Background
ကမ္ဘာ့ရော်ဘာစိမ်းဈေးနှုန်းများ သြဂုတ်လတွင်လည်း တစ်တန်လျင် ၅ဝဝဝ အောက် နှုန်းထားဖြင့်သာ ဆက်လက်အရောင်းအဝယ်ဖြစ်နေ ဇွန်လမှစပြီး တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၅ဝဝဝ အောက် ရောက်ရှိသွားတဲ့ ကမ္ဘာ့ရော်ဘာစိမ်း ဈေးနှုန်းတွေက သြဂုတ်လမှာလည်း တစ်တန်ကို ၅ဝဝဝ အောက် နှုန်းထားနဲ့ သာ ဆက်လက် အရောင်းအဝယ် ဖြစ်နေတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ အားနည်းလာခြင်း ၊ ကမ္ဘာ့စီးပွားရေး အားနည်း လာခြင်းကြောင့် တာယာနဲ့ လက်အိတ်တွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ရော်ဘာဝယ် လိုအား လျော့ကျမယ် ခန့်မှန်းခြင်း၊ ရော်ဘာဝယ်လိုအားအများဆုံး တရုတ်နိုင်ငံရဲ့ ၂ဝ၁၂ ခုနှစ်အတွက်ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၉ ရာခိုင်နှုန်းမှ ၈ ဒသမ ၇ ရာခိုင်နှုန်းထိလျော့ချ ခန့်မှန်းကြခြင်း ၊ ယခုနှစ်မှာလည်း တရုတ် နိုင်ငံရဲ့ စီးပွားရေးကျယ်ပြန့်မှုမှာ ၈ ဒသမ ၉ ရာခိုင်နှုန်း သာရှိရာ ယခင်ခန့်မှန်းထားတဲ့နှုန်း ၉ ဒသမ ၁ ရာခိုင်နှုန်းထက် လျော့ကျသွားခြင်းတို့ကြောင့် ရော်ဘာဈေးနှုန်းတွေ အားနည်းနေခြင်းဖြစ်တယ်။ ဒါကြောင့် ယခင်အပတ် သြဂုတ်လ ၁၅ ရက်နေ့က တစ်တန်ကို ၄၆၆၅ ဒသမ ၅ဝ ဒေါ်လာရှိနေတဲ့ ထိုင်း RSS-5 က သြဂုတ်လ ၂၂ ရက်နေ့မှာ တစ်တန်ကို ၄၆ဝ၃ ဒသမ ၅ဝ ဒေါ်လာအထိ ၆၂ ဒေါ်လာ ဈေးကျလာတယ်။ သြဂုတ် လဆန်းပိုင်း ဈေးနှုန်းဖြစ်တဲ့ တစ်တန်ကို ၄၈၇၇ ဒသမ ၅ဝ ဒေါ်လာနဲ့ ယှဉ်ရင် ၂၇၄ ဒေါ်လာ ဈေးကျသွားတယ်။ လက်ရှိ ရော်ဘာဈေး ကျဆင်းနေသော်လည်း ထိုင်းနိုင်ငံတောင်ပိုင်း မိုးရွာသွန်းနေရာ ရော်ဘာစေးထုတ်လုပ်မှုကို လျော့ကျစေမှာဖြစ်ပြီး ဈေးနှုန်းကျဆင်းမှု အနည်းငယ်သာဖြစ်နိုင်ကြောင်း ခန့်မှန်းကြတယ်။ ပပ၊Source:bloomberg.com , rubberboard.org.in
နယ်စပ်အပို့လည်း လျော့ သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဖက် တရုတ်နိုင်ငံသို့ ရော်ဘာအဆင့်စုံ ၃၈၂ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၉၄သန်းဖိုး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၅၈၄ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာတော့ တန်၂ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ် နယ်စပ် အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေကတော့ မူဆယ်နယ်စပ်မှ RSS-3 ၁၆၅ တန်၊RSS-5 ၁ဝ၅ တန်ကျော်၊MSR-50 ၁၂ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3 တန် ၁ဝဝ ဖြစ်ပါတယ်။ ရော်ဘာမြေပြင်ဈေးများကတော့ မိမိဘက်မှာရော တစ်ဖက်နိုင်ငံမှာပါပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်၊၊ မိမိဘက် RSS-3 မြေပြင်ပေါက်ဈေးက ကျပ် ၃ ဒသမ ၄၁၄ သန်း ဖြစ်ပြီး တစ်ဖက် နိုင်ငံဈေးကတော့ ဒေါ်လာ ၄၃၁၂ ဖြစ်ပါတယ်။RSS-5 ရဲ့မိမိဘက် မြေပြင်ပေါက်ဈေးက ကျပ် ၃ ဒသမ ၃ဝ သန်းဖြစ်ပြီး တစ်ဘက်နိုင်ငံမြေပြင်ဈေးကတော့ ဒေါ်လာ ၄၁၅၅ ဖြစ်ပါတယ်။ MIRT(DOBT)
အထွက်ကျတဲ့ရာသီဖြစ်လို့ အပို့လျော့ သြဂုတ် ၁၄ ရက်မှ ၂ဝရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂ဝ၁ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၈၈၇သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်ကထက် တန်ချိန် ၂၁ဝ နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ စင်ကာပူတစ်နိုင်ငံထဲကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ ယခုအပတ်ရော်ဘာတင်ပို့မှုတန် ၃၈ဝ ကျော်ရှိပြီး ယခင်အပတ်ကထက် တန် ၂ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့RSS-3 နဲ့MSR-20 တစ်တန်ကို ၄၄ဝဝ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာဈေးရလျက်ရှိပါတယ်။ ရော်ဘာအထွက် ကျတဲ့ရာသီဖြစ်တာကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ KZW
အိန္ဒိယတောင်သူများပဲမျိုးစုံ နံှစားသီးနံှများအစား တွက်ခြေကိုက်တဲ့ ဝါ၊ ပဲပုပ်၊ ကြက်ဆူကြားသီးနံှများ ပြောင်းလဲစိုက်ပျိုးလာ ၂ဝ၁၁ ခုနှစ်မှာ အိန္ဒိယတောင်သူတွေဟာ ပဲ၊ နံှစားသီးနံှများလျော့စိုက်ခဲ့ပြီး စီးပွားဖြစ်တွက်ခြေကိုက်တဲ့ ဝါ၊ ပဲပုပ်၊ ကြက်ဆူကြားစတဲ့ သီးနံှတွေကို ပိုစိုက်ပျိုး လာကြပါတယ်။ တစ်နိုင်ငံလုံးခြုံကြည့်ရင် ပဲမျိုးစုံနဲ့ နံှစားသီးနံှ စိုက်ဧရိယာတွေ ကျဆင်းနေပြီး ဒီနှစ်မုတ်သုံမိုး ကောင်းကောင်းရခဲ့တဲ့ အနောက်ဘန်ဂေါ၊ ဘီဟာနဲ့ ဂျဟာခန်း ပြည်နယ်တွေမှာပါ စပါးစိုက်ဧရိယာတွေ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၉ ရက် ရရှိတဲ့သတင်းအရ မိုးပဲစိုက်ပျိုးမှု အခြေ အနေနဲ့ ပြည်နယ်အလိုက်သီးနံှပြောင်းလဲစိုက်ပျိုးမှု အခြေအနေတွေကို ဖော်ပြ လိုက်ပါတယ် -
နယ်အဝင်သွက်သလို မန်းအဆွဲသွက်တဲ့ မုံရွာကြက်သွန်နီ မုံရွာနယ်မှာ ဝါခေါင်မိုးက ရက်ခြားရွာနေသလို မိုးဓာတ်ကြောင့် ကြက်သွန်တွေ အညှောင့်ပေါက်လာမှာ စိုးတဲ့အတွက် တောင်သူတွေ ပွဲရုံကို အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ တစ်နေ့လျှင် အချိန်တစ်သောင်း ဝန်းကျင် ပွဲရုံမှာ အဝင်ရှိခဲ့သလို ဒီလထဲမှာ မန်းအဆွဲကလည်း တစ်နေ့ပိဿာတစ် သောင်းကျော် စီးထွက်ခဲ့တာ တွေ့ရပါတယ်။ ဈေးကွက်အနေ နဲ့ ဒိုင်သိမ်းဈေး အသေး ၄ဝဝ ကျပ် - အလတ် ၄၅ဝ ကျပ်၊ အကြီး ၅ဝဝ ကျပ်နဲ့ ရှယ် ၅၅ဝ ကျပ် အသီးသီး တစ်ပိဿာ ဈေးပေါက်ခဲ့ပြီး၊ လက်ကားရောင်းဈေးကတော့ ရှယ် ၆ဝဝ ကျပ်၊ အကြီး ၅၂၅ ကျပ်၊ အလတ် ၄၇၅ ကျပ်နဲ့ အသေး ၄၅ဝ ကျပ် အသီးသီးအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ကျန် အားဖြင့် မုံရွာခရိုင်ထဲက တောင်သူတွေထံမှာ ပိဿာသိန်း၂ဝ ခန့်နဲ့ ကုန်သည်တွေထံမှာ ၅ သိန်းခန့် ကျန်ရှိနိုင်တယ်လို့ ကြက်သွန်ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ သြဂုတ်လ ၁ ရက်ကနေ ၂၅ ရက်နေ့ထိ မန္တလေးကို ပိဿာ ၂ ဒသမ ၅ သိန်းခန့်နဲ့ ရန်ကုန်ကို ပိဿာ ၅ သောင်း ခန့် စီးထွက်ခဲ့ကြောင်း ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယနနွင်းဈေး အကျဘက်ဆက်ဆင်းဖွယ်ရှိ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များမှာ နနွင်းစိုက်ပျိုးမှု တိုးတက်နေတဲ့သတင်းများအရ နနွင်းဈေးနှုန်း အကျဘက်ရှိ နေဦးမှာဖြစ်ပါတယ်။ နနွင်းရောင်းချသူများဟာ နနွင်းအထွက်ပိုမိုမြင့်တက်မယ့် ခန့်မှန်းချက်တွေက ဈေးကျဖို့ဖြစ်စေတာမို့ ၎င်းတို့လက်ကျန်များ ရှင်းထုတ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ ပြည်ပအမှာအော်ဒါများအရ ဈေးအနိမ့်နဲ့ ဝယ်ယူနိုင်ခြင်းကတော့ ဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။ နနွင်းထွက်ရှိမှုဟာ ၂ဝ၁ဝ-၁၁ အတွင်း အိတ် ၆၉ သိန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၈၂ သိန်း ထိ မြင့်တက်နိုင် တယ်လို့ခန့်မှန်းထားပါတယ်။ ပြည်တွင်းလှောင်လက်များမှာ နနွင်းလက်ကျန်အလုံအလောက် ရှိနေတဲ့အတွက် သြဂုတ်လကုန်ထိ ကာလတိုအတွင်း ဈေးနှုန်းဟာ ပြည်တွင်း၊ ပြည်ပဝယ်လက်တွေရဲ့ ဝယ်လို အားပေါ်မူတည် နေတယ်လို့ ဆိုပါတယ်။ ကာလလတ် နဲ့ ကာလရှည်အတွင်းမှာတော့ နနွင်းစိုက်ပျိုးမှုတိုးတက်ခြင်းနဲ့ လက်ကျန်ရှိနေတာကြောင့် အကျဘက်ဆင်းလိမ့်မယ်လို့ဆိုပါတယ်။ NCDEX မှာ သြဂုတ်လ ၂၅ ရက်နေ့ လက်ငင်းဈေးဟာ တစ်တန်ကို ရူပီး ၆၄၅ဝဝ (ကန်ဒေါ်လာ ၁၃၉၉ ဒသမ ၇) ဈေးဖြစ်ခဲ့ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂ဝ၁၁ ဧပြီလမှ ဇွန်လအထိ နနွင်းတင်ပို့မှုဟာ တန်ချိန် ၂၁၇၇၅ ရှိလို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၅ဝဝဝ ထက်၄၅ ရာခိုင်နှုန်း ပိုမိုတယ်လို့ဆိုပါတယ်။ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုက်ဂျီးရီးယားတို့က ရောင်းလိုအားကောင်းနေခြင်းနဲ့အတူ ကမ္ဘာ့ဈေးကွက်မှာ ရောင်းချမှုက အားကောင်းနေပါတယ်။ ဝယ်လိုအားဘက်မှာလည်း ဆေးနဲ့အလှကုန်လုပ်ငန်း တိုးတက်တာကြောင့် စားသုံးမှုတိုးတက်နေတယ် လို့ဆိုပါတယ်။ လက်ရှိနနွင်းစိုက်ပိုျးမှုအနေနဲ့ ယခင်နှစ်ထက် ၁၅ရာခိုင်နှုန်းလျော့ကျပေမယ့် ပုံမှန်စိုက်ဧရိယာထက်တော့ ပိုမိုတယ်လို့ဆိုပါတယ်။ ယခင်နှစ်က စိုက်ဧကအလွန်မြင့်မားခဲ့ရာ ယခုလိုအချိန်မှာ ဟက်တာ ၆၉ဝဝဝ စိုက်ပျိုးထားပြီး ယခုနှစ်မှာ ဟက်တာ ၆ဝဝဝဝ စိုက်ပျိုးထားကြောင်းနဲ့ ပုံမှန်အားဖြင့် ဟက်တာ ၅၆ဝဝဝ စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: Business standard
