
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ''ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ရန်''ဟူသော VISION ချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ထို့ပြင် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒ ၁၂ ရပ် အနက် စီးပွားရေးမူဝါဒအမှတ် (၆)ဖြစ်တဲ့ ''ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့် တင်နိုင်ရေး တို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနဲ့ စက်မှုကဏ္ဍများ ဘက်စုံညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာ စက်မှုကဏ္ဍချိန်ခွင်လျှာကိုက်ညီသည့် စီးပွားရေးပုံစံ ဖော်ထုတ်ရန်'' ဆိုတဲ့အချက်နဲ့အညီ မြန်မာ့ ပို့ကုန် များ အနက် လယ်ယာကဏ္ဍတွင် ပိုမိုတင်ပို့နိုင်ကြောင်း တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ရာခိုင်နှုန်းက တောင်သူလယ်သမား စိုက်ပျိုးထုတ်လုပ်သူများဖြစ်ပြီး ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကို အဓိက စိုက်ပျိုးထုတ်လုပ် ရောင်းချလျက် ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ကုန် ကဏ္ဍအနေဖြင့်လည်း လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ အဓိက တင်ပို့နေသည့် နိုင်ငံဖြစ်သလို မြန်မာ့ဆန်နှင့်ဆန်ကွဲက လယ်ယာထွက်ကုန် ပစ္စည်းများအနက် အများဆုံးတင်ပို့သည့် ပစ္စည်းများဖြစ်ကြောင်း တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံရဲ့ ယခုဘဏ္ဍာနှစ်၂၀၁၆-၂၀၁၇ (ဧပြီမှ မတ်လ ဒုတိယပတ်ထိ) ကုန်သွယ်မှုကို ကြည့်ပါက ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံရှိပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော် ရရှိနေပြီဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ယခင်နှစ်ကာလတူ ထက် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၂ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၁ သန်း ပိုမိုတင်ပို့၊ တင်သွင်းနိုင်ပြီး ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၅၇၃ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။
ပို့ကုန်တင်ပို့မှုပိုင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းက အမေရိကန်ဒေါ်လာ၂၇၂၃ သန်း တင်ပို့နိုင်တဲ့ အတွက် ပို့ကုန်တင်ပို့မှုရဲ့ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ လယ်ယာ ထွက်ကုန် ပစ္စည်းတင်ပို့မှုကို လေ့လာကြည့်ရင် ပဲမျိုးစုံတင်ပို့မှုက တန်ချိန် ၁၃ သိန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၂၃ သန်း၊ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၁၆ သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၅၁၃ သန်း၊ ပြောင်းတင်ပို့မှု တန်ချိန် ၁၂ သိန်းနီးပါး၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ သန်း၊ နှမ်းတင်ပို့မှုတန်ချိန် တစ်သိန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၁ သန်း၊ ရော်ဘာစိမ်းတင်ပို့မှုတန်ချိန် ၁ ဒသမ ၃ သိန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၁ သန်း တင်ပို့နိုင်ပြီး အခြား သရက်သီး၊ ဖရဲသီး၊ သခွား မွှေးစတဲ့ သစ်သီးစို တင်ပို့မှုက အမေရိကန်ဒေါ်လာ ၈၂ သန်းဖြစ်ပြီး အခြား လယ်ယာ ထွက်ကုန် ပစ္စည်း များလည်း တင်ပို့ထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနရဲ့ ကုန်သွယ်မှုစာရင်းများအရ သိရှိရပါတယ်။
ဆန်တင်ပို့မှုနှင့်ပတ်သက်၍ ယခင်နှစ်က နိုင်ငံပေါင်း ၅၁ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ နိုင်ငံ ပေါင်း ၅၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့တာ ကိုတွေ့ရှိရပါတယ်။ ယခုနှစ်တင်ပို့ခဲ့တဲ့ ၅၄ နိုင်ငံကို လေ့လာကြည့် ပါက နိုင်ငံပေါင်း ၂၂ နိုင်ငံဟာ ယခုနှစ်မှာ အသစ်ထပ်မံတင်ပို့တဲ့နိုင်ငံ များဖြစ်ပြီး ၊ နိုင်ငံ ၃၃ နိုင်ငံဟာ နှစ်စဉ် ပုံမှန်ဈေးကွက် ရရှိထားတဲ့ နိုင်ငံတွေဖြစ်ကြောင်း တွေ့ရပါတယ်။ ယခုနှစ်မှာ ဈေးကွက်ပျောက် သွားတဲ့ နိုင်ငံ ၁၉ နိုင်ငံရှိပြီး ဈေးကွက်ပျောက်သွားတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဈေးကွက်အသစ်ရရှိတဲ့နိုင်ငံ တွေကဆန်ပိုမိုတင်ပို့ ရတဲ့ နိုင်ငံများဖြစ်ခဲ့ကြောင်းတွေ့ရှိရပါတယ်။ ဆန်တင်ပို့မှု ဈေးကွက် အသစ်ရရှိတဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ ဘီနင်၊ ကင်မရွန်း၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ အိုင်ဗရီကို့စ်၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ အက်စ်တိုးနီးယား၊ ဂီနီ၊ အစ္စရေး၊ မက်ဒါဂါစကား၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ပါပူဝါနယူးဂီနီ၊ ဆလိုဗက်ကီးယား၊ စလိုဘေးနီးယား၊ သီရိလင်္ကာ၊ တိုဂို၊ အမေရိကန်၊ ဗင်နီဇွဲလားနဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။
ဆန်ကွဲတင်ပို့မှုအနေနဲ့လည်း ယခင်နှစ်က နိုင်ငံပေါင်း ၂၀ ကို တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ နိုင်ငံပေါင်း ၃၃ နိုင်ငံရဲ့ ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်တာကို တွေ့ရှိရပါတယ်။ ပုံမှန်ဈေးကွက်ရနေတဲ့ နိုင်ငံ ၁၁ နိုင်ငံ၊ ဈေးကွက်ပျောက်သွားတဲ့ နိုင်ငံ ၉ နိုင်ငံနဲ့ ယခုနှစ်မှာ ဈေးကွက်သစ်အဖြစ်ရရှိတဲ့ နိုင်ငံ ၂၂ နိုင်ငံဖြစ်တဲ့ အတွက် ဆန်ကွဲတင်ပို့မှု ဈေးကွက်ဟာ ပိုမိုရရှိလာကြောင်း တွေ့ရှိရပါတယ်။
ဈေးကွက်အသစ်ရရှိတဲ့ နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ဘော့စ်ဆွာနာ၊ ကနေဒါ၊ အိုင်ဗရီကို့စ်၊ အီရီထရီးယား၊ ဖီဂျီ၊ ဂျာမနီ၊ ဂရိ၊ ဂီနီ၊ အင်ဒိုနီးရှား၊ လာအို၊ လစ်သူယေးနီးယား၊ မလေးရှား၊ နီပေါ၊ နယူးဇီလန်၊ နိုင်ဂျာ၊ ပေါ်တူဂီ၊ ဆော်ဒီအာရေးဗီးယား၊ ဆလိုဗက်ကီးယား၊ စပိန်၊ သီရိလင်္ကာနှင့် အမေရိကန်နိုင်ငံတို့ ဖြစ်ကြပါသည်။ပြည်တွင်း စပါးဈေးနဲ့ ပတ်သက်၍ ၄၆ ပေါင် ကိုက် မနောသုခ စပါး အမျိုးအစား တင်း ၁၀၀ ဈေးနှုန်းကို ယခင်နှစ် အလား တူကာလ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ကြည့်ရာတွင် ပြည်တွင်း စပါးဈေးနှုန်း များမှာလည်း အောက်ပါအတိုင်း လျော့နည်းကြောင်း တွေ့ရှိရပါတယ်။ထို့အတူ ပြည်တွင်းဆန်ဈေးနှုန်းကို လေ့လာရာတွင် ဧည့်မထ ၂၅ မှတ် ဆန်မနောသုခ လတ်စ တစ်အိတ်ဈေးနှုန်းကို ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ကြည့်ရာတွင် ပြည်တွင်းဆန်ဈေးနှုန်းလည်း လျော့နည်းကြောင်း တွေ့ရှိရပါတယ်။ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေကို လေ့လာရာတွင် ယခုတစ်ပတ် မတ်လ ၁၇ ရက်မှာ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်းများမှာ သိသိသာသာ ပြောင်း လဲမှုမရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။မြန်မာနိုင်ငံ၏ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို လေ့လာရာတွင် ယခုဘဏ္ဍာနှစ်မတ်လ ဒုတိယပတ်ထိ တန်ချိန် ၁၆ သိန်းကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၁၃ သန်း တင်ပို့နိုင်ပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူထက် တန်ချိန် ၁ ဒသမ ၅ သိန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ယခုနှစ်တွင် ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲ ပိုမိုတင်ပို့လာခြင်းဟာ အမေရိကန် ဒေါ်လာ ဈေးနှုန်း မြင့်တက်မှုအပေါ်တွင် မူတည်နေကြောင်း တွေ့ရှိရပါတယ်။ လက်ရှိပြည်တွင်း (ပုသိမ်မြို့) ဈေးအရ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများဖြင့် တွက်ချက်ပါက ဧည့်မထ ၂၅ မှတ်(မိုးသစ်) ဆန်တစ်အိတ် အိတ်လွတ် ၁၇၀၀၀ ကျပ်ရရှိ၍ ဆန်တစ်တန် ၃၄၀၀၀၀ ကျပ် ကျသင့်ပြီး သယ်ယူကုန်ကျစရိတ် ၁၈၀၀၀ ကျပ် Ready Cargo ကုန်ကျစရိတ် ၁၅၀၀၀ ကျပ်၊FOBလိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၃၂၅ ၏ နှစ်ရာခိုင်နှုန်း အခွန်ကျသင့်ငွေ အမေရိကန်ဒေါ်လာ ၈၉၃၈ ဖြစ်ပါတယ်။ ပို့ကုန်လုပ်ငန်းရှင်များရဲ့FOB အမှန်ရောင်းရဈေးမှာ အမေရိကန်ဒေါ်လာ ၃၂၅ ဖြစ်၍ တွက်ချက်မှုအရ အကျိုးအမြတ်ရှိ၍ တွက်ချေ ကိုက်သဖြင့် ပင်လယ်ရေကြောင်းမှ ဆန်များပိုမိုတင်ပို့လာကြောင်း လေ့လာတွေ့ရှိရပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်ပသို့ ဆန်စပါး တင်ပို့နိုင်ရန် အတွက် ဆန်စပါး ကုန်သွယ်မှု ကဏ္ဍနှင့် ပတ်သက်၍ မိမိနိုင်ငံမှ အဆင့်အတန်းမြင့်ဆန်များ ထုတ် လုပ်နိုင်ရေးနှင့် ဈေးကွက်ဝင် စံချိန်စံညွှန်းများ ရရှိရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့AQSIQ မှ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့ကို တွေ့ဆုံ ဆွေးနွေး စေပြီး နည်းပညာရရှိနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။
ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီးနဲ့ လာရောက် တွေ့ဆုံစဉ်က မြန်မာနိုင်ငံမှ ဆန်ကို အင်ဒိုနီးရှားနိုင်ငံမှ ပိုမိုဝယ်ယူနိုင်ရေး၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့အကြား မြန်မာနိုင်ငံမှ ဆန်တင်ပို့နိုင်ရန်အတွက် နားလည်မှု စာချွန်လွှာမူကြမ်းပြင်ဆင်ရန်နဲ့ နှစ်နိုင်ငံ ညှိနှိုင်းလျက်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံမှလည်း ဝယ်လိုအားရှိသဖြင့် အစိုးရအချင်းချင်း ရောင်းချ နိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။
၂၀၁၆ ခုနှစ်နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေးမှာလည်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်း ဖြစ်တဲ့ ဆန်၊ ပဲ၊ ကြက်သွန်နီတို့ကို ပင်လယ်ရေကြောင်း နည်းလမ်းဖြင့် တင်ပို့လိုကြောင်း ဆွေးနွေးခဲ့ကြ တယ်လို့ သိရှိရပါတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံပြီး သီရိလင်္ကာ နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ငါးသောင်း ဝယ်ယူရန်အစိုးရအချင်းချင်း နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးလိုကြောင်း ဆွေးနွေးကြပြီး ဆန်တင်ပို့နိုင်ရေးအတွက် ဆန်စပါး လုပ်ငန်းရှင်များ၊ ဆန် စပါးအသင်းချုပ်မှ တာဝန်ရှိသူများနဲ့ဆက်လက် ဆွေးနွေးကြကြောင်း သိရှိရပါ တယ်။
ထို့အပြင် ဖိလစ်ပိုင်နိုင်ငံနှင့်လည်း နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆို၍ ရောင်းချနိုင်ရန် နှစ်ဖက် နိုင်ငံမှ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်SME လုပ်ငန်းများ တိုးတက်လာပြီး ပြည်ပသို့ အရည်အသွေး ကောင်းမွန်တဲ့ ဆန်များတင်ပို့နိုင်ရန် ဆန်စက် အဆင့်မြှင့်တင်ရေးအတွက် ဆန်စက်နှင့် ဆန်စက်အပိုပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင် မြန်ဆန်စေရေး ဆောင်ရွက်ပေးလျက် ရှိသလို နယ်စပ်စခန်းများမှ တင်သွင်းရာတွင်လည်း လျင်မြန်ချောမွေ့စေရေး နယ်စပ်စခန်းများမှ လိုင်စင် ခွင့်ပြုတင်သွင်းခွင့်ပြုပေးလျက်ရှိပါတယ်။လယ်ယာ ထွက်ကုန်များအား စိုက်ပျိုးထုတ်လုပ် တင်ပို ့ရာတွင် ရာသီဥတု သဘာ၀ ဘေးအန္တရာယ်၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ အရည်အသွေးမြင့် Value Added ဆောင်ရွက်နိုင်မှု၊ နိုင်ငံ တကာ ဈေးကွက်နှင့် ဝယ်လိုအားတို့အပေါ်မှာ မှီခိုရတဲ့အတွက် စိုက်ပျိုး ရေး ထွက် ကုန်များ တိုးမြှင့်ထုတ်လုပ် တင်ပို့ နိုင်ရေးအတွက် စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ကုန်သွယ် မှုမြင့်တင်ရေးဆောင်ရွက်တဲ့အခါမှာ အဓိက တွေ့ကြုံရတဲ့ အခက်အခဲတွေကတော့ သွင်းအားစု ကုန်ကျစရိတ် မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့်ရရှိဖို့ ၊ အထွက်နှုန်းမြင့်မားဖို့၊ ခေတ်မီ စိုက်ပျိုးမှုစနစ်တွေ၊ ခေတ်မီရိတ်သိမ်းချွေစက် အသုံးပြုဖို့ လိုအပ်ကြောင်း ၊ နိုင်ငံတကာ ဈေးကွက်နှင့်ယှဉ် ပြိုင်နိုင်ရန်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် (Cost of Production) ကြီးမြင့်ခြင်းသည် အဓိကစိန်ခေါ်မှု များ ဖြစ်ကြောင်း၊ နိုင်ငံတကာ ဈေးကွက်နဲ့ယှဉ်ပြိုင်နိုင်ဖို့အတွက် ထုတ်လုပ်မှုတိုးမြှင့်ရန် လိုအပ်သလို(Cost of Production ) လျှော့ချရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။
၎င်းင်းအပြင် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ် လျှော့ချရန် လိုအပ်ကြောင်း၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရေး အတွက် လမ်းပန်းဆက်သွယ်မှု လျင်မြန်ချောမွေ့စေရေး လွယ်ကူမှု ရှိစေရန် လိုအပ်ကြောင်း၊ သို့မှသာ ပို့ကုန်သုံးဆ တိုးမြှင့်ရေးကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။
ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်ရာ၌ ဈေးကွက်ဝင် အရည်အသွေးမီ ကုန်ပစ္စည်းထုတ်လုပ်နိုင်ရေး အတွက် အဓိကအချက်အနေဖြင့် ပို့ကုန်အထောက်အကူပြု ပစ္စည်းထုတ်လုပ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုများလိုအပ်ကြောင်း၊ ဒါမှသာ လယ်ယာ ထွက်ကုန်နဲ့ သယံဇာတ ပို့ကုန်ပစ္စည်းများကို မှီခိုတင်ပို့နေခြင်းအစား စက်မှုကုန်ချောပစ္စည်းများ တင်ပို့နိုင်ပြီး ရေရှည်ခိုင်မာသည့် ဈေးကွက်ကို ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ပြည်ပဈေး ကွက် ခိုင်မာစေရန် နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် မျိုးကောင်းမျိုးသန့် ရရှိ ရေးနှင့် အရည်အသွေးမီ ကြိတ်ခွဲနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဟာ အဓိကအရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ သို့မှသာ မိမိတို့ ရရှိထားတဲ့ ဈေးကွက်များကို ဆက်လက်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။
သို့ဖြစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန် သုံးဆတိုးမြှင့် တင်ပို့နိုင်ရေးအတွက် အခက်အခဲ အကျပ်အတည်း အမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးကြားမှ ပို့ကုန်ကဏ္ဍစုံမှ တိုးမြှင့်ရေးအတွက် ကုန်သွယ်မှုဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးသလို သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ ပူးပေါင်းညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ယခုကဲ့သို့ ပို့ကုန်များ ပိုမို တင်ပို့လာနိုင်ခြင်းဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။