Main menu

Background

Tuesday, 5 Jul 2011

မန်ကျည်း တင်ပို့မှုပို               ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၁၂၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက စင်ကာပူနိုင်ငံကို ၈၈ တန်နဲ့ ထိုင်းနိုင်ငံကို တန်ချိန် ၄ဝ အသီး သီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းသီး ၄၆တန် ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် ၃ ဆနီးပါး ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရ ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေး ပျမ်းမျှကန်ဒေါ်လာ ၆၁ဝ ဝန်းကျင်နဲ့ တင်ပို့ နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ခုနှစ် သောင်းရှစ်ထောင် ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Tuesday, 5 Jul 2011

နနွင်းရောင်းချဖို့ အိန္ဒိယစိုက်ပျိုးသူများကို ပြောကြား               နောက် ၃ လကျော်မှာ နနွင်းဈေးနှုန်းမြင့်တက်ဖို့ အခွင့်အလမ်းနည်းသွားပြီလို့ တမီနာဒူး စိုက်ပျိုးရေးတက္ကသိုလ်မှ ပြည်တွင်းနဲ့ ပြည်ပတင်ပို့မှု ဈေးကွက်ပညာဖွံ့ဖြိုးရေးဌာန( DEMIC ) မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် တောင်သူများအနေနဲ့ နနွင်းများ ချက်ချင်းထုတ်ရောင်းဖို့ ၎င်းတို့ကအကြံပေးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လမှာ ရှိရမယ့် တစ်တန်ကို ရူပီး ၁၅ဝဝဝဝ (ကန်ဒေါ်လာ ၃၃၅၁) မှ ယခုအခါ တစ်တန်ကို ရူပီး ၆၅ဝဝဝ-၇၅ဝဝဝ ( ကန်ဒေါ်လာ ၁၄၅၂- ၁၆၇၅) ကိုကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။                  အဲဒီလိုဈေးနှုန်းကျဆင်းခြင်းဟာ နနွင်းစိုက်ဧရိယာ ၂၅ ရာခိုင်နှုန်း တိုးတက်မှုကြောင့် ထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်ပတင်ပို့မှုမှာ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့တာကြောင့်လို့ DEMIC  က ဆိုပါတယ်။ လက်ကျန်များခြင်း၊ အရည် အသွေးနိမ့်ခြင်းနဲ့ ဝင်ရောက်မှုကျဆင်းခြင်းက ဈေးနှုန်းထပ်မံကျဆင်းဖို့ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစိုက်ပျိုးမှုစတင်နေပြီး တိုးတက်မှုမှာ အားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မိုးရွာသွန်းမှု ကောင်း နေခြင်းကလည်း စိုက်ပျိုးမှုအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်ပေါက်ဈေးပေါ် မူတည်ပြီး စိုက်ပျိုးကြမှာဖြစ်လို့ အကယ်လို့သာ ဈေးဆက်လက်ကျဆင်းမယ်ဆိုရင် တောင်သူများက ဝါဂွမ်းနဲ့ ပဲပုပ်တို့လို ငွေပိုရတဲ့ သီးနံှတွေကို ပြောင်းလဲစိုက်ပျိုး နိုင်လို့ နနွင်းစိုက်ဧရိယာကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယခုနှစ် နနွင်းထုတ်လုပ်မှု အိတ် ၇ဝ သိန်းခန့်ရှိပြီး လက်ကျန်ပမာဏမှာ အိတ် ၁၁ သိန်းကို ၄ သိန်းခန့် တိုးတက်နိုင် တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: hindubusiness 

Tuesday, 5 Jul 2011

အရောင်းအဝယ်အေးနေတဲ့ ကျောက်ဆည်နနွင်းဈေးကွက်               ကျောက်ဆည်ခရိုင်၊ နနွင်းတက်များအနေဖြင့် ၁၃၇၄ ဧကစိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖော်ပါတယ်။ နနွင်းဈေးနှုန်းမှာ တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၃၅ဝဝ ကျပ်ဖြစ်ပြီး၊ နနွင်းဟောင်း တစ်ပိဿာ ၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် စခဲ့ပါတယ်။ ဇွန်လဆန်းပိုင်းမှစပြီး နနွင်းတက် ဈေးသိသိသာသာကျဆင်းခဲ့ပါတယ်။ ယခင်အပတ်မှာ နနွင်းတက်ဈေး တစ်ပိဿာ ၂ဝဝဝ ကျပ်အထိ ကျဆင်းခဲ့ပြီး ယခုတစ်ပတ်မှာ ၁၈ဝဝ ကျပ်ဈေးအထိ ကျဆင်းခဲ့ပါတယ်။ ယခုနှစ် စိုက်ပျိုးတဲ့ နနွင်းတက်မျိုးမှာ ရှမ်းနနွင်းတက်မျိုးဖြစ်ပြီး အထွက်နှုန်းကောင်းပြီးအရည်အသွေးညံ့ဖျင်းတာကြောင့် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် အေးကြောင်း သိရပါတယ်။            သန်းသန်းမိုး 

Tuesday, 5 Jul 2011

ဝယ်လက်ရှိလို့ ရှမ်းနနွင်းဈေးရလာ              ဟိုပုံးဈေးကွက်မှာ ရှမ်းနနွင်းတက်ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကတော့ နနွင်းတက် အရောင်းအဝယ်လုံးဝမရှိတော့ဘဲ ဈေးကလည်း ငြိမ်နေပါတယ်။ ယခုရက်ပိုင်းအတွင်းမှာတော့ ရန်ကုန်ဝယ်လက်တွေ ပြန်ဝယ် နေတာကြောင့် ဈေးပြန်တက်လာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေမှာ ဆင်တောင်နနွင်းပြီး ရင် ဟိုပုံးနနွင်းက အရည်အသွေးကောင်းတာကြောင့် အခြားနနွင်းတွေထက် ဈေးကောင်းရပါတယ်။ ဝယ်လက်တွေကလည်း ပစ္စည်းပေါ်မူတည်ပြီး ကြိုက်ရင်ကြိုက်သလို ဝယ်ယူနေကြပါတယ်။ ဝယ်လက်တွေကတော့ လက်ငင်းရှင်းရင် တစ်ပိဿာ ၁၇၅ဝ ကျပ်-၁၇၇ဝ ကျပ်ဈေးပေးပြီး ခေတ္တဆိုင်းငံ့ရင် ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                  အောင်ပန်းဈေးကွက်မှာတော့ နနွင်းတက်အရောင်းအဝယ်က ငြိမ်နေဆဲပဲလို့ သိရပါတယ်။ ဈေးပတ်သမား တွေလောက်သာ ဝယ်ယူနေတာကြောင့် ပစ္စည်းလက်ကျန်တွေ ရှိနေပါသေးတယ်။ နနွင်းတက်ပေါက်ဈေး တွေကတော့ ဆင်တောင်နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပင်းတယနနွင်းက ၁ဝဝဝ ကျပ်ပတ်ချာလည်လောက်သာ ရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာ နနွင်းခြောက် (ဟိုပုံး) တစ်ပိဿာ ၁၅၅ဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင် 

Tuesday, 5 Jul 2011

နနွင်းတင်ပို့မှု ၄ ဆခန့်ရှိ               ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၂ဝ၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၄၂၁ သန်ဖိုးနဲ့ နနွင်းခေါင်း ဒေါ်လာ ဝ ဒသမ ဝ၄ဝ သန်းတန်ဖိုးရှိ ၂၂ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက်နဲ့ နနွင်းခေါင်း တန် ၆ဝ နီးပါး တင်ပို့ခဲ့တာကြောင့် ၄ဆနီးပါး တင်ပို့ခဲ့တယ် လို့ သိရပါတယ်။ MIRT(DOBT) 

Tuesday, 5 Jul 2011

အိန္ဒိယကြက်သွန်ဖြူ အမြောက်အမြား ထွက်ရှိပေမဲ့ ဈေး ၂ ဆမြင့်တက်             အိန္ဒိယနိုင်ငံမှာ ယခုရာသီ ကြက်သွန်ဖြူ အမြောက်အမြားထွက်ရှိတဲ့တိုင် လွန်ခဲ့တဲ့ ၂ လအတွင်း လက်လီ ဈေးများ ၂ ဆဖြစ်ခဲ့ပါတယ်။ ဈေးကောင်းပိုမိုရမယ့် မျှော်လင့်ချက်နဲ့ ကြက်သွန်တောင်သူတွေက ဈေးကွက်ဖြန့်ဖြူးမှု ပိုမိုနှောင့်နှေးခြင်းနဲ့ ကုန်သည်တွေက ဝယ်ယူသိုလှောင်ထားကြခြင်းတွေကြောင့် အဲဒီလို ဈေးနှုန်းမြင့် တက်လာခြင်း ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူ အမြောက်အမြား ဈေးကွက်တွေထဲ ဝင်လာတော့မှာဖြစ်လို့ ကုန်သည် တွေ မျှော်မှန်းထားသလို အကိုျးအမြတ် များများရမှာ မဟုတ်ဘူးလို့ ယုံကြည်တယ် လို့လည်း ဆိုပါတယ်။              လက်ရှိဈေးနှုန်းအနေနဲ့ လက်လီဈေးကွက်မှာ ကြက်သွန်ဖြူ တစ်ကီလိုကို ရူပီး ၉ဝ နဲ့ ရူပီး ၁၄ဝ (ကန်ဒေါ်လာ ၂ ဒသမ ၃ - ၃ ဒသမ ၁၂) အတွင်းရှိနေပြီး လက်ကားဈေးကွက်မှာ ရူပီး ၅ဝ-၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၁၁-၁ ဒသမ ၃၄) အတွင်း ဖြစ်နေပါတယ်။ မတ်လက လက်လီတစ်ကီလိုကို ရူပီး ၅ဝ-၆၅ (ကန်ဒေါ်လာ ၁ ဒသမ ၁၁-၁ ဒသမ ၄၅) ခန့်သာရှိတယ်လို့ သိရပါတယ်။ အမှန်တော့ ယခုနှစ်ကြက်သွန်ဖြူ အမြောက်အမြားထွက်ရှိပြီး ဈေးနှုန်းရုတ်တရက်ကျဆင်း ခဲ့ပါတယ်လို့ နိုင်ငံတော် ဟင်းသီးဟင်းရွက်သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့(NHRDF)  ဒါရိုက်တာ Dr RP Gupta က ဆိုပါတယ်။ တောင်သူနဲ့ ကုန်သည်များဟာ ဈေးမြင့်တက်မယ်ထင်ပြီး သိုလှောင်ကာဈေးကွက်မှာရောင်းချမှုနည်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လာမယ့်ရာသီမှာလည်း အမြောက်အများထွက်ရှိမယ်လို့ ခန့်မှန်း ထားပြီး ဈေးနှုန်းတည်ငြိမ်မှာဖြစ်လို့ ၎င်းတို့ထင်သလို ဈေးမတက်နိုင်ဘူးလို့ ဆိုပါတယ်။                  NHRDF စာရင်းအရ ၂ဝ၁ဝ-၁၁ အတွင်း ကြက်သွန်ဖြူတန်ချိန် ၁၁ ဒသမ ၃၁ သိန်း ထွက်ရှိလို့ ယခင်နှစ်ထက် တန်ချိန် ၂ သိန်းပိုမိုလာတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလက ကြက်သွန်ဖြူ ပြတ်လပ်ခဲ့တာကြောင့် တစ်ကီလိုကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၆) နဲ့ ဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုအခါ ဈေးကွက် ထဲမှာ ကြက်သွန်ဖြူအသစ်တွေများနေတာကြောင့် ဈေးငြိမ်နေပြီလို့ သိရပါတယ်။              ဒါပေမဲ့ အချို့ကုန်သည်တွေကတော့ အခြေခံစံနှုန်းအရည်အသွေးကောင်း ကြက်သွန်ဖြူ ရောင်းချမှု ပြတ်လပ်နေပြီး ဝယ်လိုအားမြင့်မားတာကြောင့် ဈေးနှုန်း မြင့် တက်နေတယ်လို့ ဆိုပါတယ်။ ၅ ဒသမ ၅ စင်တီမီတာ ကြက်သွန်ဖြူ (အခြေခံ စံနှုန်းအရည်အသွေး)ကို ဝယ်လိုအား အမြောက်အမြားရှိနေပြီး ရောင်းချမှု နည်း တာကြောင့် ဈေးနှုန်းမြင့်တက်နေတယ်လို့ Gemini Trading မှ ပြောကြားပါတယ်။                အလုံးသေးတွေကတော့ ပေါများနေတယ်လို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်ခ ၊ အလုပ်သမားခ အပါအဝင် သွင်းအားစုကုန်ကျစရိတ်က တစ်နှစ်ထက်တစ်နှစ် တိုးတက်နေတာကြောင့် ဈေးနှုန်းမြင့်တက်နေတယ်လို့ မွန်ဘိုင်း APMC မှ ဒါရိုက်တာ Ashok Walunj က ဆိုပါတယ်။ ယမင်းခင်၊Source: moneylife in 

Tuesday, 5 Jul 2011

အောင်ပန်းချင်း အဝင်လှိုင်                 အောင်ပန်းဈေးကွက်ကို ချင်း (ဥမ) တွေအဝင်လှိုင်နေပါတယ်။ အောင်ပန်း ဒေသရဲ့ တောင်ဖက်ခြမ်းဖြစ်တဲ့ တီကျစ်၊ နောင်တရား၊ ဟဲဟိုးဒေသနဲ့ အောင်ပန်း နယ်တစ်ဝိုက်ကနေ ဝင်တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ရက်ကို ပိဿာချိန် ငါးသောင်းခန့် ဝင်နေတယ်လို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။ လက်ကျန်ချင်း တက်ဟောင်းတွေကတော့ ပိဿာချိန် သောင်းဂဏန်းခန့်သာ ကျန်ပါတော့တယ်။ မနှစ်ကတော့ ရာသီဥတုကြောင့် အထွက်နှုန်းနည်းခဲ့ပေမဲ့ ဒီနှစ်ကတော့ မိုးကလည်း ပုံမှန်ရွာနေတာကြောင့် အထွက်ကလည်း မနှစ်ကထက် များနိုင်တယ်လို့ ဒေသခံ တွေကခန့်မှန်းကြပါတယ်။ ချင်းခြောက်လည်း ပစ္စည်းလက်ကျန်နည်းနေပြီလို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာ ချင်း (စို) တစ်ပိဿာ ၃ဝဝ ကျပ်မှ ၄ဝဝ ကျပ်၊ ချင်းခြောက် တစ်ပိဿာ ၁၂ဝဝ ကျပ်- ၂ဝဝဝ ကျပ်အထိရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေကြပြီး ချင်းက ဝင်သလောက် အထွက်ပြန်ရှိတာကြောင့် ဇွန်လအတွင်း ပိဿာချိန် ၃ သိန်း စီးဆင်းသွားတယ်လို့ သိရပါတယ်။ ဧဧခိုင် 

Tuesday, 5 Jul 2011

အဝင်များလို့ ပြည်ချင်းဈေးကျ                 ယခုတစ်ပတ်တွင် အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(အတက်)နဲ့ ချင်း (ဥမ)များ ပြည်ဈေးကွက်သို့ ပိဿာ ၃ဝ ဝင်အိတ် ၆၅ဝ ခန့်အဝင်ရှိပြီး ယခင် အပတ်ထက် အဝင်ပိုများလာကာ ဈေးနှုန်းမှာလည်း တစ်ပိဿာကို ချင်းတက် (ရှယ်)၁၂ဝဝကျပ်၊ (ဂျွန်) ၁၁ဝဝ ကျပ်၊ ချင်း (ဥမ) ၆ဝဝ-၇ဝဝ ကျပ်တို့နှင့် ရောင်းဝယ်လျက်ရှိ၍ ယခင်ပတ်ထက် တစ်ပိဿာကို ၂ဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း လက်လီ၊ လက်ကား ရောင်းဝယ်သူများ ချင်း (ဓါးလှီး) သမားများအပြင် ဧရာဝတီနဲ့ ရခိုင်ဘက်သို့ တင်ပို့မှု အပါအဝင် တစ်ရက်ကို ပိဿာချိန် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Pages