Background
မတ်ပဲသင်္ဘောတင်ပို့မှု ဆက်လက်အားကောင်းလျက်ရှိ ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မှုအနက် မတ်ပဲတင်ပို့မှုကတော့ ဆက်လက် ကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၄ဝဝဝ ကျော်တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်)နေ့ အထိမှာလည်း တန်ချိန် ၂၁ဝဝဝ ခန့်အထိတင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့မှု အများ ဆုံး ကတော့ အိန္ဒိယနိုင်ငံကိုဖြစ်ပြီး ဂျပန်၊ မလေးရှား၊ ဆော်ဒီအာရေးဗီးယား၊ ထိုင်း၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကိုလည်း အနည်းငယ်စီ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ်အတွင်း တင်ပို့ပြီးစီးမှုကို လေ့လာကြည့်မယ် ဆိုရင် မေလ ၂၇ ရက်နေ့အထိ မတ်ပဲတန်ချိန် တစ်သိန်းကျော်တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ ၆၉ဝဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၃ သောင်းကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း သင်္ဘောတင်ဆက်လက်များနေဦးမယ်လို့ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။ MIRT- MAPT
ယခုနှစ်တွင် ကင်ညာနိုင်ငံ လက်ဖက်အထွက်ကျနိုင် အာဖရိကရဲ့ အကြီးဆုံးလက်ဖက်ထုတ်လုပ်သူဖြစ်တဲ့ ကင်ညာနိုင်ငံက ၂ဝ၁၁ မှာ ထုတ်လုပ်မှု ၁ဝ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး လွန်ခဲ့တဲ့လေးလလောက်ကတည်းက အထွက်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုက ဇန်နဝါရီလကနေ မတ်လအထိတာရှည်ခဲ့ပြီး ဧပြီလမှာတော့ မိုးအနည်းငယ် ရွာခဲ့တာကြောင့် ၂ဝ၁၁ ပထမလေးလရဲ့ လက်ဖက်အထွက်နှုန်းက ကီလိုဂရမ် ၁၁၆ ဒသမ ၆ သန်း ထွက်ရှိပြီး ၂ဝ၁ဝ ပထမလေးလထက် ၂ဝ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကင်ညာနိုင်ငံရဲ့ လက်ဖက်အထွက်နှုန်းကောင်းပြီး ကီလိုဂရမ် (၃၉၉) သန်းရှိကြောင်း သိရပါတယ်။ ယခုနှစ်ဧပြီလမှာတော့ ယခင်နှစ်ထက် အထွက်နှုန်း ၁၂ ရာခိုင်နှုန်း ကျခဲ့ပြီး ကီလို ၃၁ ဒသမ ၄ သန်း ထွက်ရှိကာ ၂ဝ၁ဝ အလားတူ ကာလက ကီလို ၃၅ ဒသမ ၈သန်းထွက်ရှိခဲ့ကြောင်းသိရပါတယ်။ လက်ဖက်စိုက်ပျိုးတဲ့ ဧရိယာ ဖြစ်တဲ့ အနောက်ပိုင်း Rift တောင်ကြားဒေသရဲ့ အထွက်နှုန်းကို ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကီလို ၁၇ ဒသမ ၅ သန်းသာ ထွက်ရှိခဲ့ပါတယ်။ ဇန်နဝါရီကနေ ဧပြီလအထိ ပို့ကုန်တင်ပို့မှု ကီလို ၁၃၉ ဒသမ ၆ သန်းရှိပြီး ၂ဝ၁ဝ ပထမလေးလထက် လျော့နည်းခဲ့ကြောင်း သိရပါတယ်။ ကင်ညာလက်ဖက်ကို ပါကစ္စတန်သို့ အဓိကတင်ပို့ပြီး ကီလို ၆ ဒသမ ၄ သန်းလောက်တင်ပို့မှု ရှိကာ ကင်ညာရဲ့ လက်ဖက် တင်ပို့မှု စုစုပေါင်းရဲ့ ၂ဝ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ အခြားအဓိက တင်ပို့တဲ့ နိုင်ငံများကတော့ အာဖကန်နီစတန်ကို ကီလို ၅ ဒသမ ၈ သန်း၊ အီဂျစ်ကိုကီလို ၅ ဒသမ ၁ သန်း၊ ဥရောပကို ကီလို ၄ ဒသမ ၅ သန်းနဲ့ UAE ကို ကီလို ၁ ဒသမ ၈ သန်း အသီးသီးတင်ပို့တယ်လို့ သိရပါတယ်။ ဒီငါးနိုင်ငံကို တင်ပို့မှုက စုစုပေါင်း တင်ပို့မှုရဲ့ ၇၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။Source:Commodity online,KZW
အိန္ဒိယမြောက်ပိုင်းမှာ နနွင်းအမြောက်အမြား ထုတ်လုပ်ဖို့ ဆောင်ရွက် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်ကို အမြောက်အမြား စိုက်ပျိုးလျက်ရှိရာ နနွင်းစိုက်ပျိုးမှုအနေနဲ့ တတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုအနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဟက်တာကို နနွင်း ၃ ဒသမ ၉ တန်နှုန်း ထွက်ရှိပေမဲ့ အဲဒီဒေသမှာတော့ ၁ ဒသမ ၅ တန်နှုန်းသာထွက်ရှိတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အရှေ့မြောက်ပိုင်း တောင်ကုန်းဒေသများအတွက် အထွက်နှုန်းကောင်းတဲ့ Lackadong နဲ့ Megha မျိုးများစိုက်ပျိုးဖို့ I C A Rသုတေသနဌာနမှ ဒါရိုက်တာ S V Ngachan ကသတ်မှတ်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံတော်စိုက်ပျိုးရေးဆိုင်ရာ တီထွင်ထုတ်လုပ်မှု စီမံကိန်း (NAIP ) က အဲဒီနနွင်းမိုျးတွေကို ဟက်တာ ၃၃ဝဝဝ မှာ စိုက်ပိုျးထားတယ်လို့ ဆိုပါတယ်။ နနွင်းစိုက်ပျိုးသူတွေအတွက် အဲဒီဒေသမှာ အကြီးဆုံးစိန်ခေါ်မှုကတော့ ထုတ်လုပ်မှုထက် ပိုကြီးမြင့်တဲ့ ဈေးနှုန်းမရှိခြင်းဘဲလို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသတွင်းလယ်ယာထုတ်လုပ်မှုအားလုံးနီးပါးမှာ ကိုင်တွယ်ထိန်းသိမ်းမှု၊ ပြုပြင်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနဲ့ ဈေးကွက်ရရှိမှုစတဲ့ အခြေခံအထောက် အကူမရှိတာကြောင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုမြင့်မားတယ်လို့ သိရပါတယ်။ တောင်သူတွေကို အကူအညီပေးဖို့အတွက် ယင်းဒေသခရိုင် ၇ ခုမှာ တစ်ဝက်ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံအချို့ကိုICAR နဲ့ NAIP တို့မှ ထူထောင်ထားတယ်လို့ Dr Ngachan က ဆက်လက်ပြောကြားပါတယ်။ အစောပိုင်းက တောင်သူများဟာ ၎င်းတို့ရဲ့ ထုတ်ကုန်တွေကို ပြုပြင်ထုတ်လုပ်စက်ရုံတွေကို သယ်ယူရာမှာ သယ်ယူစရိတ် မြင့်မားတာကြောင့် ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိတောင်သူများဟာ ကွင်းထဲမှာပဲ နနွင်းအခြောက်ခံပြီး စက်ရုံတွေကို ပို့တယ်လို့ ဆိုပါတယ်။ ထုပ်ပိုးပြီးတဲ့ နောက်မှာတောင်သူများဟာ တိုက်ရိုက်သော်လည်းကောင်း ICAR တောင်သူများအသင်းမှ တစ်ဆင့် ICAR တံဆိပ်နဲ့ ဈေးကွက်တွေမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ကီရာလာ၊အင်ဒရာပရာဒေ့ရှ်က နနွင်းနဲ့ယှဉ်ရင် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသက နနွင်းများဟာ ကယ်လ်စီယံနဲ့ Oleoresin ပါဝင်မှုများတယ်လို့ ဆိုပါတယ်။ ဒေသတွင်းနေရာအနံှ့အပြားမှာ ပြုပြင်ထုတ်လုပ်တဲ့ စက်များတပ်ဆင်ခြင်းဖြင့် လုပ်ငန်းရှင်များနဲ့ စက်ရုံများကို အကူအညီဖြစ်စေသလို တောင်သူများအတွက်လည်း ဈေးအမြင့်နဲ့ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ Dr Ngachan က ဆက်လက်ပြောကြားပါတယ်။ ယမင်းခင်၊Source: hindubusinessline
ပင်လောင်းနနွင်းတွေများတဲ့ ရှမ်းနနွင်းဈေးကွက် ဒီနှစ်နနွင်းဈေးကွက်မှာပင်လောင်းနနွင်းတွေများနေပါတယ်။ ဝယ်လက်ကလည်းနည်းနေတာကြောင့် ပုံနေတယ်လို့ သိရပါတယ်။ ဆင်တောင်နနွင်းကတော့ ဝယ်လက်ရှိပေမဲ့ပစ္စည်းကနည်းနေပြီလို့သိရပါတယ်။ ယခု လောလောဆယ်မှာတော့ တောင်ပိုလနယ်ကထွက်တဲ့နနွင်းကိုလည်း အကြိုက်တွေ့နေတယ်လို့ သိရပါတယ်။တောင်ပိုလတစ်ရွာတည်းကထွက်တဲ့ နနွင်းက ဆင်တောင်နနွင်းလောက်မကောင်းပေမဲ့ အတော်သန့် တာကြောင့် ဝယ်လက်တွေကြိုက်ကြပါတယ်။ ဒါပေမဲ့ အဲဒီ နနွင်းကလည်း တစ်ရွာတည်းကထွက်တာကြောင့် အထွက်နှုန်း ကလည်း မများဘူးလို့သိရပါတယ်။ အထွက်များတဲ့ ပင်လောင်း နနွင်းကတော့ အရည်အသွေးညံ့တာကြောင့် ဝယ်လက်အကြိုက်မတွေ့ပါဘူး။ နနွင်းဈေးကတော့ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ပင်လောင်းနနွင်းက တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ၄ဝဝဝ ကျပ်၊ တောင်ပို့လနနွင်းက တစ်ပိဿာ ၂၅ဝဝ ကျပ်နှင့်ပင်လောင်းနနွင်းက တစ်ပိဿာ ၇ဝဝ ကျပ်၊ ၁၂ဝဝ ကျပ် ဈေးရှိတယ်လို့နနွင်းပွဲရုံကသိရှိရပါတယ်။ ဧဧခိုင်
ယခုအပတ် မူဆယ်မှ နနွင်းတက် တင်ပို့မှု ပိုမိုလာ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ မေလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၁ သန်း တန်ဖိုးရှိ နနွင်းတက် ၅၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၆ တန် သာ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၄ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ မေလ ၂၄ ရက်ထိ ကာလအတွင်း နယ်စပ်မှ နနွင်းတက် တင်ပို့နိုင်မှုမှာ တန် ၁ဝ၅၆ တန်ကျော်ရှိပြီဖြစ်ပါတယ်။ MIRT (DOBT)
မလေးရှားကို နနွင်း ၁၂ တန်ပို့ မေ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း နနွင်း ၁၂ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၇၄ တန်ကျော်တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ်စင်ကာပူကို အဓိကတင်ပို့ခဲ့တဲ့နနွင်းက ဒီတစ်ပတ်မှာ မလေးရှားဘက်ကို ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းသုံးထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
ပင်ယံဖျားက ရွှေမန်ကျည်း ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်းကလွဲလို့ အခြားပဲတွေ ဈေးကျဈေးအေးနေချိန်မှာ ပဲ ပင်ယံဖျားမှာ သီးမှည့်တဲ့ မန်ကျည်းက ခေါင်ကိုမော့ ရင်ကိုကော့နေတာတွေ့ရပါတယ်။ ယခင်နှစ်ကာလတူတွေကို ပြန်ကြည့်ရင် ၂ဝဝ၈ မေလ ယခုလိုရက်မျိုးမှာ မန်ကျည်းတစ်ပိဿာ ၁၅ဝ ကျပ်-၁၆၅ ကျပ်၊ ၂ဝဝ၉ မေလမှာ ၁၈ဝ ကျပ်-၂ဝဝ ကျပ်၊ ၂ဝ၁ဝ မေလမှာ ၆ဝဝ ကျပ်-၆၅ဝ ကျပ်ရှိပြီး ယခုနှစ်မှာတော့ ၁၃ဝဝ ကျပ်-၁၃၃ဝ ကျပ်ထိ ၂ဝဝ၈ ဈေးရဲ့ ၁ဝ ဆနီးပါးဖြစ်ခဲ့ပါတယ်။ ယခုကာလမှာတော့ ပခုက္ကူကို မြိုင်နယ်ဘက်က မန်ကျည်းအဝင်နည်းသွားပြီး ပေါက်နယ်နဲ့ ဂန့်ဂေါနယ် ကပဲ အဝင်ရှိပါတော့တယ်။ မောင်မောင်အေး
အင်ဒိုနီးရှားကို အများဆုံးတင်ပို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မေလ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်း ၂၄၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေက အင်ဒိုနီးရှားကို တန်ချိန် ၁၅ဝ၊ မလေးရှားနိုင်ငံကို ၂၄ တန်နဲ့ စင်ကာပူ နိုင်ငံကို ၆၈ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့သမျှတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၂၃ တန်သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ တန်ချိန် တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၆၅ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ တစ်သိန်းငါးသောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
လှိုင်လှိုင်ပေါ်၍ ဈေးကျလာတဲ့ ပြည်ချင်းဈေးကွက် အောင်ပန်းဘက်မှ မှာယူတင်သွင်း ရောင်းဝယ်လျက်ရှိသော ချင်းများ ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ တစ်ပိဿာကို ချင်း(ရှယ်) ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့ရှိပြီး ယခင်တစ်ပတ်ကထက် ချင်းတစ်ပိဿာကို ၂ဝဝ ကျပ်ခန့် ဈေးကျသွား ခဲ့ပါတယ်။ ချင်းများစိုက်ပိုျးထွက်ရှိရာ အောင်ပန်းတွင် ချင်းများလှိုင်လှိုင်ထွက်ပေါ်နေခြင်းကြောင့် ဈေးကျခြင်းဖြစ်ပြီး ပြည်ဈေးကွက်အတွင်း အဝင်ပုံမှန် အရောင်း အဝယ်ပုံမှန်ဖြင့် ယခုတစ်ပတ်အတွင်း တစ်နေ့ကို ဧရာဝတီနဲ့ ရခိုင်ဘက်သို့ အပါအဝင် ပိဿာချိန် ၆ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ဈေးကောင်းရမှတူးဖော်မယ့် ရှမ်းချင်း အောင်ပန်းဈေးကွက်မှာလည်း ချင်းအစို အဝင်နည်းလာပါပြီ။ အထွက်များတဲ့ ကျောက်တစ်လုံး၊ ထနောင်း စတဲ့ရွာတွေကသာ အဝင်ရှိတော့တယ်လို့သိရပါတယ်။ ဇွန်လဆန်းမှာချင်း (ဥမ)တွေပြန်ဖေါ်ကြတော့မှာ ဖြစ်ပါတယ်။ မိုးဆက်တိုက်ရွာပြီ ဖြစ်တာကြောင့် မနှစ်ကစိုက်ခဲ့တဲ့ချင်းဟောင်းပင်တွေက ဥမပင်တွေကိုပြန်ဖေါ်ကြမှာဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာချင်းဈေးမြင့်တက်လာခြင်း ဈေးကွက်မှာ တောင်သူတွေကြိုက်ဈေးရရှိပါက ချင်းကိုနှစ်ကြိမ်တိုင ်တူးဖော်ရောင်းချကြပါတယ်။ ဒီတစ်နှစ်ချင်းဥမဈေးကတော့ တစ်ပိဿာကို ၃ဝဝ ကျပ်၊ ၄ဝဝ ကျပ် ဈေးနဲ့ စဖွင့်နိုင်တယ်လို့ ကုန်သည်တွေကခန့်မှန်းကြပါတယ်။ ဒီတစ်ပတ်ချင်းဈေးက အောင်ပန်းမှာ ချင်းစို တစ်ပိဿာကို ၃ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်ဈေးထိရှိပြီး ချင်းခြောက် ကတော့တစ်ပိဿာ ၂ဝဝဝ ကျပ်၊ ၂၂ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းစိုလက်လီဈေး ၁၂ဝဝ ကျပ် မှ ၁၅ဝဝ ကျပ် ရှိပြီးချင်းခြောက် ဈေးက တစ်ပိဿာ ၂၃၅ဝ ကျပ်ရှိပါတယ်။ ဧဧခိုင်