
အတွဲ(၁၅)အမှတ်(၁၈)
ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းပြိုင်နေကြသည်မှာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖြစ်စေ၊ အိမ်ထောင်စု တစ်စုဖြစ်စေ စီးပွားရေးအခြေအနေက အရာရာကို အဆုံးအဖြတ် ပေးလေ့ရှိသည်။ ဆိုလိုသည်မှာ စီးပွားရေးတိုးတက်မှ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား စသည့် အဘက်ဘက်မှ မြင့်တက်နိုင်မည်ဖြစ်သလို စီးပွားရေးနိမ့်ကျလျှင်လည်း အဘက်ဘက် မှ နိမ့်ကျစမြဲပင်ဖြစ်သည်။ အိမ်ထောင်စုတစ်စု ကြီးပွားတိုးတက်လို သော် မိသားစုဝင်တိုင်းတွင် တာဝန်ရှိသလို နိုင်ငံတစ်နိုင်ငံ တိုးတက် ဖွံ့ဖြိုးစေရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပေသည်။ နိုင်ငံသားတစ်ဦး ချင်း၊အိမ်ထောင်စုတစ်စုချင်း အထူးကြိုးစားမှသာ တိုး တက်ဖွံ့ဖြိုးမှုကို မျှော်မှန်းနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုအခါ အဘက် ဘက်မှ ပွင့်လင်းလာမှုနှင့်အတူ တစ်ကမ္ဘာလုံး၏ ပေါင်းစည်းမှုမြှင့်တင် လာမှု၊ တံခါးဖွင့်မူဝါဒကြောင့်လည်း တိုးတက်ဖွံ့ဖြိုးရန် အလားအလာ များ ရှိနေပြီဖြစ်သည်။ ဖွံ့ဖြိုးမှုနောက်ကျသူ l (Late Comer)ဖြစ်၍ စိန်ခေါ်မှုများစွာရှိသော်လည်း အားသာသည့်အချက်မှာ အခြားတိုး တက်ဖွံ့ဖြိုးလာသည့် ဖွံ့ဖြိုးမှုအတွေ့အကြုံများကို လေ့လာ သုံးသပ်၍ အမှားနည်းပြီး၊ ထိရောက်မှုရှိသည့် တိုးတက်မှုလမ်းစဉ်ကို ရွေးချယ် နိုင်ခြင်းပင် ဖြစ်သည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရသစ်တာဝန်ယူသည့် ယခုကာလများအတွင်း အခြေခံကောင်းများရှိနေ ပြီဖြစ်သည်။ အထူး သဖြင့် ထုတ်လုပ်မှုစွမ်းအားရှိသည့် ရင်းနှီးမြှုပ်နှံမှုများရှိလာ ပြီဖြစ် ခြင်း၊ မဟာဗျူဟာကျသည့် တည်နေရာကြောင့် နိုင်ငံတကာလုပ်ငန်း ကြီးများ ပိုမိုစီးဝင်လာခြင်း အထူးအခွင့်အရေးဖြင့် ကမ္ဘာ့ဈေးကွက်ကြီး များနှင့် ချိတ်ဆက်မိခြင်း၊ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ဆက်သွယ် ရေးလမ်းကြောင်းများ ဖြစ်ထွန်းလာခြင်း၊ မကြာမီD AEC အကောင် အထည်ဖော်တော့မည်ဖြစ်ခြင်း စသည်တို့ကြောင့် တိုးတက်ဖွံ့ဖြိုးရန် အလားအလာကောင်းများ ရှိနေပြီဖြစ်သည်။ ထိရောက်မှုရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် နိုင်ငံသားတို့၏ တက်ကြွ သည့် ကြိုးစားအားထုတ်မှုတို့ဖြင့် လုပ်ဆောင်နိုင်ပါလျှင် အချိန်တို အတွင်း လျင်မြန်သည့် တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ တံခါးဖွင့်မူဝါဒကျင့်သုံးခဲ့ပြီး အခြားဖွံ့ဖြိုးသည့် နိုင်ငံများအနေဖြင့် မိမိနိုင်ငံ၏ ပို့ကုန်ပုံသဏ္ဍာန် (Pattern of export) ကို တန်ဖိုးနိမ့် မူလ ထုတ်ကုန်မှ တန်ဖိုး မြှင့် ထုတ်ကုန်အဖြစ် ပြောင်းလဲစေပြီး ပို့ကုန် ဖွံ့ဖြိုးမှုကို အထူးပြုလုပ်ဆောင်ခြင်းနည်းလမ်းဖြင့် တိုးတက်လာခဲ့ကြ ခြင်း ဖြစ်သည်။ ထို့အပြင် ဝန်ဆောင်မှုပို့ကုန်များ သိသိသာသာ တိုးတက်လာမှုပါ အကျုံးဝင်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် ယနေ့အချိန်အခါနှင့် အခြေအနေအရ တောင်း ဆိုနေသည့် ''ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ'' (Export led growth model) ကို နိုင်ငံသားတိုင်း နားလည်သဘောပေါက်စေရန် ဖော်ပြခြင်းဖြစ်သည်။
ပို့ကုန်ဦးဆောင်သည့် ဖွံ့ဖြိုးမှုပုံစံ (Exportled growth model)
ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံမှာ နိုင်ငံပို့ကုန်များကို အရေအတွက်၊ အရည်အသွေးနှင့် တန်ဖိုးမြင့်တက်စေခြင်းဖြင့် ပို့ကုန် ဖွံ့ဖြိုးမှုမှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးတိုးတက်စေသည့် ပုံစံပင်ဖြစ် သည်။ အာရှ၏ ပထမဆုံးနှင့် အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သည့် ဂျပန်မှစ၍ အာရှ ကျား လေးကောင်၊ အာရှကျားနီးပါးဖြစ်လာသည့် မလေးရှား၊ ထိုင်း၊ အင်ဒိုနီး ရှား၊ လက်ရှိကာလများအတွင်း စီးပွား ရေးတိုးတက် မှု အမြန်ဆုံးဖော်ဆောင်နိုင်ခဲ့သည့် တရုတ်၊ အိန္ဒိယနိုင်ငံတို့၏ တိုး တက်မှုများသည် မိမိနိုင်ငံ၏ ပို့ကုန်များကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် လျင်မြန်သည့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင် နိုင်ခဲ့ခြင်းပင်ဖြစ် သည်။ ဆိုလိုသည်မှာ ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ (ELG) ဖြင့် တိုးတက်လာခြင်းပင်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ် ဂျပန်နှင့် ဂျာမနီ နိုင်ငံတို့၏ အတွေ့အကြုံများ၊ ၁၉၇၀ ခုနှစ်များ နောက်ပိုင်း အာရှ ကျားလေးကောင်ဖြစ်သည့် တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်ဝမ်တို့၏ အတွေ့အကြုံများနှင့် ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း လျင်မြန်သည့်တိုးတက်မှုများ ဖော်ဆောင်နိုင်လာသည့် တရုတ် နှင့် အိန္ဒိယနိုင်ငံတို့၏ အတွေ့အကြုံများအရ မိမိနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုး မှုမှတစ်ဆင့် တိုးတက်လာသည့်အတွက် ထွန်းသစ်စ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အတုယူဖော်ဆောင်သင့်သည့် တိုးတက် မှုပုံစံဖြစ်သည်။
ELG အတွက် ဘာတွေလိုအပ်လဲ
ပို့ကုန်ဦးဆောင်သည့် တိုးတက်မှု ပုံစံအတွက် ကြိုတင်ရှိရမည့် အချက်များတွင် အရေးကြီးဆုံးမှာ တိုင်းပြည်အဆင့် စီးပွားရေး တည်ငြိမ်မှုအခြေအနေ (Macro-economic stability) ပင် ဖြစ်သည်။ စီးပွားရေးတည်ငြိမ်မှုကို မထိခိုက်စေရန် နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်း ချမ်းရေးဖော်ဆောင်မှုများနှင့် အထွေထွေမတည်ငြိမ်မှုများကို လျော့ ချရမည်ဖြစ်သည်။ အထူးသဖြင့် စီးပွားရေးတည်ငြိမ်မှုရှိရန် ငွေ ဖောင်းပွမှုနှုန်း (Inflation rate) ၊ ဂဏန်းတစ်လုံးဖောင်းပွမှု (Single digit inflation) သာရှိရ မည်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းထက် မကျော်ရပေ။ ထို့အတူ တိုင်းပြည်၏ ရင်းနှီးမြှုပ်နှံမှုများသည် ထုတ်လုပ်မှု စွမ်းအားရှိ သည့် ပို့ကုန်နှင့် ဆက်စပ်မှုရှိ သည့်စက်မှုလုပ်ငန်းများတည်ဆောက် နိုင်ရေးနှင့်ထိရောက်သည့် ပို့ကုန်မြှင့်တင်ရေးမူဝါဒများ ရှိရမည်ဖြစ် သည်။ ထို့ပြင်နိုင်ငံ ဘတ်ဂျက်တွင်လည်း လိုငွေ ဘတ်ဂျက်ဖြစ်သည့် တိုင်စီမံထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်းသာ ရှိရမည်ဖြစ်ပြီး ကြီးမားသည့် လိုငွေဘတ်ဂျက်ဆက်တိုက်မဖြစ်ရပေ။ ပို့ကုန်ဦးဆောင် သည့် တိုးတက်မှုပုံစံတွင် အထူးအရေးပါသည့် ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်းများ၊ အမြန်ဆုံး လုပ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အဆိုပါ လုပ်ငန်းများတွင် ဝင်ရောက် လာရေးပင်ဖြစ်သည်။ထို့အတွက် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း ရှိရမည်ဖြစ်သလို လုံခြုံစိတ်ချရမှုအပြည့် အဝအာမခံ နိုင်ပြီးဆွဲဆောင် မှုရှိသည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေ (FDI Law) လို အပ်ပြီး၊ အထူးစီးပွားရေးဇုန် များ(SEZ) တည်ဆောက်နိုင်လေ နိုင်ငံ တကာလုပ်ငန်းရှင်ကြီးများကို ပိုမို ဆွဲဆောင်နိုင်လေဖြစ်သည်။
ပို့ကုန်ဦးဆောင်သည့် တိုးတက်မှု ဖော်ဆောင်နိုင်ရန် အလေး ထားရမည့်အချက်မှာ ပြည်တွင်းငွေတန်ဖိုး အစဉ်လျော့နည်းခြင်း (Depreciation of the currency) ကိုထိန်းသိမ်းဆောင် ရွက်ခြင်းပင် ဖြစ်သည်။ ပြည်တွင်းငွေ တန်ဖိုးနိမ့်ကျမှသာ ပို့ကုန်များ၏ တန်ဖိုး ဈေးချိုသာမှုမှတစ်ဆင့် ပို့ကုန်ဝယ်လိုအားမြင့်တက်စေမည်ဖြစ်သည်။ ထို့အတွက် ပို့ကုန်မြှင့်တင်ရေး ဦးစားပေးသည့် နိုင်ငံတိုင်း ပြည်တွင်း ငွေတန်ဖိုးမြင့်တက်မှုကို ရှောင်ကြဉ်ကြပြီး တန်ဖိုးလျော့စေရန် စဉ် ဆက်မပြတ် ထိန်းသိမ်းလေ့ရှိသည်။
နိုင်ငံတကာအတွေ့အကြုံ
ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ (ELG)သည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းထင်ရှားသည့် တိုးတက်မှုပုံစံ ဖြစ်လာခဲ့ပြီး ပထမ ဆုံးသော အတွေ့အကြုံမှာ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များအတွင်း ဂျပန်နှင့် ဂျာမနီကို လျင်မြန်သည့်တိုးတက်မှုကို နူွ ဖြင့်ဖော်ဆောင် နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ နှစ်နိုင်ငံစလုံး ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံး နိုင်ငံများဖြစ်သည့်အတွက် အဘက်ဘက်မှ နိမ့်ကျနေမှုကို မိမိတိုင်း ပြည်၏ ပို့ကုန်လုပ်ငန်းများတိုးတက်စေရန်အတွက် ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်း များ ထွန်းကားအောင် လုပ်ဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ထိုအချိန်က ၎င်းင်းတို့အနေဖြင့် ကမ္ဘာ့အကောင်းဆုံးစက်မှု ထုတ်ကုန် များကို အတုယူကာ ဒီဇိုင်းပိုမို ကောင်းစေရေးနှင့် စရိတ်အသက်သာ ဆုံးဖြစ်ရေးကို အလေးထားထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်သို့ ဈေးနှုန်း ချိုသာစွာဖြင့် ယှဉ်ပြိုင်ရောင်းချနိုင်မှုကြောင့် အမြန်ဆုံးတိုးတက် လာခြင်းပင်ဖြစ်သည်။ အစပိုင်းတွင် ထုတ်ကုန်အရည်အသွေး နိမ့် ကျသော်လည်း အချိန်အနည်းငယ်အတွင်းမှာပင် လုပ်ငန်းများ၏စွမ်း ဆောင်ရည်မြင့် တက်လာသလို ထုတ်ကုန်အရည်အသွေး သိသိသာ သာတိုး တက်လာခဲ့သည့်အတွက် ရေရှည်စဉ်ဆက်မပြတ် တိုးတက်မှု ကို ဖော်ဆောင်နိုင် သည့် စက်မှုနိုင်ငံများဖြစ်လာခဲ့သည်။
ထိုအချိန်က ဂျပန်နှင့် ဂျာမနီနိုင်ငံများ၏ (ELG)ပုံစံအောင်မြင်ရ သည့် အကြောင်းရင်းများကို ကြည့်မည်ဆိုလျှင် စက်မှုထူထောင်ရေး အတွက် လိုအပ်သည့် အရင်းအနှီးကို မာရှယ်စီမံ ကိန်း(Marshall plan) အရ အမေရိကန်၏ အရင်းအနှီးများရရှိခြင်း၊ ကမ္ဘာ့ဈေးကွက်သို့ ထိုး ဖော်နိုင်ခြင်း၊ ဂျပန်နှင့် ဂျာမန်လူမျိုးတို့၏ ပင်ကိုယ်အရည်အသွေးနှင့် ကြိုးစားအားထုတ်မှုတို့အပြင် ဂျပန်နှင့် ဂျာမန်တို့၏ ပြည်တွင်း ငွေ တန်ဖိုးနိမ့်ကျမှုတို့ကြောင့် အောင်မြင်ရခြင်းဖြစ်သည်။
၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း (ELG) ပုံစံဖြင့် စီးပွားရေး တိုးတက်မှုရရှိခဲ့ကြသည့် အာရှ၏ ကျားလေးကောင်ဟု အမည်တွင် သည့် တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)တို့သည်လည်း အချိန်တိုအတွင်း ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း များ ထွန်းကားစေရန် လုပ်ဆောင်နိုင်ခဲ့မှုကြောင့်ဖြစ်သည်။ ထူးခြားသည် မှာ ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများ ထွန်းကားရေး၊ ထိရောက် သည့် တွန်းအားများနှင့် ဆွဲဆောင်မှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က စက်မှုထူထောင်ရေး အတွက် လိုအပ်သည့်အရင်းအနှီးကို ရေနံတင်ပို့သူများ၏ Petro-dollars များရရှိနိုင်မှုကြောင့်ဖြစ်သလို ကမ္ဘာ့ဈေးကွက်ရရှိမှုကြောင့် လည်း အောင်မြင်ခြင်းဖြစ်သည်။ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်သည့် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့၏ တိုးတက်မှုမှာလည်း မိမိနိုင်ငံ၏ ပို့ကုန်များဖွံ့ဖြိုးတိုး တက်စေခြင်းဖြင့် ယခုအခါ သိသာသည့် စီးပွားရေးတိုးတက်မှု ဖော် ဆောင်နိုင်ကြပြီဖြစ်သည်။ အဆိုပါနိုင်ငံများအတွက် လိုအပ်သည့် အရင်းအနှီးအများစုကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်စီးဝင်စေခဲ့ပြီး၊ မူလက ထုတ်ကုန်များကို တန်ဖိုးမြှင့်ပို့ကုန်များ အဖြစ်ပြောင်းလဲနိုင်ခဲ့မှုကြောင့်ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များတွင်မူ ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်မှုအမြန်ဆုံးဖြစ်ခဲ့သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့်လည်း ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ ဖြင့် ပြည်တွင်းပို့ကုန်လုပ်ငန်းများ ထွန်းကားလာစေရန် ဦးစားပေးလုပ် ဆောင်နိုင်ခဲ့၍ဖြစ်သည်။ တရုတ်နိုင်ငံဆိုလျှင် ပို့ကုန်ဦးစားပေး စက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံတကာလုပ်ငန်းကြီး များအား အများဆုံးဖိတ်ခေါ်နိုင်ခဲ့သလို ပြည်တွင်းလုပ်ငန်းများကို လည်းFDI လုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်စေခြင်းဖြင့် အရင်းအနှီး၊ နည်းပညာ၊ စီမံအုပ်ချုပ်မှု၊ ဈေးကွက်ရရှိမှု စသည်တို့ကြောင့် ပြည် တွင်းလုပ်ငန်းများသည် တိုးတက်လာခဲ့ကြသည်။ တရုတ်နိုင်ငံအနေ ဖြင့် နိုင်ငံခြားလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ကို အစဉ်အလေးပေးသလို ပေါများသည့် လူ့စွမ်းအားအရင်းအမြစ် တို့ကြောင့် နိုင်ငံတကာစက်မှုလုပ်ငန်းကြီး များစုဝေးရာဖြစ်လာ ပြီး ''ကမ္ဘာ့စက်ရုံကြီး'' ဟု တင်စားခေါ်ဝေါ်နိုင်သည့် စက်မှုနိုင်ငံဖြစ်လာ ပေသည်။ ယခုအထိလည်းFDI အများဆုံးလက်ခံရရှိသည့် နိုင်ငံဖြစ် သလို ဟောင်ကောင်၊ တရုတ်(တိုင်ပေ)မှ လုပ်ငန်းရှင်အများစု သွား ရောက်ရင်းနှီးမြှုပ်နှံမှုသည်လည်း အရေးပါကြောင်း တွေ့ရသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်က တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကြောင့် ကမ္ဘာ့ဈေးကွက်တွင် အခွန်သက်သာခွင့်အခွင့်အရေးဖြင့် ထိုးဖောက်နိုင်ခဲ့သလို နိုင်ငံခြားငွေလဲလှယ် နှုန်းကိုလည်း ပြည်တွင်း ငွေတန်ဖိုး အစဉ်လျော့နည်းစေရန် ထိန်းသိမ်းထားနိုင်ခြင်း၊ နည်း ပေါင်းစုံဖြင့် ပို့ကုန်ဖွံ့ဖြိုးမှု လုပ်ဆောင်ခြင်းတို့အပြင် ကုန်သွယ်မှု ပို ငွေ အရင်းအနှီးကိုထိန်းသိမ်းခြင်း (capital control) တို့ဖြင့် လုပ် ဆောင်နိုင်ခဲ့၍ အမေရိကန်ဒေါ်လာများစွာရရှိ ပိုင်ဆိုင်ခဲ့ပြီး ပို့ကုန် ဖွံ့ဖြိုးရေးနှင့် ပို့ကုန်ဦးစားပေးလုပ်အား စူးစိုက်သုံး စက်မှုလုပ်ငန်း များ စဉ်ဆက်မပြတ် ထွန်းကားလာမှုကို အရှိန်မြှင့်တင်နိုင်ခဲ့သည်။ စက်မှုလုပ်ငန်းအသစ်များ ထွန်းကာလာမှုနှင့်အတူ အလုပ်အကိုင် သစ်များ များပြားစွာဖော်ထုတ်နိုင်မှုကြောင့် ဆင်းရဲမှုကို လျော့ချနိုင် သလို စီးပွားရေးတိုးတက်မှုကိုပါ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွက် ELG အဆင်သင့်ဖြစ်ပြီလား
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် မြန်မာနိုင်ငံ အတွက် အရေးကြီးဆုံးမှာ လျင်မြန်သည့် စီးပွားရေးတိုးတက်မှုဖော် ဆောင်ရေးပင်ဖြစ်သည်။ အဘက်ဘက်မှ ပွင့်လင်းလာသည့် မြန်မာ နိုင်ငံအတွက် ယခုအချိန်သည် ပို့ကုန်ဖွံ့ဖြိုးမှုလုပ်ဆောင်ရန်အတွက် အသင့်တော်ဆုံးဖြစ်သလို ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း
''ပို့ကုန်ဦးဆောင်သည့်တိုးတက်မှုပုံစံ'' အကောင်အထည်ဖော်နိုင်ရေး အတွက် အခြေခံအုတ်မြစ်ကောင်းများရှိနေပြီဖြစ်သည်။ ဦးစွာ တိုင်း ပြည်အဆင့်စီးပွားရေးတည် ငြိမ်မှုအခြေအနေ (Macro-economic stability) နှင့်ပတ်သက်၍ ပြည်တွင်းငြိမ်းချမ်းရေး ပထမဆုံးအကြိမ် ဖော်ဆောင်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တိုင်းပြည်ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကျော်ရှိလာသည့်အပြင် ထုတ်လုပ်မှုစွမ်းအားရှိသည့်ကဏ္ဍ များ၌ ရင်းနှီးလာခြင်း၊ ငွေဖောင်းပွမှုကို ဂဏန်းတစ်လုံး အဆင့်တွင် ထိန်းထားနိုင်ခြင်း၊ ကြီးမားသည့် လိုငွေဘတ်ဂျက် ဆက်တိုက်မဖြစ် ပေါ်စေရန် လုပ်ဆောင်နိုင်ခြင်းစသည့်အချက်များက ELG အတွက် အခြေအနေကောင်းများပင်ဖြစ်သည်။ အထူးသဖြင့် လက်ရှိနှစ်များ အတွင်း ဝင်လာသည့်ELG အများစုမှာ ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်း စနစ်နှင့် ဆက်သွယ်မှုရှိသည့် ပို့ကုန်ဦးစားပေး စက်မှုလက်မှုလုပ်ငန်း များဖြစ်ခြင်းကြောင့် မကြာမီတန်ဖိုးမြှင့် ပို့ကုန်များ ထွန်းကားလာ တော့မည်ဖြစ်သည်။ ထို့ပြင် သီလဝါ SEZ တည်ဆောက်မှု အရှိန်ရ လာမှုနှင့်အတူELG လုပ်ငန်းများပိုမိုဝင်ရောက်လာတော့မည် ဖြစ် သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ နိုင်ငံ၏ ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့်ELG များအနေဖြင့် ပိုမိုရင်းနှီးလာမှုကြောင့် ရင်းနှီးကုန် စည်တင်သွင်းမှု မြှင့်တင်လာမှုသည် ရေရှည်တိုးတက်မှု အတွက်ထုတ် လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတည်ဆောက်လာနိုင်ခြင်း သည်လည်း ELG အတွက်ကောင်းသည့် လက္ခဏာပင်ဖြစ် သည်။
ထို့ပြင် ELG အတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည့် ပြည်တွင်း ကျပ် ငွေတန်ဖိုးနိမ့်ကျမှုရှိမှသာ ပို့ကုန်မြှင့် တင်ရေးအဆင်ပြေနိုင်မည် ဖြစ်သည်။ ယခင်နှစ် နှစ်လယ်လောက်မှစ၍ ကမ္ဘာ့စီးပွားရေး မျက်နှာစာတွင် အမေရိကန် ပြည်ထောင်စု၏ သင့်တင့်သည့်စီးပွား ရေးတိုးတက်မှုနှုန်း ပြန်လည်ရရှိလာမှုကြောင့် အမေရိကန်ဒေါ်လာ ငွေကြေး ဖလှယ်မှုတွင် နိုင်ငံတိုင်း၌ တိုးတက်လာခဲ့ပြီး အမြင့်ဈေး တွင်ရှိနေသည်မှာ ယနေ့အထိပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ဒေါ်လာဈေး ကျပ်တစ်ထောင် အထက်တွင်ဖြစ်ပေါ်ခဲ့ပြီး၊ မတ်လတွင် ကျပ်တစ်ထောင့်တစ်ရာ နီးပါး ရှိခဲ့သည်။ ဆိုလိုသည်မှာ လာမည့်ကာလများတွင်လည်း ဒေါ်လာဈေး အမြင့်ဘက်တွင်ဆက် လက်တည်ရှိနေဦးမည်ဖြစ်သည်။ မြန်မာကျပ်ငွေ တန်ဖိုးလျော့သည့်အတွက် မြန်မာ့ပို့ကုန်များ နိုင်ငံ တကာဈေးကွက်တွင် ဈေးနှုန်းချိုသာမှုကြောင့် ပိုမိုဝယ်ယူအားပေး လာကြမည်ဖြစ်သည်။
ထို့အတူ ကမ္ဘာ့ဈေးကွက်ကြီး တစ်ခုလုံးနီးပါး (အမေရိကန် နိုင် ငံမှလွဲ၍) ကုန်သွယ်မှုအခွင့်အရေးရရှိလာမှုနှင့်အတူ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေးများရရှိမှုကြောင့် ယခင်ကထက် ပို့ကုန် မြှင့်တင်ရန်အခွင့်အလမ်းကောင်း များရှိနေပြီဖြစ်သည်။ မကြာမီပေါ် ပေါက်လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်း ((AEC) ကြောင့် ကုန်သွယ်မှုကဏ္ဍ အထူးသဖြင့် ပို့ကုန်ကဏ္ဍတွင် ကုန်စည်ပို့ကုန်နှင့် ဝန်ဆောင်မှုပို့ကုန်များ ယခုထက်ပိုမိုထွန်းကားလာမည် ဖြစ်သည်။
ယခုအခါ မြန်မာ့ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင် မှုစွမ်းအားမြှင့် တင်နိုင်ရေးအတွက် အရေးပါဆုံးဖြစ်သည့် ကုန်စည် ပို့ကုန် ၆ မျိုးနှင့် ဝန်ဆောင်မှုပို့ကုန်တစ်မျိုး၊ အထောက်အကူပြုကဏ္ဍ ၄ ခုတို့အတွက် ]]အမျိုးသားပို့ကုန်မဟာဗျူဟာ}} ကို အပြည် ပြည်ဆိုင် ရာကုန်သွယ်မှုစင်တာ နည်းပညာအကူအညီဖြင့် ၂၀၁၃ ခုနှစ်မှ စတင် ရေးဆွဲခဲ့ရာ ပြီးစီးခဲ့ပြီဖြစ်၍ လက်တွေ့အကောင်အထည်ဖော်မှု စတင်တော့မည်ဖြစ်သည်။
ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ကုန်သွယ်မှု အကူအညီ (Aid for trade) ဖြင့် ကုန်သွယ်ရေးကဏ္ဍတိုး တက်စေရန် လုပ်ဆောင်နေသည့်အတွက်နည်းပညာ အကူအညီ၊ စွမ်းဆောင်ရည်တည်ဆောက်ရေး (Capacity building) အကူအညီ နှင့် ထုတ်လုပ်မှုဆိုင်ရာအခက်အခဲများ (ှSupply Side Constraints) ကို ကူညီဖြေရှင်းပေးနေသည်။ အမျိုးသားပို့ကုန် မဟာဗျူဟာရှိသည့် အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ကုန်သွယ်မှုဆိုင်ရာ အကူအညီများပိုမို ရရှိတော့မည်ဖြစ်သလို လုပ်ငန်းစီမံကိန်း Action Plan) မှစ၍ အသေးစိတ်ရေးဆွဲထားသောကြောင့် လမ်းပြမြေပုံလည်းရှိနေပြီဖြစ် သည်။
ဘာတွေလိုအပ်နေလဲ
ELGပုံစံ အကောင်အထည်ဖော်နိုင်ရေးအတွက် ထိရောက် သည့် တွန်းအားနှင့် ဆွဲဆောင်မှုများပြုလုပ်စေရန် လိုအပ်နေသလို လက်တွေ့စီးပွားရေး လုပ်နေကြသည့် လုပ်ငန်းရှင်များနှင့် မကြာမီ စီးပွားရေးနှင့် အလုပ်ခွင်ဝင်ကြသော လူငယ်လူရွယ်များ၏ တက်ကြွသည့် ကြိုးစားအားထုတ်မှုနှင့် ပါဝင်ဆောင်ရွက်မှုပင်ဖြစ်သည်။ လက် တွေ့ပင် အခွင့်အရေးများပွင့်လန်းလာသော်လည်း မြန်မာလုပ်ငန်းရှင် များနှင့် လူငယ်လူရွယ်များအနေဖြင့် လက်တွေ့တွင် ထိထိရောက် ရောက် အသုံးမချနိုင်ခြင်းသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက စိန်ခေါ်ချက်တစ်ရပ်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ မြန်မာ့လုပ်ငန်းရှင် များနှင့် လူငယ်များ၏ စွမ်းဆောင်ရည်နှင့် ကြိုးစားအားထုတ်မှုအပိုင်း အားနည်းနေခြင်းပင်ဖြစ်သည်။ အခွင့်အရေးများ မည်မျှရှိစေကာမူ လက်တွေ့လုပ်ဆောင်မည့် လုပ်ငန်းရှင်များနှင့် အနာဂတ်အလုပ်ခွင် ဝင်ကြမည့် ယနေ့လူငယ်များ၏ စွမ်းဆောင်ရည် မလုံလောက်လျှင် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်မဟုတ်ပေ။
ELGအောင်မြင်ရေးအတွက် ထိရောက်သည့် တွန်းအားများ နှင့် ဆွဲ ဆောင်မှုများလည်း နိုင်ငံတော်ဘက်မှ ပံ့ပိုးပေးရန်လိုအပ်သည်။ မြန်မာ့ပို့ကုန် မြှင့်တင်နိုင်ရန် ပို့ကုန်လုပ်ငန်းရှင်များ၏ စွမ်းဆောင် ရည်(Capacity) ကို ဘက်စုံမှ မြှင့်တင်ရမည်ဖြစ်ပြီး၊ အထူးသဖြင့် ကျွမ်းကျင်တတ်မြောက်မှု၊ အရင်းအနှီးပံ့ပိုးမှု၊ နည်းပညာသစ်ရရှိမှု၊ နိုင်ငံတကာ လုပ်ငန်းရှင်များနှင့် ပိုမိုပေါင်းစည်းလုပ်ကိုင်နိုင်မှု၊ စီးပွား ရေးကျင့်ဝတ်လိုက်နာမှု စသည်တို့အကျုံးဝင်သည်။ ပို့ကုန် လုပ်ငန်း ရှင်များအတွက် အခက်ခဲဆုံး ဖြစ်နေသည့် ပြဿနာမှာ အရင်းအနှီး ရှားပါးခြင်းပင်ဖြစ်သည်။ ယခုအထိလည်း အများစုမှာ TT (Telegra-phic Transfer) စနစ်ဖြင့် ရောင်းဝယ်နေမှုကြောင့် နှစ်ရင်း ရင်းနေရဆဲ ပင်ဖြစ်သည်။ ယခုအခါ ကဏ္ဍတိုင်းတွင် ''ဘဏ်''အသီးသီးပေါ်ထွန်း လာပြီဖြစ်သော်လည်း ကုန်သွယ်ရေးကဏ္ဍအတွက် နိုင်ငံတကာကဲ့သို့ ပို့ကုန်သွင်းကုန်ဘဏ် Export - Import Bank)မရှိသေးပေ။ နထငာ ြညေု ရှိမှသာ လက်ရှိလုပ်ဆောင်နေသည့် ကုန်သည်များ၏ ငွေကြေး အရင်းအနှီးလိုအပ်ချက် ဖြည့်စွမ်းနိုင်မည်ဖြစ်ပြီး၊ ကုန်သည်တစ်ဦး ချင်းစီ၏ ကုန်သွယ်မှုတန်ဖိုးနှင့် အကြိမ်အရေအတွက် သိသိသာသာ မြှင့်တင်နိုင်မည် ဖြစ်သည်။ ထို့ပြင် တန်ဖိုးမြှင့်ပို့ကုန် ထုတ်လုပ်တင်ပို့ နိုင်ရေးအတွက်ပါ Exim Bank မှ ကာလလတ်နှင့် ကာလရှည် ချေး ငွေများဖြင့် ပံ့ပိုးပေးနိုင်သောကြောင့် ရေရှည်ပို့ကုန်ဖွံ့ဖြိုးတိုးတက် ရေးအတွက်အရေးပါကြောင်းတွေ့ရသည်။
ELG အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့်အချက်မှာ သီး ခြားလွတ်လပ်သည့် မြန်မာ့ပို့ကုန်မြှင့်တင်ရေး အဖွဲ့အစည်းကို စီးပွား ရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် တည်ထောင်စေပြီး မြန်မာ့ပို့ကုန် တစ်ခုချင်းပြသခြင်း၊ ကမ္ဘာ့ဈေးကွက်အသီးသီးသို့ ပို့ကုန်တင် ပို့လိုသော ကုန်သည်များအတွက် လိုအပ်သည့် သတင်းအချက် အလက်ပေးခြင်း၊ မြန်မာ့ပို့ကုန်မြှင့်တင်ရေး အတွက် ကုန်စည်ပြပွဲများ၊ နိုင်ငံတကာ ကုန်စည်ပြပွဲများ ခင်းကျင်းပြသနိုင် သည့်ခင်းကျင်းပြသ ဆောင်f(Exhibition center) များ တည်ထောင်ခြင်း၊ နိုင်ငံတကာမှလာ ရောက်သည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လိုအပ်သော သတင်း အချက်အလက်ပေးခြင်းအပြင် မြန်မာလုပ်ငန်းရှင်များနှင့် Business matching များပြုလုပ်နိုင်ရန် စီစဉ်ခြင်းစသည်တို့ကိုတစ်နေရာတည်း တွင် ပေါင်းစည်းဆောင်ရွက်နိုင်မှုတို့သည် ပို့ကုန်မြှင့်တင်ရေးအတွက် အထူးအရေးကြီးပေသည်။
ဆိုလိုသည်မှာ တစ်နေရာတည်းတွင် အထက်ပါလုပ်ငန်းများ အားလုံး လုပ်ဆောင်နိုင်သည့် မလေးရှားနိုင်ငံ၏MATRADEကဲ့သို့ သီးခြားပို့ကုန်မြှင့်တင်ရေးအဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်း တည် ထောင်ခြင်းတို့လုပ်ဆောင်ရမည် ဖြစ်သည်။
ထို့ပြင် လုပ်ငန်းရှင်တိုင်း တန်ဖိုးမြှင့်ပို့ကုန်ထုတ်လုပ်တင်ပို့ လာရေးအတွက် ထိရောက်သည့်ဥပဒေများဖြင့်တွန်းအား ပေးရမည် ဖြစ်သည်။ မြန်မာ့ပို့ကုန်တန်ဖိုးနည်းရသည့် အဓိကအကြောင်းရင်း မှာ မူလထုတ်ကုန် (Primary product) အတိုင်းအများဆုံးတင်ပို့နေခြင်း ကြောင့် တန်ဖိုးနိမ့်သလိုအလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင် ပေးနိုင်မှု အားနည်းနေဆဲဖြစ်သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များတန်ဖိုး မြှင့် ပို့ကုန်များ လက်တွေ့လုပ်ဆောင်နိုင်ရေးအတွက် အခြားနိုင်ငံများ ကဲ့သို့ ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်းဥပဒေ (Export oriented industrical law) သို့မဟုတ် တန်ဖိုးမြှင့်ပို့ကုန်ဥပဒေ (Value added export law) ပြဋ္ဌာန်းပေးပြီး ဘဏ္ဍာငွေကြေးပံ့ပိုးမှုအရလည်းကောင်း၊ အခွန်အကောက်သက်သာမှုအရ လည်းကောင်း လုပ်ဆောင်မှသာ ထိရောက်မည်ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ အရည်အချင်းပြည့်ဝသည့် လုပ်ငန်း ရှင်များ၊ ကုန်သည်များသိသိသာသာမြှင့်တင်နိုင်ရေးဖြစ်ပြီး၊ စီးပွား ရေးလုပ်ငန်းရှင်တိုင်း နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှု အတတ် ပညာများကို ယခုထက်ကျယ်ကျယ်ပြန့်ပြန့် တတ်သိနားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်ရေးပင်ဖြစ်သည်။ အဘက်ဘက်မှ ယှဉ်ပြိုင် မှုကြီးမားသည့် ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ပို့ကုန်များ ယခုထက် အရေအတွက် အရလည်းကောင်း၊ အရည်အသွေးအရလည်းကောင်း၊ ဈေးကွက်သစ် ထိုးဖောက်နိုင်မှုအရလည်းကောင်း၊ တန်ဖိုးမြှင့်ပို့ကုန် များပေါ်ထွန်း လာရေးအတွက်လည်းကောင်း၊ ပိုမိုထုတ်လုပ်တင်ပို့ နိုင်ရေးမှာ လက်တွေ့လုပ်ဆောင်သည့် စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကုန်သည်များ၏ စွမ်းဆောင်ရည်မြင့်မားမှုပေါ်မူတည်ပေသည်။
သို့ဖြစ်၍ နိုင်ငံတော်၏ထိရောက်သော တွန်းအားများနှင့် ပံ့ပိုး မှုများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံသားတိုင်း၏ ကြိုးစားအားထုတ်မှုများဖြင့် သာ ELG ကို အကောင်အထည်ဖော်မည်ဆိုလျှင် ယခုအချိန်သည် အခြေအနေနှင့် အချိန်အခါအရ ကိုက်ညီနေပြီဖြစ်၍ မြန်ဆန်သည့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။
ဒေါက်တာမောင်အောင်