Main menu

Background

Monday, 5 Sep 2011

ပင်လယ်ရေကြောင်းမှ ရော်ဘာ ပိုမိုတင်ပို့နိုင်                 သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၁၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၃၈၉ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်ကထက်တန် ၁၀၀ ကျော်ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၂၀၁ တန်၊ မလေးရှားကို ၉၅တန်နဲ့ မက္ကဆီကို ကိုတန် ၂၀ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း အပို့တက်သလို နယ်စပ်ကလည်း တန် ၉၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခင်အပတ်ထက် တင်ပို့မှုမြင့်တက်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ပြောင်းလဲမှုမရှိပဲ RSS-3  နဲ့ MSR-20  တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၄၃၀၀ ဒေါ်လာအသီးသီး ဈေးပေါက်လျက်ရှိတာတွေ့ရပါတယ်။ KZW 

Sunday, 4 Sep 2011

ငရုတ်ကောင်းတစ်တန် ကန်ဒေါ်လာ ၅၉ဝဝ စံချိန်တင်မြင့်တက်                 ဝယ်လိုအားမြင့်မားမှုနဲ့ ကမ္ဘာ့ဈေးကွက်မှာ ရောင်းလို အားနည်းပါးမှုတို့ကြောင့် သြဂုတ်လ ၂၅ ရက်နေ့က ဗီယက်နမ် ပြည်တွင်း ငရုတ်ကောင်းဈေးနှုန်းတွေက ၁၅ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်း အသင်းရုံးရဲ့ မန်နေဂျာ Tran Duc Tung က ပြောကြားလိုက် ပါတယ်။                   သြဂုတ်လ ၂၅ ရက်မှာ ငရုတ်ကောင်းတစ်တန်ဈေးနှုန်း က ကန်ဒေါ်လာ ၅၉ဝဝကိုရောက်ရှိခဲ့ရာ ယခင်ရက်သတ္တပတ် ကနဲ့ နှိုင်းယှဉ်ရာမှာ တစ်တန်ကို ကန်ဒေါ်လာ ၁၉ဝ နီးပါး တက်သွားခဲ့ကြောင်း Tung အရသိရှိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်ကငရုတ်ကောင်းဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၇ဝဝ က သြဂုတ်လ ၂၁ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၅၈ဝဝ ကို ဈေးတက်သွားခဲ့တယ်။ ၎င်းအချိန်က လယ်သမားတွေထံမှာ ငရုတ်ကောင်းသို လှောင်ထားမှု ပမာဏက အလွန်လျော့နည်းခဲ့ကြောင်းနဲ့ ကုန်သည်တွေမှ အမြောက်အမြားဝယ်ယူခဲ့ကြကြောင်း သတင်းရရှိပါတယ်။ ဗီယက်နမ်ပြည်တွင်း ငရုတ်ကောင်းဈေး နှုန်းက ကမ္ဘာ့ဈေးကွက်နဲ့ အပြိုင်ဖြစ်နေကြောင်း သိရှိရတယ်။                  ကမ္ဘာ့ဈေးကွက်မှာငရုတ်ကောင်းဈေးနှုန်းတွေ တစ်ရှိန် ထိုးမြင့်တက်လာရခြင်းက မွတ်စလင်တို့ရဲ့ ဥပုသ်လ ရာသီဖြစ်တာကြောင့် ဝယ်လိုအားမြင့်မားမှုကြောင့်ဖြစ်တယ်။ ဒါ့ပြင် ကမ္ဘာ့ငရုတ်ကောင်းအဓိကတင်ပို့တဲ့ အိန္ဒိယရဲ့ ရောင်းလိုအား ကျဆင်းသွားခြင်းကြောင့်လည်း ဖြစ်တယ်။ ငရုတ်ကောင်းဈေးနှုန်းမြင့်မားမှုက ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေဦးမယ်လို့ ခန့်မှန်းရတယ်။ဗီယက်နမ် လယ်ယာ စိုက်ပိုျးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ငရုတ်ကောင်း တင်ပို့မှုနဲ့ ပတ်သက်ပြီး ခန့်မှန်း ချက်အသစ်ကိုကြေညာလိုက်တယ်။ယခုနှစ်မှာ ငရုတ်ကောင်းတင်ပို့မှုက ကန်ဒေါ်လာ သန်း ၈ဝဝ ကျော်ရရှိနိုင်ကြောင်းနဲ့ ယခင်ခန့်မှန်းထားချက်ထက် သန်း ၇ဝ ကျော်ပိုမိုနိုင်ကြောင်း သတင်းရရှိပါတယ်။                    ပြီးခဲ့တဲ့လက ဗီယက်နမ်က ငရုတ်ကောင်းတန်ချိန် ၁၅ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ သန်း ၉ဝ ကျော်ရရှိခဲ့ တယ်။ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ငရုတ်ကောင်း တင်ပို့မှု ပမာဏက တန်ချိန် ၈၅ဝဝဝ ရောက်ရှိကာ ကန်ဒေါ်လာ ၄၆၅ သန်းရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွနန်မွန်လှိုင်၊Source:english.vietnamnet.vn

Sunday, 4 Sep 2011

အမှာအော်ဒါအချို့ ရရှိလို့ အိန္ဒိယနနွင်းဈေးအနည်းငယ်တိုးလာ                ဝယ်လက်ကြီးကြီးမားမားနဲ့ အမှာများများမရရှိပေမယ့် အမှာအော်ဒါ တစ်ခုနှစ်ခုရရှိခဲ့တာကြောင့် အီရော့ နနွင်း လက်ငင်း ဈေးကွက်မှာ သြဂုတ်လ ၃ဝ ရက်ကတစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၁ ဒသမ ၉) မြင့်တက်ခဲ့ပါတယ်။ ပွဲတော် ၂ ရက် မှာ ဈေးကွက်များပိတ်မှာဖြစ်လို့ ကုန်သည်များဟာ ဈေးတိုးပေးဝယ်ခဲ့ကြပြီး တောင်သူ များကလည်း အနည်းငယ်တိုးတဲ့ဈေးနဲ့ နနွင်းများ ရောင်းချခဲ့ကြတယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာက ဆိုပါတယ်။                    နနွင်းကြိုပွိုင့်ဈေးကလည်း ယခင်ရက်ထက် ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ၆၅ ဒသမ ၇)ပိုပြီး၊ တစ်တန်ရူပီး ၅၆ဝဝဝ (ကန်ဒေါ်လာ ၁၂၂၆)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်သီတင်းပတ်ကစပြီး အိန္ဒိယ မြောက်ပိုင်း ကုန်သည်များထံက အမှာအော်ဒါများ ရရှိနိုင်တာကြောင့် ဈေးမြင့်တက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အရည်အသွေးအရ စပ်မျိုးနနွင်းဈေးက တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅ ဒသမ ၇) ကျဆင်းခဲ့ ပါတယ်။ ဈေးကွက်ကို အိတ် ၇ဝဝဝ ဝင်ရောက်မှုရှိတဲ့အနက် ၆၅ ရာခိုင်နှုန်း ရောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်သူများ ကလည်း ၎င်းတို့ကုန်စည်များကို ရောင်းလိုနေကြတယ်လို့ ဆိုပါတယ်။               အီရော့ နနွင်းကုန်သည်များအသင်းမှာ နနွင်းလက်ချောင်း တစ်တန်ရူပီး ၄၅၃၉ဝ မှ ရူပီး ၅၈၃၉ဝ (ကန်ဒေါ်လာ ၉၉၄ မှ ၁၂၇၉)ဈေးနနွင်းဥဈေးက ရူပီး ၄၂၄၇ဝ မှ ၄၉၇၄ဝ (ကန်ဒေါ်လာ ၉၃ဝ - ၁ဝ၈၉)ဈေးနဲ့ ရောင်းချကြတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source:hindubusinees

Sunday, 4 Sep 2011

ရှမ်းနနွင်း အရောင်းအဝယ်အေး               နနွင်းကတော့ အခုထိ အရောင်းအဝယ်က ခပ်အေးအေးပါပဲ။ လက်ကျန်နနွင်းတွေမှာ ပင်လောင်းနနွင်းကတော့ အများကြီး ရှိနေပါသေးတယ်။ နနွင်းတက်ကြီးတွေနဲ့ နနွင်းခေါင်းတွေက အရောင်းအဝယ်ဖြစ်ခဲ့ကြလို့ လက်ကျန်တွေမှာတော့ နဝလီ တွေများနေပါတယ်။ နနွင်းခေါင်းတွေ အရောင်းနည်းနည်းလိုက်လာတော့ နနွင်းတက ်တွေကိုပါရောပြီး ရောင်းလိုက်ကြတာကြောင့် နနွင်းတက်ကောင်းတွေလည်း တစ်ပိဿာ ၂ဝဝဝ ကျပ် ဈေးနဲ့ အရောင်းအဝယ် ဖြစ်လိုက် ပါသေးတယ်။ ဒီတစ်လမှာတော့ ကားခတွေက ဈေးကျနေပေမယ့် မိုးရွာနေ တာကြောင့် အရာင်းအဝယ်မဖြစ်ဘူးလို့ နနွင်း ပွဲရုံတွေက သိရပါတယ်။            ဒီတစ်ပတ်နနွင်းဈေးက အောင်ပန်းဈေးကွက်မှာ ပင်လောင်းနနွင်းစ (ဖြူ/ရော)တွေက တစ်ပိဿာ ၄ဝဝ ကျပ်-၅ဝဝ ကျပ် ဈေးသာရှိပြီး၊ ကောင်းရင်တော့ တစ်ပိဿာ ၁၂ဝဝ ကျပ်ဈေးရှိပါတယ်။ လက်ကျန်နည်းနေပြီဖြစ်တဲ့ ဆင်တောင်နနွင်း ကတော့ တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးနနွင်းကတော့ တစ်ပိဿာ ၁၆ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။                   ဧဧခိုင်

Sunday, 4 Sep 2011

နယ်စပ်မှ ပိုမိုတင်ပို့နိုင်တဲ့ နနွင်းတက်ရှမ်းစ                   သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ သုည ဒသမ ၂၄၇ သန်းတန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁၆၆ တန်ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃ဝ ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ သြဂုတ်လ အတွင်းမှာ နယ်စပ်မှ နနွင်းတက် တင်ပို့မှု တန် ၄၂ဝ ကျော်ရှိပြီး ဖြစ်ပါတယ်။ ဧပြီလမှ သြဂုတ်လကုန်ထိ နယ်စပ်မှ နနွင်းတက် တင်ပို့မှုမှာတန်ချိန် ၂၂၇၆ တန်ခန့်ရှိပြီလို့ သိရပါတယ်။ MIRT (DOBT)

Sunday, 4 Sep 2011

နနွင်း ၁၆ တန်ကျော်တင်ပို့              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း နနွင်း ၁၆ ဒသမ ၅ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက်ဆယ်နီးပါး တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တစ်တန်ကို ကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင်ပဲရရှိခဲ့ပေမဲ့ ဒီသီတင်း ပတ်မှာတော့ ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်ထိ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ သုံးသောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)

Sunday, 4 Sep 2011

ဈေးကွက်ကို စောစောဝင်လာမယ့် မြစ်သားကြက်သွန်နီ                     ကြက်သွန်နီဟာ ဆောင်းသီးနံှ ဖြစ်တဲ့အတွက် နှစ်စဉ်သြဂုတ်လ လယ်မှာ ပျိုး ထောင်ပြီးအောက်တို ဘာလ၊ နိုဝင်ဘာလမှာ တောင်သူ တွေစတင်စိုက်ပိုျးလို့ ဈေး ကွက်ကို ဇန်နဝါရီလထဲမှ ဖြိုင်ဖြိုင်ဝင် ရောက်ပါတယ်။ မိုးလွန် ကာလမှာ စိုက်ပျိုးတဲ့အတွက် စိုက်ခင်းပြုပြင် စရိတ်တွေ သက်သာပြီး၊ တစ်ဧက အထွက်နှုန်းကောင်းလို့ အကျိုး အမြတ်များတဲ့ သီးနံှလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကြက်သွန်နီစိုက်ပျိုး မှုက တစ်မူထူးပြီး တောင်သူတွေ ဇွန်လလယ်မှာ ပျိုးထောင်ပြီး၊ သြဂုတ်လအတွင်းမှာ တစ်ပြိုင်တည်းစိုက်ပျိုးနေကြပါပြီ။ ကုန်သည်လက်ကျန်နည်းလာပြီး တောင်သူ လက်ဝယ်မှာလည်း ကြက်သွန်နီမရှိတော့တာကြောင့် အခုနှစ် ဇွန်လကစလို့ ပွဲရုံ လက်ကားဈေး(ဂျွန်)တစ်ပိဿာ ၅၅ဝ ကျပ်၊ လက်လီဈေးကွက်မှာ(ကြီး)တစ်ပိဿာ ၇ဝဝ ကျပ်(လတ်)တစ်ပိဿာ ၆ဝဝ ကျပ်ဈေးဖြစ်နေပါတယ်။ ဈေးကွက် ဖြစ်ပေါ်မှု ကြောင့် ဈေးကွက်ကို မျှော်ပြီးအစောစိုက်ပျိုးရခြင်းဖြစ်တယ်လို့ ကသဲကုန်းကျေးရွာ က တောင်သူများက ပြောပြပါတယ်။                      မြစ်သားမြို့နယ်မှာ ကြက်သွန်နီ(ဆောင်း)ဧက ၇၅ဝဝ ကျော်နှစ်စဉ်စိုက်ပျိုးပြီး၊ ဒီနှစ်ကတော့ ကျေးရွာ အုပ်စုတိုင်းမှာ စောပြီးတစ်ပြိုင်နက်စိုက်ပျိုးနေကြပါတယ်။ နိုဝင်ဘာလထဲမှာ တူးဖော်နိုင်မှာဖြစ်တာကြောင့် ဈေးကွက်အတွင်းကို စောစော ဝင်ရောက်လာမှာဖြစ်ပါတယ်လို့ ပွဲရုံပိုင်ရှင်များက ခန့်မှန်းနေကြပါတယ်။ သန်းနိုင်

Sunday, 4 Sep 2011

မန်ကျည်း ပုံမှန်တင်ပို့               သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း မန်ကျည်း ၄၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ် ပါတယ်။ မန်ကျည်းကို မန်ကျည်းစေ့၊ မန်ကျည်းအစေ့လွတ်၊ မန်ကျည်းအစေ့ပါ စသဖြင့် တင်ပို့လျက်ရှိပါတယ်။ အက်ဖ်အိုဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၇ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)

Sunday, 4 Sep 2011

ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းချင်းဈေးကွက်              ရှမ်းချင်းတွေကတော့ နေ့စဉ်ပုံမှန်ရောင်းနေရတာကြောင့် အောင်ပန်းဈေးကွက် မှာလည်း လက်ကျန်သိပ် မများတော့ပါဘူး။ တောင်သူတွေလက်ထဲမှာတော့ ကုန်သလောက်ရှိနေပြီး လှောင်လက်တွေမှာတော့ အနည်းငယ် သာ ကျန်တော့တယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက်သာ အဝယ်ရှိနေတာကြောင့် ချင်းဈေးက တစ် ပတ်နဲ့ တစ်ပတ်သိပ်မကွာခြားလှပါဘူး။ အသစ်တွေကတော့ ဈေးကွက်ကို သီတင်း ကျွတ်လောက်မှသာ စဝင်မှာဖြစ်ပါတယ်။ ဒီနှစ်က မိုးကောင်းလွန်းအားကြီးတာ ကြောင့် တောင်သူတွေက ချင်းတွေ ပုပ်သွားမှာစိုးရိမ်နေကြပါတယ်။ ချင်းခြောက်တွေ ကိုလည်း သိမ်းဈေးနဲ့ဆိုရင် တစ်ပိဿာ ၁၅ဝဝ ကျပ်-၁၇ဝဝ ကျပ်ဈေးရှိပေမယ့် အနည်းအကျဉ်းလောက်ဝယ်ယူရင်တော့ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း အောင်ပန်းပွဲရုံတွေက သိရပါတယ်။ လက်ကြီးသမား တွေကတော့ ချင်းကိုအလုံးသိမ်းဈေးတွေနဲ့ ဝယ်ယူ နေတယ်လို့လည်း သိရပါတယ်။ ချင်းခြောက်ကလည်း လက်ကျန်သိပ် မရှိတော့ပါ ဘူး။ ဒီတစ်ပတ်ချင်းဈေးကတော့ အရွယ်အစားနဲ့ အရည်အသွေးပေါ် မူတည်ပြီး တစ်ပိဿာကို ၃ဝဝ ကျပ်၊ ၃၃ဝ ကျပ်၊ ၃၅ဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်

Sunday, 4 Sep 2011

အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်ချင်း(ဥမ)ဈေးကွက်                ပြည်ဈေးကွက်တွင် ချင်း(ဥမ)ဈေးမှာ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်လျက် တစ်ပိဿာကို(ရှယ်) ၇ဝဝ-၈ဝဝ ကျပ်၊ (ဂျွန်) ၅၅ဝ-၆၅ဝ ကျပ်တို့နဲ့ ရောင်းဝယ် လျက်ရှိနေပါတယ်။ စီးဝင်မှုအားဖြင့် ဈေးကွက်အတွင်း ချင်း (အတက်)များ အဝင် မရှိသေးဘဲ ချင်း(ဥမ)များသာ အောင်ပန်း၊ တောင်ကြီးဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၂၈ဝ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပျမ်းမျှပိဿာချိန် ၁၈ဝဝ ခန့်ကိုလည်း ယခုတစ်ပတ်အတွင်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ အဝင်လည်းပုံမှန် အရောင်းအဝယ်နဲ့ ဈေးနှုန်းလည်း ပုံမှန်ရှိ နေလို့ ပွဲရုံများမှာလက်လီ၊ လက်ကားရောင်းဝယ်သူများ၊ချင်းဓါးလှီးသမားများမှ ပုံမှန်အဝယ် ရှိပြီး တစ်ရက်ကို ပိဿာချိန် ၁၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Pages