Main menu

Background

ဒုက္ခကို အရောင်ဆိုးကြဦးမှာလား

Mon, 07/13/2015 - 19:45 -- journal_editor

အတွဲ(၁၅)၊အမှတ်(၂၆)

ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ အကြော်ဆိုင် တွေမှာ မုန့်တွေကြော်ရင်၊ လက်ဖက်ရည်ဆိုင်မှာ အီကြာကွေ့၊ စမူ ဆာ၊ အကြော်ဆိုင်မှာ ကုလားပဲဘယာကျော်၊  မတ်ပဲဘယာကျော်၊ ကြက်သွန်ပေါင်း၊ ဘူးသီးပေါင်း စတာတွေ ကြော်ရင် မုန့်တွေတစ်နေ ကုန် မာမာတောင့်တောင့်ခံအောင် မဟုတ်တဲ့ နည်းတွေသုံးပြီး ကြော် နေကြတဲ့အကြောင်း။ ဥပမာ-လက်ဖက်ရည်ဆိုင်မှာ  အီကြာကွေ့ ကြော်တယ်။ ပူတုန်းတစ်ခဏမှာ အီကြာကွေ့ဟာ  မာမာတောင့် တောင့်ကလေးနေတယ်။ ကြာလာရင်ပျော့သွားတယ်။ ဒါကဖြစ်ရိုး ဖြစ်စဉ် သဘာဝတရား၊ အခုဟာက တစ်နေကုန်မာနေတယ်။ တောင့် နေတယ်။ အရောင်လှနေတယ်။ ဘယ်လိုကြော်သလဲ။ဥပမာ-ပဲဆီ တစ်ပိဿာ၊  စားအုန်းဆီ တစ်ပိဿာရောပြီး ဆီကို ပူအောင် မီးထိုး၊ ဆီပူပြီဆိုမှ ရေသန့် ဗူးခွံ(ပလပ်စတစ်ခွံ) ခြောက်ဘူး လောက်ကို ကပ်ကြေးနဲ့ကိုက်၊ ပလပ်စတစ်နဲ့ဆီပူနဲ့ရော၊ အရည်ဖြစ်ပြီ ဆိုမှ အီကြာကွေ့ကြော်၊ အကြော်စုံကြော်၊   အဲဒီလိုကြော်ထားတဲ့ အီကြာကွေ့အကြော်စုံဟာ တစ်နေကုန်အောင်မာပြီး အရောင် လှပါ တယ်တဲ့ဗျာ။ ကောင်းကြရောလား၊ အရပ်ကတို့ရေလို့သာ အော်လိုက် ချင်ပါတယ်ဗျာ။ ငါးဝယ်ရင် ငါးလတ် လတ်ဆတ်ဆတ် လို့ထင် ရအောင် ပါးဟက်ကို ဆေးနီဆိုးတယ်။ ရောင်းတယ်။ ပုဇွန်ဝယ်ရင် လတ်ဆတ် နေတယ်ထင်ရအောင် ဆပ်ပြာမှုန့်ဖျော်ထားတဲ့ ဆပ်ပြာရည်စိမ် ရောင်းတယ်။ ငါးပုဏ္ဏား(အညာဒေသ)မှာတော့ ရှားပါတယ်။ အဲဒီ ငါးပုဏ္ဏားကို အဝါရောင်ဆိုးဆေး ဆိုးပြီး ရောင်းတယ်။ လက်ဖက်မှာ အစိမ်းရောင်ဆိုးဆေး ဆိုးရောင်းတယ်။ ငါးပိရည်မှာ ဓာတ်မြေသြဇာ ပါတယ်။ နို့မှုန့်တွေမှာ မယ်လမင်းရောတယ်။ ဆီတွေမှာ ကန်ဆီ၊ မြောင်းဆီ၊ စားအုန်းဆီရောတယ်။ ငရုတ်သီးမှုန့်တွေ၊ အရောင်တင် မှုန့်တွေမှာ ဆေးဆိုးတယ်။ မျှစ်တွေမှာ ဆေးဆိုးတယ်။ ကြက်ဥအတု၊  ဆန်အတုကြားနေရတယ်။ ဒါတွေဟာ ဘယ်ပေါ်မှာအခြေခံဖြစ်ပေါ် လာတာလဲလို့ ဆန်းစစ်ကြည့်ရင် ဓာတုဗေဒ ပစ္စည်း (Chemical)  တွေ အလွယ်တကူ  ဖန်တီးရရှိလာကြတယ်။ ဒီတော့လည်း လွယ်လွယ်ကူ ကူ အသုံးပြုလာကြတယ်။ အမှန်တကယ်ပြောရရင် ယနေ့ လူသား တွေဟာ ဓာတုဗေဒပစ္စည်းတွေနဲ့ မလွတ်နိုင်၊ မကင်းနိုင်ဖြစ်နေကြ တယ်။ပညာရပ်တစ်ခု၊ ဘာသာရပ်တစ်ခုဖြစ်ပေါ်လာဖို့ လူသားတွေ ဟာ ခေတ်အဆက်ဆက်၊ နှစ်အဆက်ဆက် လေ့လာရှာဖွေစူးစမ်းသင် ယူမှတ်သားကာ သုတေသနပြုလုပ်ပြီး ခိုင်မာမှ ခိုင်လုံမှ ချပြ လက်ခံ ကြမှ ဘာသာရပ် တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြတယ်။ ဒီဘာသာ ရပ်တစ်ခုကို   ရှာဖွေလေ့လာစူးစမ်းခဲ့တဲ့ ပညာရှင်များရဲ့ ရည်ရွယ် ချက်ကဘာလဲ။ သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ ပညာရပ်ဟာ လူသားတွေကို ကောင်းစေချင်လို့ လူ့လောက ပတ်ဝန်း ကျင်ကို အထောက်အကူပြု စေဖို့ ရည်ရွယ်ချက်နဲ့ပါ။လျှပ်စစ်မီးတီထွင်သူ  သောမတ်စ်အယ်ဒီဆင်၊ လေယာဉ်ကို တီထွင်ခဲ့တဲ့ ရွိုက်ဖ်ညီနောင်  စသည်စသည်တို့ကို တီထွင်ခဲ့ကြတာဟာ လူ့လောက၊ လူ့ပတ်ဝန်းကျင်ကို အထောက် အကူပြုဖို့ ၊ အကူအညီပေး ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ။ ဒါပေမယ့် လူ့လောကသဘာဝအရ အဖြစ်ရှိရင် အပျက်ရှိတယ်။ အတက်ရှိရင် အကျရှိတယ်။ အကောင်း ရှိရင် အဆိုးရှိတယ်ဆိုတာကိုပါ။ အကြောင်းနဲ့  အကျိုး၊ အကောင်း နဲ့ အဆိုးဆိုတာ ဒွန်တွဲနေတတ်လေတော့ ဘာသာရပ်တစ်ခု၊ ပညာရပ် တစ်ခုအပေါ်မှာ ပြုလုပ်ဖန်တီးသူ၊ ဝယ်ယူစားသုံးအသုံးပြုသူတွေ အပေါ်မှာ  မူတည်တယ်လို့ သုံးသပ်ရတော့မှာဖြစ်ပါတယ်။လူသားတွေရဲ့ စိတ် ဓာတ်တွေကို အမြဲတမ်းသုံးသပ်နေတဲ့ စိတ် ပညာရှင်တွေရဲ့ အဆိုအမိန့်တစ်ခုမှတ်သား မိပါတယ်။ ''လူတွေဟာ အစားအစာတွေကို ပါးစပ်နဲ့တင်စားတာမဟုတ်ဘူး။ မျက်စိနဲ့ပါစား တယ်''လို့ဆိုပါတယ်။ အစားအစာကို ဘယ်လို မျက်စိနဲ့ စားမှာလည်း လို့ စောဒကတက်လာရင်တော့ ဝါမှ  နီမှ ရဲမှ ပန်းရောင်ကလေးမှ စားချင်တယ်။ ဝတ်နေတဲ့ အဝတ်အထည်တောင်မှ ပိတောက်ခြောက် ရောင်၊ မြင်းချေးရောင်၊ သုံးဘီးကားရောင်၊ မန်ကျည်းစေ့ရောင်၊ ပန်းရောင်မှ  နီမှ ပြာမှ စသည်ဖြင့် ပါးစပ်နဲ့ရော ခန္ဓာကိုယ်ဝတ်ဆင် ရာမှာတောင် စိတ်ကဦးစီးပြီး မျက်စိက နေရာတကာမှာ ပါပါတယ်။ ဒါက ဝယ်ယူစားသုံးမှုအပိုင်း။ ထုတ်လုပ်ရောင်းချသူက ဝယ်ယူစား သုံးသူ စိတ်တိုင်းကျ ထုတ်လုပ်ရောင်းချကြပါတယ်။ ဒီအပိုင်းမှာ ဘာ ကွာသွားသလဲ၊ စေတနာပေါ့ဗျာ၊ ထုတ်လုပ်ရောင်းချ သူကိုယ်တိုင် ဝယ်ယူစားသုံးသူတွေ ကြိုက်နှစ်သက်အောင် လုပ်ကြရတဲ့ အပိုင်းမှာ စေတနာ ဆိုတဲ့  ကောင်းတဲ့ အပိုင်း ကို ကျော်လွန်ပြီး၊ ဝေဒနာဆိုတဲ့ လောဘစိတ်က စိုးမိုးလာလေတော့ လာပါပြီ နောက်ဆက်တွဲအကျိုး ဆက်က လူညွန့်တုံးစေသော ၊ သေလောက်သော ရောဂါေ ဝဒနာတွေ ဖြစ်ပေါ်လာ ကြတာပါပဲ---။ဥပမာ- မြန်မာ လူမျိုးတွေ စားသုံးနေတဲ့ ဆီကိုပဲ ဥပမာ ကြည့်ရ အောင်ပါ။ ပခုက္ကူမှာ နောက်ဆုံးဖြစ်ပေါ်နေတဲ့ နှမ်းညိုတစ်တင်း ၂၆၅၀၀ ကျပ်၊ နှမ်းတစ်တင်းကို ဆီကြိတ်ရင် ပုံမှန် ၆ ပိဿာပဲထွက် တယ်။ ၆ ပိဿာထက် ပိုမထွက်ဘူးလား လို့ မေးစရာရှိပါ တယ်။ လေ့ လာခဲ့တဲ့မှတ်တမ်းများအရ ၆ ပိဿာ၊ ၆ ဒသမ ၅ ပိဿာပဲရတာ၊ ပုံမှန် ၆ ပိဿာပဲ ထွက်တယ်ဆိုပါတော့။ တစ်တင်းကို ၂၆၅၀၀ ကျပ်/၆ ပိဿာ= တစ်ပိသာ ၄၄၁၅ ကျပ်- ဒါပုံမှန်ပဲ ထွက်တာ၊ စက်ကြိတ်ခ၊ လုပ်သားခဆိုတာတွေ မပါဘဲ၊ တစ်တင်းကို ၆ ပိဿာတွက်ရင် တစ် ပိဿာကို ဘယ်လောက်ကျသလဲဆိုတာကို တွက်ထားတာပါ။ အပြင် မှာ နှမ်းဆီစစ်စစ်တစ်ပိဿာ ၄၀၀၀ ကျပ်နဲ့ရောင်းတယ်။ ရွှေတိဂုံငုံ ပြော ၊ ဘယ်လိုမှယုံနိုင်စရာမရှိပါဘူး။ ဒါ့အပြင် ဘာကြောင့် ဒီဈေးနဲ့ ရောင်းနိုင်တာလဲ၊ ရှင်းပါတယ်။ မြေပဲဆီပဲဖြစ်ဖြစ်၊ နှမ်းဆီပဲဖြစ်ဖြစ်ရောလို့ပေါ့ဗျာ။ ဘာရောမှာလဲ--- ဇာတ်လိုက်ကျော် စားအုန်းဆီ ပေါ့ဗျာ...စားအုန်းဆီနဲ့ပတ်သက်လို့ သိသလောက် နားလည် သလောက် ဖတ်ဖူး၊ မှတ်ဖူးသလောက် တင်ပြပါ ဦးမယ်။စားအုန်းဆီဆိုရင် မလေးရှားနိုင်ငံကို သွားမြင်ပါတယ်။ စား အုန်းဆီထုတ်တဲ့ မလေးရှားနိုင်ငံ၊ သူ့နိုင်ငံမှာ ရော၊ စားအုန်းဆီမစား ဘူးလား၊ မသုံးဘူးလား။ သူလည်း စားတယ်။ သုံးတယ်။ ကိုယ့်နိုင်ငံကို လည်း သူ့နိုင်ငံက တင်သွင်းစားသုံးစေတယ်။ ကိုယ့်နိုင်ငံကျမှ နှလုံး သွေးကြောကျဉ်းတယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ ပြောတယ်။  သုံးတဲ့ လူချင်းအတူတူ ဘာကြောင့် ကိုယ့်နိုင်ငံ ဘက်မှာဖြစ်နေတာ လဲ။ ရှင်းပါတယ်----။ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းမမီလို့ပေါ့ဗျာ။ ကလောက်ပွိုင့် ၈ လား၊ ကလောက်ပွိုင့် ၁၀ လားဆိုတဲ့ သတ်မှတ်ချက်၊ စံချိန်စံညွှန်းမရှိလို့ပေါ့ ။ ရောင်းမှုဝယ်မှုမှာ စောစောကပြောသလို စေတနာပေါ့ဗျာ။
''နှမ်းတစ်တင်းကို ဒီဈေးရှိတယ်။ ဆီကြိတ်ရင် ဘယ်လောက်ကျ တယ်။ ဒီဈေးရမှ ရောင်းနိုင်မယ်။ ဘာ ကြောင့် အခုဈေးနဲ့ ရောင်းနေ တာလဲ၊ စားအုန်းဆီရောပြီး ရောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ရော ပြီးရောင်းတဲ့ စားအုန်းဆီဟာ သတ်မှတ်စံချိန်စံညွှန်းမီလို့ ကျန်းမာရေး အရ တာဝန်ယူပါတယ်။ ဒါကြောင့် ရောပါတယ်။ ဒီလိုရောလို့ ဒီဈေး နဲ့ရောင်းနိုင်တာပါ။ နှမ်းဆီပဲဆီစစ်စစ်ဆိုရင် ဒီဈေးနဲ့မရောင်းနိုင်ပါ ဘူးဗျာ''လို့ ဘယ်သူတွေ ကများ ပြောပြီး ရောင်းကြသလဲ။ အရောင်း သစ္စာရှိနေကြပြီလဲ။ ဒါက ရောင်းသူအပိုင်း။ဝယ်ယူစားသုံးသူအပိုင်းကလည်း ကြည့်ဦး။ တစ်ရက် ဈေးထဲ ကိုရောက်တယ်။ မျှစ်ကလေးတွေရောင်းနေ တယ်။ နီနီရဲရဲ ဝါဝါ ကလေးတွေ၊ ကျွန်တော်ကပြောတယ်၊ မျှစ်ကိုဒီလိုအရောင်ဆိုးရောင်း ရင် ကင်ဆာရောဂါရစေတယ်။ သဘာဝအတိုင်း ရောင်းပါလားဆို တော့ ဈေးသည်က ပြန်ပြောတယ်။ ]]ဆရာရယ် ဆရာတို့လို ဘာမျှ မသိ ဘာမှ မတတ်ပါဘူး။ ကျွန်မက သဘာဝအတိုင်း မျှစ်ကိုရောင်းပါ တယ်။ ဖြူဖတ်ဖြူရော်မို့ ဝယ်သူကမကြိုက်ဘူး။ ကျွန်မ ပြမယ်။ လွန်ခဲ့ တဲ့တစ်ပတ်က သဘာဝအရောင်အတိုင်း ရောင်းတဲ့မျှစ်၊ ဝယ်သူမရှိလို့ ဒီအတိုင်းပဲဆိုပြီး သူရဲ့မရောင်းရတဲ့သဘာဝအတိုင်း အရောင်ရှိတဲ့ မျှစ်ထည့်ထားတဲ့ဗန်းကို ထုတ်ပြပါလေရော။ဒီနေရာမှာကြည့် ဝယ်ယူစားသုံးသူက ဒီစာစုရဲ့ အစမှာတင်ပြ သလို ပါးစပ်နဲ့စားရုံသာမက၊ မျက်စိကပါ  စားချင်တာကိုး။ ဒီအတွက် ရောင်းသူရော ဝယ်သူမှာပါ တာဝန် ရှိနေတယ်လို့ ဆိုပါရစေ။ ရောင်း သူက စီးပွားရေးလောဘတက်ပြီး အမြတ်များများကျန်အောင် ကိုယ့် ပစ္စည်း လူကြိုက်အောင် ရောတယ်။ နှောတယ်။ အရောင်ဆိုးတယ်။ လုပ်တယ်။ အရောင်ဆိုးတဲ့ဆေးတွေက ဓါတ်ဆေး ဆိုးတွေဖြစ်တယ်။ ပြောရရင် ချည်တွေမှာ အရောင်လှအောင်အသုံးပြုတဲ့ ချည်ဆိုးဆေး တွေပါ။ အစားတွေမှာဆိုးတဲ့ အစားအစာဆိုးဆေးတွေ (Food Dyes) တွေ မဟုတ်ပါဘူး။  ဒီချည်ဆိုးဆေးတွေဟာ အရောင်လှ တဲ့ အပြင် တောက်ပလွန်းလို့ပါ။ ဒီဆိုးဆေးတွေဟာ  ကာဆီနိုဂျင်ခေါ်တဲ့ ကင်ဆာရောဂါရဲ့ အဓိကဓာတ်ပေါင်းများဖြစ်တယ်လို့ ဆိုပါတယ်။ပုစွန်ခြောက်၊ ငါးခြောက်တွေမှာလည်း ယင်မနားအောင်၊ တာ ရှည် ခံအောင်  ဖော်မလင် ထည့်တယ်။ ဖောမလင်ဆိုတာ လူတွေသေ ရင် တာရှည်ခံအောင် ထိုးရတဲ့ဆေးတစ်မျိုးပါ။ နည်းမျိုးစုံနဲ့ မသမာမှု ပြုပြီး အရောင်းအဝယ်သစ္စာကို ချိုးဖောက်တယ်။ ဝယ်ယူစားသုံးသူ ကလည်း ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အစားအစာဓာတ်စာတင်မက မျက်စိအစာ၊  မျက်စိဓာတ်စာအတွက်ပါ ဝယ်ရတယ်။ လှမှ ပမှ၊ အရောင်ပါမှ သူ့ဘက်ကလည်း ဝယ်ယူစားသုံးမှု သစ္စာဖြစ်တယ်။ ကောင်းပြီ။ ရောင်းသူ ဝယ်သူ နှစ်ဦးစလုံးက တစ်သမတ်တည်း မဟုတ် ပါဘူး။ ရောင်းသူသည် ဝယ်သူဖြစ်တတ်သလို၊ ဝယ်သူသည်လည်း ရောင်းသူဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရာဝတ္ထု အားလုံးကို လူတိုင်းမထုတ်လုပ်နိုင်ကြလို့ပါပဲ။ ဒီပစ္စည်းမှာ ကိုယ်က ထုတ်လုပ်သူဖြစ်နေပေမယ့် ကိုယ့်မှာ လိုတဲ့ ၊ ကိုယ်မထုတ်လုပ်နိုင်တဲ့ ပစ္စည်းကို ဝယ်ယူစားသုံးကြရလို့ပါပဲ။ ဒီတော့ရောင်းသူရော ဝယ်သူ ပါ န ှစ်ဖက်စလုံးမှာ ထုတ်လုပ်ရောင်းချရတဲ့ဒုက္ခ၊ ဝယ်ယူစားသုံးရတဲ့ ဒုက္ခဆိုတာ ရှိလာကြတော့မှာဖြစ်ပါတယ်။ လူတို့ကြိုးစားအား ထုတ် လေ့လာမှတ်တမ်းတင်ချပြထားတဲ့   ပညာရပ်တစ်ခုကို ကောင်းတဲ့ နေရာမှာ အသုံးမပြုဘဲ၊ မကောင်းတဲ့နေရာမှာသာ အသုံးပြုခဲ့မယ် ဆိုရင်တော့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ ဒုက္ခကို အရောင်ဆိုးနေကြတာနဲ့ တူမနေကြဘူးလား။
ဒုက္ခဆိုလို့ ဒုက္ခနဲ့ပတ်သက်တဲ့ ဓမ္မဝတ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူး မိပါတယ်၊ နာဖူးတဲ့တရားကတော့ မမှတ်မိ တော့ပါဘူး။ တင်ပြခွင့်ပြု ပါ။ စာရှုသူခင်ဗျာ၊ တစ်ခါတုန်းက လမ်းလေးခွဆုံတဲ့နေရာမှာ အရိပ် အာဝါသကောင်းတဲ့ ညောင်ပင်အကြီးကြီးရှိသတဲ့။ အဲဒီညောင်ပင် ပေါ်မှာ မျောက်ကြီးတစ်ကောင်နေထိုင်ပါတယ်။ အရှေ့အရပ်၊ အနောက် အရပ်၊ တောင်အရပ်၊ မြောက်အရပ်ကလာတဲ့ ကြီးကြီးငယ်ငယ် ရွယ် ရွယ်အပေါင်းဟာ ညောင်ပင် အောက်မှာ တစ်ခဏတာ နားခိုရင်း ပါးစပ်က  ဆိုကြ ပြောကြပါတယ်။ ဒုက္ခ၊ ဒုက္ခလို့ ပြောကြပါသတဲ့။ မျောက်ကြီးက သစ်ပင်ပေါ်ကနေ   အဲဒီဒုက္ခဆိုတဲ့စကားကို နေ့စဉ် ကြားနေရတယ်။ ဘယ်လိုပုဂ္ဂိုလ်လာလာ   တစ်ဒုက္ခထဲ ဒုက္ခနေကြ တာပဲ၊ ဒီဒုက္ခဆိုတာ ဘယ်လိုအရာကြီးလဲလို့ သိချင်လာပါတယ်။ သူ့
မှာလည်း နေ့တိုင်းကြားနေရတဲ့စကားရဲ့ အတိမ်အနက်ကို သိရှိလို တော့ မလှမ်း မကမ်းမှာ တရားကျင့်နေတဲ့ ရသေ့တစ်ပါးဆီ အရောက် သွားပြီး ဒုက္ခ ဆိုတာ  ဘာလဲလို့ သိချင်ကြောင်း မေးမြန်းလျှောက်ထားပါ တယ်။ ရသေ့ကြီးက မင်းဘာသာပဲနေပါကွာ၊ မသိချင်ပါနဲ့လို့ ပြောပါ တယ်။ ဒါပေမယ့် မျောက်ကြီးက သိချင်ကြောင်း ဆက်လျှောက်တော့ နောက် နေ့လာခဲ့ဆိုပြီး မှာလိုက်ပါတယ်။ နောက်နေ့လည်းရောက်ရော ရသေ့ ကြီးက အထုပ်ကြီးတစ်ထုပ်ကို ကြိုးနဲ့ချည်ထားတယ်။ မျောက် ကြီးလည်း ရောက်လာတဲ့အချိန်မှာ မင်း ဒီအထုပ်ကို ထမ်းသွား၊ သစ် ပင် တစ်ပင်သာရှိတဲ့ ကွင်းပြင်ရောက်ရင် ဖွင့်ကြည့်လိုက်။ အဲဒီအထဲ မှာ မင်းသိလိုတဲ့ ဒုက္ခဆိုတဲ့ အကောင်ပါတယ်လို့ မှာလိုက်ပါတယ်။
မျောက်ကြီးလည်း အထုပ်ကြီးကို ပင်ပန်းကြီးစွာ ထမ်းသွားပြီး ရသေ့မှာလိုက်တဲ့ သစ်ပင်တစ်ပင်သာရှိတဲ့  ကွင်းပြင်ရောက်တော့ အထုပ်ကို ကြိုး ဖြေကြည့်ပါတယ်။ အထုပ်ထဲမှာ အစာမစား၊ ရေမ သောက်ရဘဲ အဖမ်းခံနေရတဲ့ ခွေးကြီးတစ်ကောင်ဟာ အထုပ်ကိုချည် ထားတဲ့ ကြိုးလည်း ပြုတ်ရော ဒေါသတကြီးနဲ့ မျောက်ကြီးကို လိုက် ကိုက်တော့တာပေါ့။ မျောက်ကြီးလည်း အလဲလဲအကွဲကွဲနဲ့ ခွေးကြီးရဲ့ အကိုက်ခံရပြီး  တစ်ပင်ထဲသာရှိတဲ့ သစ်ပင်ပေါ်တက်ပြေးရသတဲ့၊ မျောက်ကြီးက သစ်ပင်ပေါ်မှာ၊ ခွေးက သစ်ပင်အောက်ကနေ ဆောင့် ကြောင့်ထိုင်ပြီး ပါးစပ်ပြဲပြဲ လျှာတွဲလဲနဲ့ပေါ့။ သစ်ပင်ပေါ်က မျောက် က စဉ်းစားတယ်၊ အော် လူတွေပြောပြောနေတဲ့ ဒုက္ခဆိုတဲ့အကောင် မင်း တော်တော်ဆိုးတာပဲ။ လူတွေ ငြီးမယ်ဆိုရင်လည်း ငြီးလောက်ပါ တယ်။ တကယ်တော့ ဒုက္ခဆိုတာ ပါးစပ်ပြဲပြဲ လျှာတွဲလဲနဲ့ အစွယ်ပြူး ပြူးအကောင်တစ်ကောင်ပါလားဆိုပြီး ဒုက္ခကို သတ်မှတ်ပါတယ်တဲ့။ သူက တိရစ္ဆာန်ကိုး။ မိမိခန္ဓာကိုယ်မှာ ထမ်းရပိုးရ ပြေးရလွှားရ အပွန်း အပဲ့တွေနဲ့ ခွေးအကိုက်ခံရတဲ့ ခန္ဓာကိုယ်က  နာကျင်နေတာကိုတော့ ဒုက္ခလို့ မသတ်မှတ်ဘဲ ဒုက္ခဆိုတာ ပါးစပ်ပြဲပြဲ လျှာတွဲလွဲနဲ့ အကောင် လို့ပဲ သတ်မှတ်လိုက်တာကိုး။
ကဲ ကျွန်တော်တို့လူသားတွေ ထုတ်လုပ်ရောင်းချသူ ဝယ်ယူသူ၊ စားသုံးသူအားလုံးဟာ လူသားတွေ မဟုတ်ပါလား၊ လူသားတွေဆိုတာ မျောက်သတ္တဝါလို ဒုက္ခဆိုတာ ပါးစပ်ပြဲပြဲ လျှာတွဲလွဲနဲ့အကောင်ဆိုတဲ့ အသိတရားမဟုတ်ဘဲ  ဒုက္ခဆိုတာ ဆင်းရဲခြင်းပါလို့ သိနေကြရင် ထုတ်လုပ်ရောင်းချသူက လောဘဦးမစီးဘဲ စေတနာတရား ဦးစီးကာ အရောင်းအဝယ်အပေါ်မှာ သစ္စာရှိဖို့လိုသလို ဝယ်ယူစားသုံးသူတွေ ကလည်း အစားအစာကို ပါးစပ်နဲ့ မျက်စေ့နဲ့တင် စားသုံးတာမျိုးမဟုတ် ဘဲ စဉ်းစားချင့်ချိန်နှိုင်းယှဉ်တဲ့  အသိတရားနဲ့ယှဉ်ပြီး  စားသုံးမှု သစ္စာတွေနဲ့   စားသုံးကြဖို့ တိုက်တွန်းချင်ပါတယ်။  ဒုက္ခကို အရောင် မဆိုးကြပါနဲ့။ ဒုက္ခကို အရောင်ဆိုးကြဦးမှာလားဆိုတာ စဉ်းစားကြစေ လိုကြောင်းပါ။    

မြင့်ဦး-ပခုက္ကူ