ (ကန်ဒေါ်လာ ၂၁၇ သန်း) ဖိုး တင်ပို့ခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၁ ဒသမ ၃၈ သန်းထက် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ အဓိကတင်ပို့တဲ့နိုင်ငံများ ကတော့ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှားနဲ့ သီရိလင်္ကာ တို့ ဖြစ်ပါတယ်။ နိုင်ငံတော် ဟင်းသီးဟင်းရွက်သုတေသနနဲ့ ဖွံ့ဖြိုးရေး အဖွဲ့မှ ပြောကြားချက်အရ အိန္ဒိယနိုင်ငံဟာ ကြက်သွန်နီ တန်ချိန် ၁၅ ဒသမ ၁၃ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားလို့ ယခင်နှစ်ထုတ်လုပ်တဲ့တန်ချိန် ၁၄ ဒသမ ၅၆ သန်းထက် ၄ ရာခိုင်နှုန်း မြင့်တက်တယ်လို့ဆိုပါတယ်။ စုစုပေါင်းထုတ်လုပ်မှု ရဲ့ ၁၀-၁၅ ရာခိုင်နှုန်းကို မိုးရာသီမှာထုတ်လုပ်ပြီး နောက်ထပ် ၃၀-၄၀ ရာခိုင်နှုန်းကိုတော့ မိုးနှောင်းပိုင်းမှာ ထုတ်လုပ်ကာ ကျန်ပမာဏကို ဆောင်းရာသီမှာ စိုက်ပျိုး ထုတ်လုပ်ပါတယ်။ ဈေးနှုန်းကျဆင်းရင် တောင်သူများနောက်နှစ်မှာ စိုက် ပျိုးမှု လျော့နည်းမှာဖြစ်ပြီး၊ ဈေးနှုန်းကြီးမြင့်ရင် စားသုံးသူတွေ ထိခိုက်တဲ့အတွက် ဈေးနှုန်းမျှခြေဖြစ်ဖို့ အရေးပါတယ်လို့ ွGupta ကဆိုပါတယ်။ စားသုံးသူရေးရာ ဌာနရဲ့ ဈေးနှုန်း စောင့်ကြည့်အဖွဲ့မှ ပြောကြားချက်အရ စက်တင်ဘာလ အစပိုင်းကမြို့တော်မှာလက်လီဈေး တစ်ကီလို ၂၃ ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၄၅) ရှိရာမှ ယခု ၂၁ ရူပီး (ကန်ဒေါ် လာ သုည ဒသမ ၄၁ ) ကို ကျဆင်းခဲ့ပြီလို့ဆိုပါတယ်။ မိုးနှောင်းကြက်သွန်များ လာမယ့်လကစပြီး ဝင်ရောက်လာ တော့မှာဖြစ်လို့ ဈေးထပ်မံကျဆင်းနိုင်တယ်လို့ပြောပါတယ်။ ယမင်းခင်၊ Source: business standard
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ နနွင်းဝယ်လိုအားတက်လာတာကြောင့် ကြိုပွိုင့်ဈေးရော လက်ငင်းဈေး ပါ မြင့်တက် လာခဲ့ပါတယ်။NCDEX မှာ နိုဝင်ဘာစာချုပ်ဈေးဟာ ၄ ဒသမ ၀၁ ရာခိုင်နှုန်း ပိုမိုပြီး၊ တစ်တန် ရူပီး ၅၇၀၀၀ (ကန်ဒေါ်လာ ၁၁၁၆)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အီရော့နနွင်းကုန်သည်များဈေးဝင်းမှာ နနွင်းဈေး တစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၃၉)မြင့်တက်ပြီး၊ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၄၀၉၀ - ၄၈၅၅၀ (ကန်ဒေါ်လာ ၆၆၈-၉၅၁)နဲ့ နနွင်းဥ တစ်တန် ရူပီး ၃၂၂၀၀-၄၅၈၉၀ (ကန်ဒေါ်လာ ၆၃၁-၈၉၉)နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နနွင်းဈေးကလျော့ကျမယ့် အခြေအနေရှိတဲ့အတွက် ပြည်ပတင်ပို့သူများ ဝယ်လိုအား ထိန်းထားဆဲ ဖြစ်ပါတယ်။ လက်ကျန်များနေခြင်းအပြင် ထုတ်လုပ်မှုတိုးတက်မယ်ခန့်မှန်းချက်များအရ ကာလတို အတွင်းမှာလည်း ဈေးထပ်မံကျဆင်း ဖွယ်ရှိ တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ငင်းဈေးကွက်များကို နေ့စဉ်နနွင်းအိတ် ၇၀၀၀-၈၀၀၀ ခန့်ဝင်ရောက်နေပါတယ်။ ကုန်သည်များ ပြောကြားချက်အရ တောင်သူလက်ထဲမှာ နနွင်းအိတ် ၁၃ သိန်းခန့် ကျန်ရှိနေကြောင်းနဲ့ နနွင်းသစ် မဝင်ရောက်မီ လက်ကျန်များ ထုတ်ရောင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: commodilyonline
နနွင်းကတော့ လက်လီသမားတွေက အမှုန့်လုပ်ဖို့အတွက်သာ ဝယ်ယူမှုရှိနေပါတယ်။ အရောင်းအဝယ် ကလည်း တစ်ပတ်ကို ပိဿာချိန် ၁၀၀ လောက်သာ အရောင်းအဝယ်ဖြစ်ပြီး၊ မန္တလေးကသာ အဓိကဝယ်ယူ နေတယ်လို့လည်း သိရပါတယ်။ ရှမ်းပြည်နယ်မှာ နနွင်းလက်ကျန်တွေများနေပေမဲ့ ဒီနှစ်နနွင်းစိုက်ဧကကလည်း အရင်နှစ်တွေလိုပဲ ပြန်စိုက်ကြပါတယ်။ နနွင်းက ၄-၅ နှစ်အထားခံတဲ့အတွက် တစ်နှစ်မဟုတ်တစ်နှစ်တော့ ဈေးကောင်းရနိုင်တယ်ဆိုပြီး စိုက်ကြတယ်လို့လည်း တောင်သူတွေထံကသိရှိရပါတယ်။ နနွင်းဈေးကတော့ ပင်လောင်းနနွင်းက အရင်တစ်ပတ်တွေလိုပဲ ကျပ် ၁၀၀၀ အောက်ဈေး သာရှိပြီး၊ ဆင်တောင်နနွင်းက ၁၈၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဈေးသာရှိပါတယ်။ ဧဧခိုင်
ကမ္ဘာ့ငရုတ်ကောင်းထုတ်လုပ်မှုကို နောက်ဆုံးခန့်မှန်းချက်အရ ၂၀၁၁ နိုဝင်ဘာလမှ ၂၀၁၂ ဒီဇင်ဘာလ အတွင်း ယခုရာသီမှာ ၄ ရာခိုင်နှုန်း တိုးတက်မယ်လို့ သိရပါတယ်။ စုစုပေါင်းထုတ်လုပ်မှုတန်ချိန် ၂၇၀၀၀၀ ဝန်းကျင်ရှိပြီး၊ ဗီယက်နမ်က ထုတ်လုပ်မှုတန်ချိန် ၁၄၀၀၀၀ နဲ့ ကမ္ဘာ့ဟင်းခတ်အမွှေးအကြိုင်ရောင်းချမှုကို ဦး ဆောင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဗီယက်နမ်က တန်ချိန် ၁၃၀၀၀၀ ထွက်ရှိခဲ့ပါတယ်။ ၂၀၁၂ အတွင်း ကမ္ဘာ့ရောင်းချမှုကို ခန့်မှန်းရာမှာတော့ အဓိကထုတ်လုပ်ရာ နိုင်ငံများက လက်ကျန်များ အပါအဝင် စုစုပေါင်းတန်ချိန် ၃၂၀၀၀၀ ခန့်ရှိနိုင်လို့ ၂၀၁၁ ခုနှစ်အတွင်း ရောင်းချခဲ့တဲ့တန်ချိန် ၃၃၀၀၀၀ ထက် တန်တစ်သောင်းခန့်လျော့နည်းမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ စိုက်ပျိုးဧက သိသိသာသာမြင့် တက်တဲ့အတွက် ထုတ်လုပ်မှုတိုးတက်မှာသေချာကြောင်းလည်းဆိုပါတယ်။ လွန်ခဲ့တဲ့ ၂-၃ ရာသီအတွင်း ဈေးနှုန်းအမြင့်ဘက် တက်နေတဲ့အတွက် ဗီယက်နမ် နိုင်ငံမှာ စိုက်ဧရိယာတိုးချဲ့လာကြပါတယ်။ ဒါပေမဲ့ အာဏာပိုင်များက ငရုတ်ကောင်းဈေးနှုန်းမြင့်တဲ့ဇုန်အဖြစ်ထိန်းထားဖို့ စိုက်ဧရိယာ မတိုးချဲ့ဖို့ တောင်သူတွေကို အကြံပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အချို့ ဒေသတွေမှာ ဓာတ်မြေသြဇာ အလွန်အကျွံသုံးစွဲ မှုကြောင့် ငရုတ်ကောင်းပင် များ ပိုးကျပြီး ပျက်စီးမှုတွေ မြန်ဆန်လာနိုင်တဲ့အတွက် နောက်ရာသီမှာ ငရုတ် ကောင်း ထုတ်လုပ်မှု တိုးတက်ဖွယ်မရှိ တန့်နေနိုင်သလို ထုတ်လုပ်မှုကျဆင်းနိုင်တယ် လို့လည်းဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ထုတ်လုပ်မှုကတော့ ၂၀၁၁ ခုနှစ်အတွင်း တန်ချိန် ၄၈၀၀၀ ထက်လျော့ပြီး တန်ချိန် ၄၂၀၀၀ သာထွက်ရှိနိုင်တယ်လို့ခန့်မှန်းထားပြီး၊ ဘရာဇီးနဲ့ မလေးရှားတို့ကတော့ တန်ချိန် ၃၀၀၀၀ နဲ့ ၂၀၀၀၀ အသီးသီးမှာ ငြိမ်နိုင်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားကတော့ ယခင်နှစ်ကတန်ချိန် ၁၀၀၀၀ ထွက်ရှိခဲ့ရာက တန်ချိန် ၁၅၀၀၀ တိုးတက်နိုင်တယ်လို့ဆိုပါတယ်။ ယခုနှစ် ကမ္ဘာ့ငရုတ်ကောင်း ရောင်းချမှှုနည်းခြင်းက ကမ္ဘာ့ ဈေးကွက်များအတွင်း ဈေးနှုန်းမြင့်တက်ဖို့ ဦးတည်စေပါတယ်။ ဗီယက်နမ် Asta ငရုတ်ကောင်းဈေးဟာ ယခင် သီတင်းပတ်က တစ်တန် ကန်ဒေါ်လာ ၇၃၅၀ ရှိရာမှ ၇၉၀၀ ကို မြင့်တက်ခဲ့ပြီး၊ အိန္ဒိယ Asta ငရုတ်ကောင်း ဈေးမှာလည်း ယခင်သီတင်းပတ်က ကန်ဒေါ်လာ ၇၂၅၀-၇၃၀၀ ရှိရာမှ နိုဝင်ဘာလ ၁၆ ရက်မှာ ကန်ဒေါ်လာ ၇၄၅၀ ကို တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: Business standard
အလှူပွဲတွေ၊ ကထိန်တွေပြီးသွားတာကြောင့် ဈေးကွက်မှာလည်း သီးနှံတွေ ပြန်ပြီး အဝင်များလာပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက အောင်ပန်းမြို့နယ်တစ်ဝိုက်က ချင်းတွေသာ အဝင်ရှိခဲ့ပေမဲ အခုတစ်ပတ်မှာတော့ ကလောမြို့နယ်ဖက်ကပါဝင်လာပြီဖြစ်လို့ အဝင်လှိုင်နေတယ်လို့သိရပါတယ်။ အဝင်ကတော့ တစ်ရက်ကို ပျမ်းမျှပိဿာချိန် သောင်းဂဏန်းခန့် ဝင်နေတယ်လို့လည်းသိရပါတယ်။ ဝယ်လက် တွေကတော့ လက်ကြီးသမား ဆိုရင် တစ်ရက်ကို ပိဿာချိန် ထောင်ချီမှာယူပြီး၊ ၎င်းတို့မြို့တွေမှာ လက်ကားပြန်ဖြန့်ကြပါတယ်။ လက်လီသမား တွေကတော့ ပိဿာချိန် ရာဂဏန်းခန့်သာမှာယူပြီး တစ်ဖြတ်ကုန်မှ နောက်တစ်ဖြတ်မှာယူပြီး ရောင်းကြတယ်လို့ သိရပါတယ်။ အဓိကလက်ကြီးသမားတွေကတော့ မန္တလေး၊ မြင်းခြံ၊ တောင်ငူဝယ်လက်တွေ ဖြစ်ပါတယ်။ ဒီတစ်ပတ်ချင်းဈေးကတော့ အကြီး၊ အသေးပေါ်မူတည်ပြီး တစ်ပိဿာ ၄၀၀ ကျပ်၊ ၄၃၀ ကျပ်၊ ၄၇၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အဝယ်အေးနေလို့ လက်ကျန်ချင်းခြောက်တွေကိုသာ အရင်ထုတ်ရောင်းကြမှာဖြစ်ပြီး၊ ချင်း (စို) ဈေး ၃၀၀ ကျပ်အောက်ရောက်မှသာ ချင်းခြောက်ပြုလုပ်ကြမှာလို့လည်းသိရပါတယ်။ ချင်းခြောက်ရဲ့ လက်ရှိပေါက်ဈေး ကတော့ တစ်ပိဿာ ၂၀၀၀ ကျပ်၊ ၂၁၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ယခုတစ်ပတ် ပြည်ဈေးကွက်ရဲ့ ချင်းအရောင်းအဝယ်မှာ ပစ္စည်းအရည် အသွေး ပိုကောင်းလာတဲ့အတွက် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရပါတယ်။ စီးဝင်မှုအားဖြင့် အောင်ပန်းဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၅၀၀ ခန့်ရှိပြီး၊ လက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအဖြစ် လက်ကျန်မရှိ အရောင်းသွက်လျက်ရှိနေပါတယ်။ အရောင်းသွက် ပေမယ့် ဈေးနှုန်းမှာ ပုံမှန်ရှိနေပြီး ချင်းတစ်ပိဿာကို (ရှယ်) ၁၀၀၀ ကျပ်၊ (ဂျွန်) ၈၀၀ ကျပ်၊ ချင်း(ဓားလှီး) ၁၀၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းလဲ့ဝါ
ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို ဘိုကိတ် ပဲသစ်များ ဝင်လာပြီလို့ သိရပါတယ်။ ကံမ၊ ပန်းတောင်း မြို့နယ်များမှ စတင်အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၃၀-၄၀ အဝင် ရှိခဲ့တယ်လို့ သိရပါတယ်။ ဘိုကိတ်ပဲသစ်မှာ တစ်တင်း ကို ၁၁၀၀၀ ကျပ်နဲ့ဈေးစဖွင့်ခဲ့ပြီး၊ အရောင်းအဝယ်မှာ ပုံမှန်ဝယ်ယူသူ လက်လီသမားများနဲ့ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ပဲဟောင်းမှာ တစ်တင်းကို ၈၀၀၀ ကျပ်သာ ရှိပြီး၊ အရောင်းအဝယ် အေးနေခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ပါကစ္စတန်နိုင်ငံရဲ့ အဓိက ပဲမျိုးစုံဈေးနှုန်းများ အမြင့်ဆုံး ပမာဏကို ရောက်ရှိခဲ့ပြီးတဲ့နောက်၊ မိုးအနည်းငယ် ရွာသွန်းမှု ကြောင် ဆင်းနဲ့ ပန်ဂျပ်ပြည်နယ်တို့မှာ အထွက်နှုန်းတိုးတက်ခဲ့ တဲ့ အတွက် လက်လီ၊ လက်ကားဈေး များ ပြန်လည်ကျဆင်း လာနေပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့အတွက် ပါကစ္စတန်ပြည်သူများရဲ့ ဝယ်ယူနိုင်မှု စွမ်းအားထက် ကျော်လွန် ခဲ့ပါတယ်။ ဒါကြောင့်လည်း ပဲမျိုးစုံကို ဝယ်ယူမှုကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းခွဲခြမ်း လက်ကားဈေး တစ်ကီလိုကို ပါကစ္စတန် ရူပီး ၁၄၀ (ကန်ဒေါ်လာ ၁ ဒသမ ၆၁)ရှိခဲ့ရာမှ ယခုအခါ ရူပီး ၁၁၀ (ကန်ဒေါ်လာ ၁ ဒသမ ၂၇)ရှိပြီး၊ လက်လီဈေး ရူပီး ၁၃၅-၁၄၀ (ကန်ဒေါ်လာ ၁ ဒသမ ၅၆ - ၁ ဒသမ ၆၁) ရှိခဲ့ရာမှ ရူပီး ၁၂၀ (ကန်ဒေါ်လာ ၁ ဒသမ ၃၈)ကို ကျဆင်း ခဲ့ပါတယ်။ ကာဘူလီကုလားပဲဈေးမှာလည်း လက်ကား ဈေးကွက်မှာ ရူပီး ၁၅၀ (ကန်ဒေါ်လာ ၁ ဒသမ ၇၃)အထိ မြင့်တက်ခဲ့ရာမှ ရူပီး ၁၃၅-၁၄၀ (ကန်ဒေါ်လာ ၁ ဒသမ ၅၆ - ၁ ဒသမ ၆၁)ကို ကျဆင်းခဲ့ပါတယ်။ ကုလားပဲခွဲခြမ်းဈေးကလည်း ယခင်တစ်ကီလို ရူပီး ၇၀- ၇၅ (ကန်ဒေါ်လာ သုည ဒသမ ၈၁ - သုည ဒသမ ၈၆) ရှိခဲ့ရာမှ ရူပီး ၆၀-၆၅ (ကန်ဒေါ်လာ သုည ဒသမ ၆၉ - သုည ဒသမ ၇၅) ကိုလျော့ကျခဲ့ပြီး၊ မတ်ပဲခွဲခြမ်း လက်ကား ဈေးမှာလည်း ရူပီး ၁၃၅ (ကန်ဒေါ်လာ ၁ ဒသမ ၅၆)ကို လျော့ကျခဲ့ပါတယ်။ ပဲတင်သွင်းသူ ခေါင်းဆောင် Anees Majeed ပြောကြားတာတော့ ကမ္ဘာတစ်ဝန်းမှ တင်သွင်းတဲ့ ပဲဈေးကျဆင်းတာကြောင့်လည်း ပြည်တွင်းပဲ ဈေးကျဆင်းရ ခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ လာမယ့် ရာသီအတွင်း အထွက်နှုန်းကောင်းဖွယ် ရှိခြင်းက ပဲမျိုးစုံဈေးနှုန်းအကျဘက်ဆင်းနိုင်တဲ့အတွက် နေ့စဉ်ပဲစားသုံးမှု လျှော့ချထားရတဲ့ ပဲဝယ်ယူသူများ ဈေးသက်သက်သာသာနဲ့ ဝယ်ယူလာနိုင်မှာဖြစ်ပါတယ်။ ပဲမျိုးစုံ ဈေးနှုန်းကျဆင်းရခြင်းအဓိက အကြောင်းရင်းများထဲက တစ်ခုကတော့ မိုးရွာသွန်းခြင်းကြောင့် နိုင်ငံအတွင်း သီးနှံ အထွက်ကောင်းမယ့် မျှော်လင့်ချက်ဘဲဖြစ်တယ်လို့ Anees Majeed မှ ပြောကြားပါတယ်။ ဒါ့အပြင် ပဲအဓိက ရောင်းချ နေတဲ့ သြစတြေးလျနဲ့ ကနေဒါတို့မှာလည်း အထွက်ကောင်းမယ့်အလားအလာတွေအရ နိုင်ငံတကာ ဈေးကွက်အတွင်း ပဲတီစိမ်းနဲ့ ပဲနီလေးဈေး ကျဆင်းတာကြောင့်လည်း ပြည်တွင်းဈေးကျဆင်းလာတာပါလို့ ဆိုပါတယ်။ ကန်ဒေါ်လာနဲ့ ပြည်တွင်းငွေကြေး လဲလှယ်နှုန်းဆက်လက် မြင့်တက်နေတာကြောင့် တင်သွင်းပဲအပေါ် မှီခိုနေရကာ ကျဆင်းဖို့နဲ့ ပြည်တွင်းပဲစိုက်ပျိုးမှုမှ နှစ်စဉ်အထွက်နှုန်း တိုးတက်ဖို့ အစိုးရအနေနဲ့ ထိရောက်တဲ့ နည်းဗျူဟာများ ချမှတ် ဆောင်ရွက်သင့်တယ်လို့ Anees မှ အကြံပြုထားပါတယ်။ ယမင်းရွှေစင် Source: down.com
ယခင်တစ်ပတ်က မြေထောက်ပဲ တင်ပို့မှု ၂၆ တန်သာရှိခဲ့ရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၆၅ တင်ပို့နိုင်ခဲ့ပါတယ်။ အိန္ဒိယကို တန် ၂၄၀ ထိ တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်ကို ၂၅ တန်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ နိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အတွင်း တန်ချိန် ၅၂၈ တန်ရှိခဲ့လို့ ယခင်သီတင်းပတ်တန် ၃၀၀ ကျော်ထက် သိသိသာသာ ပိုမိုခဲ့ပါတယ်။ တရုတ်မြေထောက်ပဲ ဈေးပိုမိုမှုကြောင့် အိန္ဒိယဝယ်လက်များ မြန်မာမြေထောက်ပဲကို အဝယ်လိုက်နေခြင်းဖြစ်ပါတယ်။ အခြားပဲတင်ပို့မှုအနေနဲ့ မလေးရှားကို ထောပတ်ပဲ ၂၄ တန်၊ ဖိလစ်ပိုင်ကို ပဲယင်း ၂၄ တန်နဲ့ စင်ကာပူကို ပဲကြီး ၂၄ တန် အသီးသီးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ထောပတ်ပဲ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ ဖြစ်ကြောင်း သိရပါတယ်။ MIRT(MAPT)
