Main menu

Background

Sunday, 2 Oct 2011

သီတင်းကျွတ်တော့မှာဖြစ်လို့ (ဂျွန်)ချင်းများ အရောင်းသွက်လာ                      ပြည်ဈေးကွက်သို့ ချင်းဝင်ရောက်မှုအနေနဲ့ လက်ကျန်ချင်း(ဥမ)များသာ ဆက်လက် အဝင်ရှိနေပါတယ်။ အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်တွင် ချင်းအသစ်များ အစိုဓာတ်များနေသေးတဲ့အတွက် ချင်း(ဥမ)များသာ ပုံမှန် စီးဝင်နေလျက် ယခု တစ်ပတ်အတွင်းပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ဝင်ရောက်မှုရှိနေပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုဝါလကင်းလွတ်သီတင်းကျွတ်သို့ ရောက်တော့မှာဖြစ်တဲ့ အတွက် ချင်းဓားလှီးသမားများမှ အဝယ်လိုက်နေပြီး (ဂျွန်)အမျိုးအစားချင်းများ ပိဿာချိန် ၂၈၀၀ ခန့်နဲ့ အရောင်းသွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဈေးနှုန်း အားဖြင့် တစ်ပိဿာကို ဂျွန် ၅၅၀-၆၅၀ ကျပ်၊ (ရှယ်)၈၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ပုံမှန်ဈေးကွက်ဖြစ်သော လက်လီ၊ လက်ကားရောင်းဝယ်သူများ၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့မှုအပါအဝင် ပိဿာ ချိန် ၃၀၀၀ခန့် ကို ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။   ဝင်းလဲ့ဝါ 

Sunday, 2 Oct 2011

ပြည်ထောပတ်ပဲ ဝယ်လိုအားရှိသော်လည်း လက်ကျန်နည်း                     ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ထောပတ်ပဲ အဝင်လုံးဝမရှိတော့ဘဲ လက်ကျန်ပဲများနဲ့ အရောင်းအဝယ် ဖြစ် လျက် ရှိပါတယ်။ ထောပတ်ပဲဈေးမှာ တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပြီး၊ ဒေသတွင်း လက်လီသမားများဖြင့် အိတ် ၂၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်၊ ပုသိမ်ဝယ်လက်များ မှာယူမှုရှိတဲ့ရက်မှာ အိတ် ၄၀ မှ ၅၀ အထိ အရောင်း သွက်ခဲ့ တယ်လို့ သိရပါတယ်။   ခင်ဆွေဝင်း 

Sunday, 2 Oct 2011

''အမှတ် မမှားစေဘို့ ''                    ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၇)၊ အမှတ် (၃၇)၊ စက်တင်ဘာ ၂၉၊ အောက်တိုဘာ ၅၊ ၂၀၁၁ အထူး အချပ်ပိုမှာ ဆောင်းပါးရှင် ဇော်ထိုက်ရဲ့ '' ပို့ကုန်အတွက် ပြည်ပမှ ကြိုတင်ပေးပို့ငွေကို သင်္ဘောမထွက်မီ အကောက်ခွန်က စစ်ဆေးပြီးသည့်နှင့် ထုတ်ပေးတော့မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား '' ဆောင်းပါးတွင် နောက်ဆုံးအပိုဒ်၌ '' လက်ရှိအချိန် တွင် လုပ်ငန်းများအတွက် ပြည်ပမှ ဝယ်လက်အများစုသည် L/C  (ကုန်ရောက်မှ ငွေပေးသည့်စနစ်) ဖြင့်သာ လက်ခံ ရောင်းဝယ်နေသော်လည်း ဌာနကT/T  (ငွေကြိုပေးသည့်စနစ်) ဖြင့်သာ လိုင်စင်ချပေးမှု များသောကြောင့် ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် ပြည်ပတွင် ကုမ္ပဏီခွဲဖွင့်၍ တစ်ဆင့်ခံ ငွေပေးငွေယူ ဆောင်ရွက်နေကြရသဖြင့် Transaction Cost  (မလိုလားအပ်သည့် ကုန်ကျစရိတ်များ) ကျသင့်လျက်ရှိကြောင်း ကုန်သည် အသိုင်းအဝိုင်းမှ သိရသည် '' ဟု ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ ကုန်သည်လုပ်ငန်းရှင်များ အမှတ်မမှားစေဘို့ ဌာနအနေဖြင့် လက်ရှိ ဆောင်ရွက် နေသည့် အခြေအနေမှန်များအား လေ့လာမေးမြန်း၍ အောက်ပါအတိုင်း တင်ပြလိုက်ရခြင်းဖြစ်ပါသည်။                      ပြည်ပနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ကုန်ရောင်း ကုန်ဝယ်ပြုကြတဲ့နေရာမှာ ကုန်တန်ဖိုးအတွက် ငွေပေးချေမဲ့စနစ် ကို နှစ်ဖက် အကြေအလည် ညှိနှိုင်းပြီး သဘောတူ စာချုပ်ချုပ်ဆို အရောင်းအဝယ်ပြုကြရပါတယ်။ လက်ရှိနိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ မြန်မာနိုင်ငံမှာလည်း ပို့ကုန်လုပ်ငန်းအားလုံးအတွက် ကုန်သည်လုပ်ငန်းရှင်များ စိတ်ကြိုက် ငွေပေးချေမှုစနစ်ကို Normal LC/ TT စနစ် နှစ်မျိုးစလုံးနဲ့ ဆောင်ရွက်ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ငွေပေးချေမှုစနစ် နှစ်မျိုးစလုံးရဲ့ အားနည်းချက် အားသာချက်တွေ ရှိကြပါတယ်။ အကယ်၍ Telegraphic Transfer (TT)  စနစ်နဲ့ ရောင်းချမယ်ဆိုရင် တစ်ဘက် ကုန်ဝယ်သူမှ ကုန်ဖိုးငွေကို ကုန်ရောင်းသူရဲ့ ဘဏ်စာရင်းထဲ ကို သက်ဆိုင်ရာ ဘဏ်မှတစ်ဆင့် ကြိုတင် ငွေလွှဲပေးပို့တဲ့ စနစ်ဖြစ်ပါတယ်။ ပို့ကုန်ကြိုတင်ရငွေလို့ သုံးနှုန်းပါတယ်။ ဒီစနစ်မှာ တစ်ဘက်ကုန်ဝယ်သူက ကုန်ရောင်းသူကို ယုံကြည်မှုအရ ကြိုတင်ငွေလွှဲ ပို့ပေးထားတာ ဖြစ်ပါတယ်။ သေချာတာကတော့ မိမိဘက်က ကုန်ပစ္စည်း သင်္ဘောတင်ပြီးတာနဲ့ ကြိုတင်ငွေလွှဲ ပို့ထားတဲ့ငွေကို တရားဝင် ပို့ကုန် ကြောင့်ရငွေ (Export Earning) အဖြစ် သုံးစွဲခွင့် ရရှိပါတယ်။ ကုန်တင်ပို့ပြီးတာနဲ့ ချက်ချင်းငွေရတဲ့ သဘောပါ။ Letter of Credit (LC) စနစ်နဲ့ ငွေပေးချေတာမှာတော့ တစ်ဘက် ကုန်ဝယ်သူကို မိမိကုန်ရောင်းသူဘက်က ယုံကြည်စိတ်ချရမှု ရှိမှ လုပ်လို့ရတဲ့ စနစ်မျိုးဖြစ်ပါတယ်။ ကုန်ပစ္စည်းကို သင်္ဘောတင်ပို့ပြီး သင်္ဘောတင် အထောက် အထားအပြည့်အစုံ ရရှိမှ မိမိဘက်ဘဏ်ကို Document  များ ပေးပို့ရပါတယ်။ မိမိဘဏ်က တစ်ဘက်ကုန်ဝယ်သူ ဘဏ်ကို အထောက်အထားတွေ လွှဲပို့ပေးပြီး မှားယွင်းမှု/ လိုအပ်မှု တစ်စုံတစ်ရာမရှိမှ အားလုံးမှန်ကန်မှ တစ်ဘက်က LC  လွှဲပေးတာပါ။ လွှဲပေးလာတဲ့ LC  မှာ အမှားအယွင်း တစ်စုံတစ်ရာမရှိမှ မိမိဘက်မှာ ဘဏ်ကနေ Credit  ထုတ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ LC  စနစ်နဲ့ ရောင်းဝယ်ရာမှာ ငွေရနောက်ကျတဲ့ အခြေအနေ တစ်ခုကတော့ ရှိနေတာ အမှန်ပါ။ ပို့ကုန်ပစ္စည်းများအတွက် လိုင်စင်လျှောက်ထားရာမှာ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ကုမ္ပဏီလုပ်ငန်း ရှင်များ စိတ်ကြိုက် ငွေပေးချေမှု နည်းလမ်းများနဲ့ လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။Normal LC, Normal TT, Normal LC (or) TT  စသည်ဖြင့် ငွေပေးချေမှု နည်းလမ်းအားလုံးဖြင့် ခွင့်ပြုပေးနေတဲ့အကြောင်း ကုမ္ပဏီလုပ်ငန်းရှင်များ အမှတ်မမှားစေဖို့ ရှင်းရှင်းလင်းလင်း သိရှိစေဖို့အတွက် ဗဟုသုတ မျှဝေလိုက်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး အားလုံး အောင်မြင်တိုးတက်နိုင်ကြပါစေ ...... သက်နိုင်ဦး(ပို့ကုန်)

Sunday, 2 Oct 2011

ပြည်စားတော်ပဲ အဝယ်လိုက်ပြီး ဈေးကောင်းရ                     ပြည်စားတော်ပဲမှာ ပဲဈေးကွက်တွင် ဈေးရအကောင်းဆုံးဖြစ်နေပါတယ်။ ယခုတစ်ပတ်မှာတော့ စားတော်ပဲ ပိဿာ ၂၀ တစ်တင်းကို ၂၃၅၀၀ ကျပ်ဈေးရှိပြီး၊ ရန်ကုန်ဝယ်လက်အဝယ်လိုက်နေတာကြောင့် ဈေးကောင်း နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်ပို့နိုင်မှုအခြေအနေမှာ တစ်နေ့ကို အိတ် ၂၀၀ လောက်တင်ပို့နိုင် ပြီး ဝင်ရောက်မှုအနေဖြင့် ပြည်ဈေးကွက်သို့ မင်းတုန်းဘက်မှ ပဲများအဝင်ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ 

Sunday, 2 Oct 2011

အိန္ဒိယဈေးကွက်မှာ ပဲဝါလေး ပဲစင်းငုံခွဲခြမ်းနဲ့ အချို့ပဲဈေးများ ၁၀-၁၅ ရာခိုင်နှုန်းခန့် မြင့်တက်                     မိုးပဲအထွက်ကျဆင်းမယ့် ခန့်မှန်းချက်များနဲ့ ငွေကြေးဈေးကွက် ကျဆင်းမှု များကြောင့် အိန္ဒိယဈေးကွက် များအတွင်း ပဲဝါလေး၊ ပဲစင်းငုံခွဲခြမ်းနဲ့ ပဲနီလေးလို ပဲအချို့ဈေးများ ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံဟာအဓိကပဲမျိုးစုံတင်သွင်းသူဖြစ်လို့ ရူပီးတန်ဖိုးကျဆင်းခြင်းကလည်း ပဲဈေးမြင့် တက်စေတဲ့ အကြောင်းရင်းတစ်ခုပါလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ ဒါ့အပြင် မိုးပဲအထွက်ကျဆင်းမယ့် ခန့်မှန်းချက်ကြောင့်လည်း ဈေးတက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။                      အိန္ဒိယနိုင်ငံမှာ ပဲဝါလေးဟာ ဝယ်လိုအားအများဆုံး ပဲဖြစ်ပြီး နှစ်စဉ်တန်ချိန် ၁ ဒသမ ၅ သန်းဝန်းကျင် တင်သွင်းနေရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၁ မိုးရာသီအတွင်း ပဲစိုက်ဧရိယာဟာ ယခင်နှစ်ထက် ဟက်တာ ၁၀ ဒသမ ၈၉ သိန်း လျော့ကျခြင်းက ပဲထွက်ရှိမှု ပထမအကြိမ်ခန့်မှန်းရာ မှာ တန်ချိန် သုည ဒသမ ၇ သန်း လျော့ကျဖို့ဖြစ်စေပါတယ်။ အဓိကအကြောင်းရင်း ကတော့ ပထမပိုင်းမှာမိုးအဝင်နှောင့်နှေးနေပြီး နောက်ပိုင်းမှာ မိုးအလျှံပယ်ရွာသွန်း တာကြောင့်လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း(IPGA)  ဒုတိယဥက္ကဌBinal Kothari က ပြောကြားပါတယ်။                     ပဲစင်းငုံခွဲခြမ်းဈေးတွေ သေချာပေါက် မြင့်တက်မယ်မှန်းပြီး အနိမ့်ဆုံးထောက်ပံ့ ဈေး (MSP)ထက်နိမ့်တဲ့ဈေးတွေနဲ့ ဝယ်ယူခြင်းကိုလည်း ကျွမ်းကျင်သူတွေက ထောက်ပြ ပြောကြားပါတယ်။ တစ်နိုင်ငံလုံးရှိ လက်လီရောင်းချ သူများဟာ ပွဲတော် ရာသီမှာ အကျိုးအမြတ်ရယူဖို့ ဈေးအမြင့်မှာ ထိန်းထားကြတယ်လို့လည်း ဆိုပါတယ်။ '' ဈေးနှုန်း ထပ်မံမြင့်တက်နိုင်ခြေမရှိတော့ပါဘူး။ လက်ကားဈေးကွက် တွေမှာ တဖြည်းဖြည်းနဲ့ စတင်ကျဆင်းလာနေပြီ။ လက်လီဈေးကွက်တွေနဲ့ ပတ်သက်လို့ အစိုးရကစောင့်ကြည့်သင့်ပါပြီ။ လက်လီရောင်းသူတွေက ဈေးချဖို့အသင့် မရှိဘူးလို့ '' Mr.kothari  က ဆိုပါတယ်။                     ဆောင်းပဲထုတ်လုပ်မှုက ဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်မယ်လို့လည်း Mr.Kothariက ဆိုပါတယ်။ မုတ်သုံမိုးကောင်းတဲ့အတွက် ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေးလို ဆောင်းပဲထုတ်လုပ်မှု ကောင်းလာဖွယ်ရှိတဲ့အတွက် ဈေးနှုန်း မြင့်တက် နိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ်။                   ယခင်လကတည်းက ပဲဈေးမြင့်တက်ခဲ့ပေမယ့် ဆောင်းပဲအထွက်ကောင်းခြင်း က လုံလောက်စွာ ရောင်းချနိုင်မှာဖြစ်လို့ ဈေးနှုန်းကို ထိန်းချုပ်နိုင်မယ်လို့လည်း ကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ထောင်စုအစိုးရ အနေနဲ့လည်း စိုက်ဧရိယာ တိုးချဲ့ခြင်းနဲ့ ထုတ်လုပ်နိုင်မှုမြှင့်တင်ခြင်းတွေနဲ့ ပဲမျိုးစုံထွက်ရှိမှု တိုးတက်အောင် အရေးပေါ် စီမံချက်တစ်ခု ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဲဒီစီမံချက်အရ ဆောင်းရာသီအတွင်း ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၇၈ သန်း ပိုမိုထွက်ရှိဖို့ ရည်ရွယ် ထားပြီး မိုးပဲအထွက်လျော့ကျခြင်းကို ပြန်လည်ကာမိစေဖို့ပဲ ဖြစ်ပါတယ်။ ယမင်းရွှေစင် Source:Momeylife Digital

Sunday, 2 Oct 2011

ပြည်ကုလားပဲ အရောင်းအဝယ်သွက်နေ                        ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၂၁၅၀၀ ကျပ်၊ ယခုတစ်ပတ်တွင် တစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အဝင်အနည်းငယ်သာရှိပြီး ပဲဈေးကောင်း ရလာတဲ့အတွက် လှောင်လက်သမားများ ထုတ်ရောင်းမှုရှိကြောင်း သိရပါတယ်။ ခွဲခြမ်းသမားများ ပုံမှန် အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ခန့် အရောင်းအဝယ်ရှိပြီး မန္တလေး ဝယ်လက်ရှိတဲ့ နေ့များမှာ တစ်နေ့ အိတ် ၇၀၀ မှ ၈၀၀ ခန့်အထိ အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း 

Sunday, 2 Oct 2011

မုံရွာ V2  အဝယ်အားပျော့ စီးထွက်မှုလျော့လာ                    ပြီးခဲ့တဲ့တစ်ပတ်က တက်ဈေးနဲ့ အဝယ်အရောင်းသွက်ခဲ့တဲ့ မုံရွာ V2  ဈေးကွက်ဟာ စက်တင်ဘာလကုန်ပတ်မှာအဝယ်အရောင်းအနည်းငယ်လေးသွားပြီး ဈေးလည်းအေးလာခဲ့ပါတယ်။ ဒီလ V2  ပေါက်ဈေး အနေအထားက မနှစ်ကနဲ့ကာလတူ နှိုင်းယှဉ်ရင် အမြင့်ဈေးရခဲ့ပေမဲ့ ဒေသခံလှောင်လက်တွေအနေနဲ့ ပဲဝယ်ချိန် ပေါက် ဈေး ကွာခြားနေတဲ့အတွက် အကျိုးအမြတ်လည်း တူညီမှုမရှိဘဲ ယခုဈေးထက် ပိုမိုလာဖို့ မျှော်လင့်နေဆဲဖြစ်တာတွေ့ရပါတယ်။ မနှစ်က ဒီကာလ V2  ပေါက်ဈေး မှာ တစ်တင်း ၂၀၅၀၀ ကျပ်ဖြစ်ပြီး၊ ယခု ၂၄၈၀၀ ကျပ်ထိရပေမဲ့ ကျန်ကုလားပဲ တွေကတော့ မနှစ်ကနဲ့ ဈေးကွာခြားမှုမရှိဘဲ၊ ကုလားပဲတိုင်ပေတစ်တင်း ၂၀၄၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၉၀၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၂၀၀၀၀ ကျပ်မှ ၁၉၆၀၀ ကျပ် အသီးသီးဈေးပေါက်လျက်ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်အဆွဲအနေနဲ့ တစ်နေ့ပျမ်းမျှအိတ် ၁၀၀၀ မှ ၁၅၀၀ အတွင်းရှိခဲ့ပြီး ကျန်ကုလားပဲများကတော့ ဒေသတွင်း စက်သမားနဲ့ လက်လီအသုံးတစ်နေ့ အိတ် ၅၀၀ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ စီးထွက်မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၃၀၀၀ ခန့် လျော့နည်းသွားပြီး၊ မန္တလေးကို တင်း ၅၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ခန့်သာရှိတယ်လို့သိရပါတယ်။ ထွန်းလှိုင် 

Sunday, 2 Oct 2011

အိန္ဒိယ ကုလားပဲဈေးအေး                      အိန္ဒိယဈေးကွက်များအတွင်း ယခင်သီတင်းပတ်များက ဈေးကောင်းနေတဲ့ ကုလားပဲ ဈေးဟာ ယခုတစ်ပတ်မှာ ဈေးအေးနေပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ လှောင်လက်များ ထုတ်ရောင်းခြင်းတို့ကြောင့် ဈေးလျော့လာတာဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ကနဦး စိုက်ပျိုးမှုအခြေအနေကောင်းမွန်နေခြင်းနဲ့ စိုက် ဧရိယာ တိုးတက်ဖွယ်ရှိခြင်းတို့ကလည်း ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ဆောင်းပဲ အထွက်မြှင့်တင်တဲ့ အစိုးရမူဝါဒနဲ့ ဆောင်းပဲစိုက်ပျိုးချိန် အစပိုင်းမှာ စံချိန်တင် မြင့်တက်ခဲ့တဲ့ ဈေးနှုန်းတွေကြောင့် တောင်သူတွေ ပဲစိုက်ဖို့ အားတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေမှာ ရောင်းချမှုနည်းခြင်းနဲ့ ယခုနှစ် ဝယ်လိုအားကောင်းခြင်း ကြောင့် ကမ္ဘာ့ဈေးကောင်းနေခြင်းတို့ကတော့ ကုလားပဲဈေးကို အထောက်အပံ့ပြု နေဆဲပဲ ဖြစ်ပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                              ဒေါ်လာ/ တန်                   ၂၉-၉-၁၁        ၂၈-၉-၁၁         ၂၇-၉-၁၁             ၂၆-၉-၁၁ဒေလီ           ၇၁၅-၇၂၀        ၇၄၆-၇၅၁         ၇၃၂-၇၃၇           ၇၃၁-၇၄၁ကန်ပါ             ၇၄၆                ၇၇၇                  ၇၇၃                   ၇၇၂အာကိုလာ        ၇၄၆                ၇၈၇                    -                      ၇၈၂MIRT(MAPT)

Sunday, 2 Oct 2011

ကုလားပဲတင်ပို့မှု နည်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်းလျော့လာ                       ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁၇၀၀ ကျော်သာ ရှိလာတာတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် FOB ဈေးကွက်မှာလည်း အရောင်းအဝယ်ဖြစ်မှုက ယခုစက်တင်ဘာ နောက်ဆုံး ပတ်မှာ တန်ချိန် ၂၀၀ ခန့်သာ ရှိတော့တာတွေ့ရပါတယ်။ ပြည်တွင်းလက်ကျန် နည်းလာတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုနည်းသလို တင်ပို့မှုလည်း တဖြည်းဖြည်း ကျဆင်း လာခဲ့တာ ဖြစ်ပါတယ်။                        လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကုလားပဲပြည်ပ တင်ပို့မှု မှာ တန်ချိန် ၆၀၀၀၀ ကျော်ရှိတာ တွေ့ရပါတယ်။ ရန်ကုန် FOB တစ်တန် ကန်ဒေါ်လာ ၁၁၀၀-၁၁၂၀ ရှိကြောင်း သိရပါတယ်။ MIRT-MAPT 

Sunday, 2 Oct 2011

ပြည်ပဲကြီး ဈေးနှုန်းအနည်းငယ်မြင့်                  ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲကြီးကမ်းနားဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်၊ ပဲကြီး(ရွှေကျွန်း)မှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်ကထက် တစ်တင်း ၁၀၀၀ ကျော်ခန့် ဈေးမြင့်ခဲ့ပါတယ်။ ပြည် ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ကံမဘက်မှ ပဲကြီးအဝင် အနည်းငယ်ရှိလာခဲ့ပြီး၊ ဒေသတွင်းလက်ကျန်ပဲများလည်း ထုတ်ရောင်းချမှုများရှိတာကြောင့် တစ်ရက်လျှင် ပဲကြီးရွှေကျွန်းအိတ် ၃၀၀ ကျော်နဲ့ပဲကြီးကမ်းနားအိတ် ၂၀၀ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ဒေသတွင်းပဲကြော်ပဲလှော်ဖို လုပ်ငန်းများမှလည်း ပုံမှန်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။                ခင်ဆွေဝင်း

Pages