Background
အမြင့်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ပြည်ချင်းဈေးကွက် ယခုတစ်ပတ် ပြည်ချင်းဈေးမှာ တစ်ပိဿာကို (ရှယ်) လက်ကား ၂၂၀၀ ကျပ်နဲ့ (ဂျွန်) လက်ကား ၁၈၀၀ ကျပ်၊လက်လီ ၂၀၀၀ ကျပ်တို့ဖြစ်ပြီး ယခင်တစ်ပတ်ထက် ဈေးမြင့်လာပါတယ်။ဈေးကွက်သို့အောင်ပန်း ဘက်မှ ချင်းများပိဿာ ၃၀ ဝင် ချင်းအဟောင်းအိတ် ၁၅၀ ခန့်နဲ့ ချင်းအသစ် အိတ် ၃၀ ခန့် အဝင်ရှိပြီး ဈေးကွက်အတွင်း ချင်းအဟောင်းရှား၍ အသစ်ပေါ်ခါစ ဖြစ်လို့ ပစ္စည်းရှားချိန် ဈေးတက်ခြင်းဖြစ်ကြောင်း သိရပါတယ်။အရောင်းအဝယ်မှာတော့ ဈေးမြင့်ပေမဲ့ တစ်နေ့ကို ပိဿာချိန် ၄၀၀ ခန့်နဲ့ ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ဧရာဝတီနဲ့ရခိုင်ဘက်ကိုလည်း စားသုံးမှု အဖြစ်တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့် တင်ပို့မှု ရှိကြောင်းသိ ရပါတယ်။ ဝင်းလဲ့ဝါ
ပဲယင်းလဲမပြတ် တင်ပို့ ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်ကနေ ကန်ဒေါ်လာ ဝ ဒသမ ၂၁၅ သန်းတန်ဖိုးရှိ ပဲယင်း ၂၉၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဧပြီလဆန်းကစပြီး ပဲယင်းတင်ပို့မှု ပုံမှန်ရှိနေတာ တွေ့ရပါ တယ်။ မိမိဘက် မြေပြင် ပေါက်ဈေး ၅ဝ၂၇၁၉ ကျပ်နဲ့ တစ်ဖက် နိုင်ငံဈေး ၆၁၈ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။ MIRT (DOBT)
ပဲကြီး ဆက်လက်တင်ပို့နေ ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်ကနေ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၆ သန်းတန်ဖိုးရှိ ပဲကြီး ၇၄ တန်ကို တင်ပို့ခဲ့ပါ တယ်။ သြင်္ကန်နှစ်သစ်ကူးကာလမှာလည်း တန် ၄ဝဝ နီးပါး တင်ပို့ ခဲ့တာကြောင့် မပြတ်မလပ်တင်ပို့နေတာတွေ့ရပါတယ်။ MIRT (DOBT)
မုံရွာစိမ်းကြီး ဈေးတက်ရေးမြင် မုံရွာကုန်စည်ဒိုင် ဧပြီလကုန်ပတ် ပဲတီစိမ်းဈေးကွက် အနေနဲ့ ဈေးကွက်ဝယ်လိုအားရှိပေမဲ့ နယ်ပစ္စည်းအဝင် အား နည်းခဲ့လို့ တက်ဈေးဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ မုံရွာ ကုန်စည်ဒိုင် ဈေးကွက်အတွင်း ပဲတီအသစ်ပေါ်စတစ်တင်း ၂၅ဝဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့သလို ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတလို့ တစ်ရက်ထက်တစ်ရက် ဈေးမြင့်လာခဲ့ကာ ဧပြီ ၂၉ ရက်နေ့မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ထိ ဈေးမြောက်လာခဲ့တာ တွေ့ရပါတယ်။ ဝယ်လက်အားဖြင့် ဒေသတွင်းလုပ်ငန်းသုံး သမားများအပြင်၊ မန္တလေး လက်ပါရှိခဲ့လို့ ပစ္စည်းဝင် သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်လိုအပ်ချက် မြင့်မားနေပေမဲ့ ဧပြီ ၂၇၊ ၂၈၊ ၂၉ ရက်များအတွင်း မုံရွာနယ်ဝန်းကျင်မှာ ရွာခဲ့တဲ့မိုးကြောင့် ရေဝင်ဒေသနဲ့ အင်းဒေသများမှာ ရေဝင်ခဲ့လို့ နွေ ပဲတီခင်း တစ်ချို့ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်းနဲ့ ဈေးကွက်ထဲပစ္စည်း အဝင်လည်း အနည်းငယ်ထိခိုက်နိုင်လို့ တက်ဈေးမြင်တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ပြည်ဘိုကိတ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ် ပြည်ဘိုကိတ်ပဲမှာ ဈေးကွက်တွင်း ဈေးဆက်တိုက်ကျဆင်းနေပါတယ်။ ဒေသတွင်းလုပ်ငန်းရှင်များမှာ သြင်္ကန် ပိတ်ရက်များတွင် လုပ်ငန်းများ ရပ်ဆိုင်းထားတဲ့အတွက် အရောင်းအဝယ်အေးကာ ဈေးများဆက်တိုက် ကျဆင်းနေခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ တစ်နေ့ကို အိတ် ၃ဝ-၄ဝ ဝန်းကျင်အဝင်ရှိပြီး ပဲအရည်အသွေး အနည်းငယ်ညံ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆုမွန်ဆွေ
ပြည်မတ်ပဲ ဈေးဆက်လက်ကျဆင်း ပြည်ရဲ့ မတ်ပဲဈေးကွက်မှာ ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၁ဝဝဝ ကျပ် ဈေးရှိပြီး ယခုတစ်ပတ်မှာတော့ ၂ဝဝဝဝ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ပဲဈေးမှာ သြင်္ကန်ပြီးစမှစ၍ တဖြည်းဖြည်းဈေးကျလာတာကို တွှေ့ုရပါတယ်။ ပြည်အနီးအနားမြို့များမှ တစ်နေ့ကို အိတ် ၆ဝဝ-၇ဝဝ ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်ကလည်း အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၅ဝဝ-၆ဝဝ ခန့် အဝယ်ရှိပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်များပေမဲ့ ဈေးလျှော့အဝယ်ရှိလို့ ဈေး အေးနေတယ် လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ပြည်မှ ဘုရင့်နောင်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၂၃၅ဝ ခန့်တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
ပခုက္ကူပဲတီစိမ်းနဲ့မိုး ၂ဝ၁ဝ ခုနှစ်က ဧပြီလ ၂၆ ရက်မှာ မိုးနဲ့အတူ လေပြင်းတိုက်ခတ် ခဲ့လို့ပခုက္ကူမြို့ပေါ်မှာ အဆောက်အအုံ အချို့ သွပ်ပြားတွေလွင့်၊ သစ်ပင်တွေ လဲ ၊ လမ်းတွေပိတ်နဲ့ ဖြစ်ခဲ့ကြပါတယ်။ ဒီနှစ်လည်း ဧပြီလ ၂၇ ရက်မှာ လေမပါ ပေမဲ့ မိုးကတော့ ရေပါအောင်ရွာခဲ့ပါ တယ်။ ဒီမိုးကြောင့် မြို့ရွာတွေမှာ အပူ ဒဏ်သက်သာသွားပြီး မီးရေးထင်းရေး စိတ်အေးသွားရသလို စိုက်ပျိုးပြီးတဲ့ နွေ စပါးခင်းတွေအတွက် ရေတစ်အိုး မိုးတစ်ပေါက်ဆိုတဲ့ စကားအတိုင်း စိမ်း လန်း စိုပြေလှပနေပါတော့တယ်။ ယာ ခင်းပြင်တွေမှာလည်း ထယ်ရေးထွန် ရေးဝင်ပြီး ပဲနှမ်းများစတင်စိုက်ပျိုး လုပ်ကိုင်နေကြပါပြီ။ ဒါပေမဲ့ ဒီမိုးကို ရက်ရှည်စွေပြီး ရွာမှာစိုးရိမ်နေကြတဲ့ လူတွေလည်း ရှိပါသေးတယ်။ ပခုက္ကူခရိုင်အတွင်းက ရေသွင်း ပဲတီစိမ်း စိုက်ခင်းပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လမှာ စိုက်ခဲ့ကာ ရှေ့လာမဲ့ မေ၊ ဇွန်မှာ စပြီး ဖြိုင်ဖြိုင်ပေါ်မှာ ဖြစ်တဲ့ အညာ ရွှေဝါ ပဲတီစိမ်းလို့ နာမည်ရတဲ့ ပဲတီစိမ်း တွေဖြစ်ကြပါတယ်။ အချို့လည်း စတင်ခူးဆွတ်နေသလို အချို့ခင်းတွေ မှာ သီးကောင်းတွေ ရင့်မှည့်မဲခြောက် နေကြပါပြီ။ မိုးထိပြီး အစိုဓါတ်ဝင်သွားရင် ပဲတီစိမ်းစေ့တွေမှာ အရောင်ပြောင်း အခွံတွံ့ရွံ့သွားရင် ဈေးကောင်း မရတတ်ပါဘူး။ ပြီးခဲ့တဲ့ ဆောင်းပဲတီစိမ်းသေးတွေ ကတော့ ၂၃၅ဝဝ ကျပ်-၂၄ဝဝဝ ကျပ်နဲ့ ပစ္စည်းပြတ်သလောက်ရှိခဲ့ပြီး ယခုဈေး ကွက်မှာစတင်ဝင်ရောက်နေတဲ့ ရေသွင်းပဲတီစိမ်းကြီးတွေကတော့ ၂၉ဝဝဝ ကျပ်- ၃ဝဝဝဝ ကျပ် ပေါက်ကြောင်း သိရပါတယ်။ မောင်မောင်အေး
ပခုက္ကူထောပတ်ပဲအရည်အသွေးကောင်း ပခုက္ကူဈေးကွက်ကို ဂန့်ဂေါမှာစိုက်ပျိုးထွက်ရှိတဲ့ ထောပတ်ပဲတွေ မှန်မှန်ဝင်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဂန့်ဂေါမှာထောပတ်ပဲ ၁၅၈၆ဝ ဧက စိုက်ပျိုးခဲ့ပြီး တန်ချိန် ၁၃၅ဝဝ ခန့် ထွက်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ တွေ့သမျှ တောင်သူ ကုန်သည် တွေကို မေးကြည့်တော့ ရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက် မျှော်မှန်းတာထက် ၂၅ ရာခိုင်နှုန်းခန့် ပိုထွက်နိုင်တယ်လို့ သိရပါတယ်။ အရေအတွက်တင်လားဆိုတော့ မဟုတ်ပါဘူး။ အရည်အသွေး အရလည်း ပိုးမွှားရောဂါကင်းစင်တဲ့အတွက် လုံးပိန် လုံးညှပ် ပိုးထိုးပိုးကိုက် အတော်ကင်းတယ်လို့ သိရပါတယ်။ လက်ရှိ ဂန့်ဂေါမှာ အထွက်ရဲ့ ၃ ချိုး ၁ ချိုးခန့် ကျန်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိမှာတော့ အခြားပဲများ နည်းတူ ဈေးကျနေတာကြောင့် ထောပတ်ပဲ ဈေးက တစ်တင်းကို ၁၆ဝဝဝ ကျပ်ပဲရှိပါတယ်။ ပဲလက်ဝယ်ရှိသူတွေက ဒီဈေးနဲ့ ထုတ်မရောင်းတဲ့အတွက် အရောင်းအဝယ်နှေးနေတာ တွေ့ရပါတယ်။ ဝယ်လက် အော်ဒါရှိသူတွေကတော့ ပခုက္ကူမှာပဲ ပြာတီးသန့်စင်လုပ်ပြီး ရန်ကုန်ကို တင်ပို့ နေကြပါတယ်။ ယခုနှစ်ထောပတ်ပဲ တစ်အိတ်ကို ပြာတီးသန့်စင်လိုက်ရင် အဖျင်း အမှော်၊ ဖုံ၊ သဲခဲ၊ ၂၅ ကျပ်သားခန့်ထွက်ပါတယ်။ အဲဒါကို အပဲ့အရွဲ့ ၊ ဝါခြောက် စေ့တွေကို ရွေးလိုက်ရင် ပဲဘေးထွက်က ၁ဝ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း ထွက်ပါတယ်။ လက်ရွေးတဲ့ အလုပ်သမားတွေကို ကုန်ချော တစ်ပိဿာကို ၃ဝ ကျပ်နှုန်းပေး ငှားရပြီး တစ်နေ့ကို ၅ဝ ပိဿာခန့်ပြီးတဲ့အတွက် လုပ်အားခ တစ်ဦးကို ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဝန်းကျင်ရပါတယ်။ ရွေးဖယ်လိုက်တဲ့ ထောပတ်ပဲ လုံးပိန်လုံးညှပ် ဝါခြောက်စေ့ အပဲ့အရွဲ့တွေဟာလည်း အလဟသတ်တော့ ဖြစ်မသွားပါဘူး။ ပဲအမှုန့်ကြိတ်စက်တွေက တစ်တင်းကို ၈ဝဝဝ ကျပ်- ၉ဝဝဝ ကျပ်နဲ့ ဝယ်ပါတယ်။ မောင်မောင်အေး
ပြည်ထောပတ်ပဲ အဝင်နည်းပြီး ဈေးငြိမ်နေ ပြည်ဈေးကွက်အတွင်း ပဲမျိုးစုံဈေးနှုန်းများ အသီးသီးကျဆင်းလျက်ရှိပြီး ထောပတ်ပဲ ဈေးနှုန်းကတော့ ယခင်တစ်ပတ်အတိုင်း တစ်တင်းကို ၁၅ဝဝဝ ကျပ်နှုန်းဖြင့် ဈေးငြိမ်လျက်ရှိပါတယ်။ ထောပတ်ပဲမှာ ပဲပေါ်စအချိန်တွင် တစ်တင်း ၂၁ဝဝဝ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး ပဲလှိုင်လှိုင်ပေါ်လာတဲ့အချိန်မှစလို့ ပဲဈေးမှာတဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး သြင်္ကန်မတိုင်ခင်အထိ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် ရောင်းဝယ် ခဲ့ကြပါတယ်။ သြင်္ကန်ပြီးကာလမှစလို့ ယခုဧပြီ နောက်ဆုံးပတ်ထိ တစ်တင်း ၁၅ဝဝဝ ကျပ်သို့ ဈေးကျသွားကာ ပဲအဝင်လည်း နည်းလာခဲ့ပါတယ်။ တစ်ရက်ကို ၁ဝ အိတ်- ၁၅ အိတ် ဝန်းကျင်သာ အဝင်ရှိခဲ့ပြီး လက်လီသမားများဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ထောပတ်ပဲ မူဆယ်ကပို့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ဧပြီ ၂ဝ မှ ၂၆ ရက်အထိကာလ အတွင်း ထောပတ်ပဲ ၁၄၆ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၃၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ် တင်ပို့မှုဖြစ်တာ တွေ့ရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာတော့ ထောပတ်ပဲ ၄၁၃၉ တန်တင်ပို့ ခဲ့ပါတယ်။ MIRT (DOBT)
