Main menu

Background

ငဲ့စောင်းကြည့်ရမည့် ပြည်တွင်းဈေးကွက် နှင့် စားသုံးမှုပုံစံ

Mon, 05/08/2017 - 12:26 -- journal_editor

       ကျွန်တော်တို့နိုင်ငံ၏ စားသုံးမှု လူမှုပုံစံများသည် အိမ်နီးချင်း နိုင်ငံများဆီမှ ဆင်းသက်လာသည်ဟု ယူဆနိုင်ပါသည်။စားသုံးသည့်ဓလေ့ထုံးစံများမည်သို့ ဆင်းသက်လာသည်ကိုအတိအကျဆန်းစစ်သုတေသနပြု ထား သည် များကို ကျွန်တော်မဖတ်ဘူးပါ။ ကျွန်တော် တို့နိုင်ငံတွင် ပျူခေတ်မှစကာဆန်ကိုအဓိကအစားအသောက်အဖြစ် စားသည်ဆိုသည့်သမိုင်းအထောက်အထားများရှိသည်ကို ဖတ်ဖူးပါသည်။ ဟင်းအမယ်များ၊ ဟင်းခတ်အမွှေး အကြိုင် များ သုံးစွဲတတ်ပုံ၊ ဆီကို သုံးစွဲတတ်ပုံ၊ ဆီကို ကြိတ်ခွဲထုတ်လုပ်ပုံစသည်တို့ကိုကြားသိ လေ့လာဖူးပါသည်။ များသောအားဖြင့် အိန္ဒိယတိုက်၏ အငွေ့ အသက်များ၊ လက်ရာများ အများအပြား တွေ့ရမည် ထင်ပါသည်။ တစ်နည်း အားဖြင့် အိန္ဒိယ၏ ယဉ်ကျေးမှုနှင့်ဆက်နွယ်နေပါသည်။ စားသုံးပုံများတွင်လည်း ကူးစက်မှုများ အများအပြား တွေ့ရပါသည်။ အင်္ဂလိပ်လက်အောက်တွင်ကျရောက်စဉ်ကအိန္ဒိယနှင့်အတူတူတွဲခဲ့ သဖြင့်လည်းပို၍ ကူးစက် ခဲ့ သည် ဟု ထင်ပါသည်။ အင်္ဂလိပ်က ခေါ် လာသော အလုပ်သမား ကုလားလူမျိုးများလည်း အများအပြား ရှိခဲ့ပါသည်။ သူတို့ဆီမှလည်း အစားအသောက် စားသောက်မှုပုံစံ များ ကူးစက်သည်လည်း ရှိသည်ထင်ပါသည်။ ကျွန်ေ တာ်ပြော ချင်သည်မှာ အစားအသောက်စားသုံးပုံ အလေ့အထကို ဖြစ်ပါသည်။ ကျွန်တော်တို့သည် စားသုံးမှု အလေ့ အထများကို ရှေးယခင် ဘုရင်ခေတ်မှ ယနေ့အထိ များစွာ ပြောင်းလဲ ခြင်းမျိုး မရှိခဲ့သလို အဓိက အခြေခံ စားသောက် မှုပုံစံမှာ ထမင်းနှင့်တွဲ၍ curry  ခေါ် ဆီပြန်ဟင်းတစ်ခွက်နှင့် အရန်ဟင်းများဖြင့် စားတတ်ကြ ပါသည်။ ကျွန်တော်တို့
   အဖွားခေတ် က ဟင်းချက် စားဆီကို မြေပဲဆီ ၁၀ ပိဿာပုံးဖြင့် ဆီစက်က လာပို့သည်ကို ထောင်ပြီးစားခဲ့ကြပါ သည်။ ငါးခြောက်ကို ဆီဆမ်းရာတွင် ငါးခြောက်တုံးသည် ဆီထဲရောက်နေမှ ကြိုက်ပါ သည်။ ဟင်းထဲတွင်လည်း အလားတူပင် ဟင်းတုံးများ ဆီထဲ မြုပ်နေမှ ကြိုက်ပါသည်။ ယခုအခါတွင် ထိုစဉ်က လိုသာစားလျှင် အဖွားနောက် မြန်မြန် လိုက်ရမည်ဖြစ်ပါသည်။ ဆီဈေး၊ စားအုန်းဆီနှင့် ကျန်းမာရေး ခြိမ်းခြောက်မှုများက ဆီ လျော့စားရန် အတွက် ကျွန်တော်တို့ကို တိုက်တွန်းနေပါသည်။  ကျွန်တော်တို့သည် ယနေ့ခေတ်တွင် ငွေကြေး တတ်နိုင်မှုနှင့် ကျန်းမာ ရေးအတွက် လိုအပ်ချက်များကိုလိုက်ပြီး၊ စားသုံးသည့် ဓလေ့များကို ပြောင်းနေကြရပါသည်။ ပြောင်းချင် လို့ပြောင်းကြရသည်ရှိသလို၊ ရောဂါကိုကြောက်ပြီး ပြောင်းကြရသည်များလည်း ရှိနေပါသည်။
ယခုဆွေးနွေးသည်မှာ ကျန်းမာရေးနှင့် ညီညွတ်စေရန် စားသုံး သည့် ဓလေ့ထုံးစံကို ပြင်နေရသည့် အခြေအနေဖြစ်ပြီး၊ အခြားတစ် ဖက်တွင်ကျန်းမာရေးနှင့် ညီညွတ်ပြီး စားသုံးသင့်ပါလျက်မစားဖြစ် ကြသည့်စားရိုးစားစဉ် အစဉ် အလာအတိုင်း၊ ဓလေ့အတိုင်းစားကြ သည့် အခြေအနေမျိုးလည်း ရှိနေပါသည်။  ယင်းသို့ လုပ်ကိုင်နေရ သည့်အပြင် မိမိကုန်စည်များကို ပြည်ပသို့ တင်ပို့ရေးအတွက်လည်း လုံးပန်းရပါသည်။ ထို့ကြောင့် ပဲမျိုးစုံကဏ္ဍကို သုံး သပ်ကြည့်လျှင် ပြည်ပတင်ပို့ရေးအတွက်သာ စိုက်ပျိုးနေသည့် အခြေအနေမျိုးကို မြင်နေရပါသည်။ ကျွန်တော်တို့၏နိုင်ငံတွင် ပဲမျိုးစုံကို စားသုံးရာ၌ ကုလားပဲဝါ၊ ပဲရာဇာ၊ ပဲကြီး၊ စားတော်ပဲ၊ ပဲပုပ်သေးများကို ချက်စား တတ်ကြ ပါသည်။ ပဲဟင်းအဖြစ် စားကြပါသည်။ မတ်ပဲကိုမူ မတ်ပဲ ဗရာကြော်ဟု စားသုံးသည်ကို တွေ့ဖူးသည်ကလွဲ၍ အခြားနည်းဖြင့် မစားတတ်ကြပါ။ ပဲပင်ပေါက် လုပ်စားတာမျိုးတော့ ရှိမည်ထင်ပါ သည်။ တခြားနည်းဖြင့် စားသည် ကိုများများစားစား မတွေ့ရပါ။ လက်ဖက်နှင့် တွဲဖက်စားသည့် ပဲကြော်အဖြစ်ရှိပါသေးသည်။ ဆိုလို သည်မှာ ကျွန်တော်တို့ ပြည်တွင်းတွင် ပဲကိုအမျိုးအမည် များများ စားစား နည်းလမ်းမျိုးစုံဖြင့် မစားတတ်ကြဟု ဆိုနိုင်ပါသည်။  စိုက် သည့်ပဲကို အစိုအနေဖြင့်လည်း စားတတ်ကြပါသေးသည်။ ယင်းနည်း လမ်းကို ပြည်ပသို့လည်း ဟင်းသီးဟင်းရွက်အနေမျိုးFresh pulses and peas အနေဖြင့် ပဲသီးတောင့်၊ ရွှေပဲသီးလိုမျိုးကို သေသေချာချာ အိတ် သွပ်၍ ရောင်းချလျှင် ရနိုင်မည်ထင်ပါသည်။ ယင်းတို့ကို  အစိမ်းလည်း ချက်စားတတ်ကြပါသေးသည်။ သို့ရာတွင် ကျွန်တော် တို့ပြည်တွင်းတွင် ပဲမျိုးစုံကို နည်းလမ်းမျိုးစုံဖြင့် ဟင်းလျာ အဖြစ် သော်လည်းကောင်း၊ အသား အစား ထိုး အစားအသောက်အဖြစ် သော်လည်းကောင်း၊ အခြားနည်းလမ်းများ ဖြင့်သော်လည်းကောင်း၊ စားသောက်ကြည့်သင့်သည်ဟု ထင်ပါသည်။ကျွန်တော်တို့ ပြည်ပဈေးကွက်အတွက် များများ တင်ပို့နိုင်ရန် ကြိုးစားနေသကဲ့သို့ ပြည်တွင်းတွင်လည်း ဈေးကွက် ကျယ်ပြန့်လာ စေရန်ကြိုးပမ်းသင့်သည်ဟု ထင်ပါသည်။အဘယ်ကြောင့်ဆိုသော် ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်မှုများသညValue Chain Management  အနေဖြင့် ပါဝင်လာပြီး တန်ဖိုးပိုမို ရရှိလာစေမည်ဟု ထင်ပါသည်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပြည်တွင်း၌လည်း ပဲကို ယခုထက် ပိုမို စားသုံးမည်ဆိုလျှင် ပြည်တွင်းဈေးကွက် ကျယ်ပြန့် လာပြီး ပြည်ပကို ရောင်းအားလျော့ချိန်များ၌လည်း ပဲကုန်သည ်
များ အတွက် ပြည်တွင်းဈေးကွက်တွင် အရောင်းအဝယ်မပျက် ရောင်းချ နေရမည် ဖြစ်ပါသည်။ ပြည်တွင်း ပြည်ပဈေးကွက် နှစ်ဖက်ရရှိနေလျှင် ဈေးမကျနိုင်၊ တောင်သူအတွက်လည်းအကျိုးမယုတ်နိုင်ဟု ထင်ပါ သည်။      ယခု အခြေအနေတွင် ပဲကိုပြည်ပသို့ မရောင်းရလျှင် ပဲလက် ကျန်များစွာကို ပြည်တွင်းမှာ ဒီအတိုင်း သိပ်ထားနေရသည့် ဘဝဖြစ် ပါသည်။ကျွန်တော်တို့လည်း ပဲစင်းငုံကို ပြည်တွင်းမှာ ခွဲခြမ်းလုပ်ပြီး ဟင်းချိုချက်သောက်တဲ့ အလေ့ အထဖြစ် လာအောင် ကြိုးစားသင့် သည် ထင်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးပါးစပ်က
အိန္ဒိယ အစားအစာများနှင့် ရင်းနှီးပြီးသားဖြစ်ပါသည်။ ပဲစင်းငုံသည် စားလျှင်ဆေးဖက်လည်း ဝင်သကဲ့သို့ စားသင့်သော အာဟာရတစ်မျိုး လည်း ဖြစ်ပါသည်။  ယခုကဲ့သို့ရှိနေသော ပဲစင်းငုံကို ပြည်တွင်း၌ တွင်တွင် ကျယ် ကျယ် စားလာအောင် မလုပ်သင့်ဘူးလား ခင်ဗျာ။ အကယ်၍ ပြည်တွင်းမှ ပဲစင်းငုံကို ခွဲခြမ်းလုပ်ပြီးနောက် တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်အောင်  Promotion and marketing လုပ်စေချင်ပါသည်။ ကျွန်တော်တို့၏ နိုင်ငံ တွင် Tourism Promotion    လုပ်နေသကဲ့သို့ ပဲစင်းငုံ ပြည်တွင်း ဈေးကွက်အတွက် စားသုံးနည်းစနစ်များကိုလည်းTur Product and cuisine  စတဲ့Promotion and marketing Festival မျိုးလုပ်စေချင်ပါသည်။
 ဘယ်သူတွေလုပ်ကြမလဲ၊  ပဲနှမ်းကုန်သည် အသင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသနဌာနများက အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းများနှင့် တွဲဖက် ပြီး လုပ် ကြည့်လျှင် ပြည်တွင်း၌ ပဲစားသုံးမှု ပိုများလာနိုင်ပြီး အားကိုးနိုင်သည့် ပြည်တွင်းပဲ ဈေးကွက်တစ်ခု ဖြစ်ထွန်းလာမည်ဟု ထင်မိပါသည်။
ကျွန်တော်တို့ မြန်မာလူမျိုးများသည် ပြည်တွင်း ထုတ်ကုန်များ ထက် ပြည်ပက အစားအစာများကို ပို၍ တန်ဖိုးထားတတ်ကြသည်။ အနောက်တိုင်း အစားအစာကို အထင်ကြီးသည်များကို လမ်းကြောင်း ပြောင်းလာအောင်လည်း လုပ်ပေးသင့်သည် ထင်ပါသည်။ ယခု ၂၀၁၇ မန္တလေး၏ အတာသြင်္ကန်တွင် လမ်းလျှောက်သြင်္ကန်ကို ကြည့်ရင်း ရိုးရာဓလေ့ ထုံးစံများနှင့်  မွမ်းမံခြယ်သထားသည့်   ခေတ်မီမှုမျိုးကိုလည်း တီထွင်ဖန်တီးသင့်သည်ဟု ထင်ပါ သည်။ မုန့်စားပွဲတော်များ၊ ရိုးရာမုန့်ပွဲတော်များကို ၁၂ လရာသီပွဲများနှင့်တွဲပြီး လုပ်ပေးသင့် သည် ထင်ပါသည်။ ပြည်တွင်းဈေးကွက်တွင်ပဲမျိုးစုံကို ပင်မအစား အစာ အဖြစ်အပြင် မုန့်များ သွားရေစာများ အခြားနည်းလမ်းများ ဖြင့်ပါ ဈေးကွက်ကျယ်ပြန့်အောင် လုပ်ပေး နိုင်လျှင် သန်း ၅၀ တည်းဟူသော ဈေးကွက်တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။
ယခုအခါ ကုန်သည်များ  ကုမ္ပဏီများအနေနှင့်လည်းCorporate Social Responsibility, Creative Share Value  စသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရင်း သူတို့၏ လုပ်ငန်းနှင့် ကုန်စည်များကို တန်ဖိုးမြှင့် တင်နေကြရပါသည်။ ယင်းသို့ လုပ်ကိုင် နေရင်းပင် ပဲမျိုးစုံကို ပြည်တွင်းဈေးကွက်တွင် တွင်ကျယ်လာ အောင် စားသောက်မှုပုံစံများနှင့် ဈေးပွဲတော်များ လုပ်ပေးလျှင် တိုးတက်လာမည်ဟု ယူဆပါသည်။ ၁၉၇၀ ခုနှစ်ခန့်က ပြည်တွင်း တွင် ရေချိုငါးများကိုသာ စားသုံးသည့် ဓလေ့ရှိခဲ့ရာ ပင်လယ်ငါးကို စားသုံးစေရန် စည်းရုံးခဲ့ကြရသည် သတင်းစာများတွင် ]ခေတ်မီ သူတိုင်း ပင်လယ်ငါးစားသည်}ဟူသော စာများထည့်သွင်းပြီး ပင်လယ်ငါးကို ပြည်သူ များ စားသုံးလာအောင် လုပ်ခဲ့ကြရသည်ကို တွေ့ခဲ့ဖူးပါသည်။ ယင်းကဲ့သို့ပင် ကန်ပက်လက်မြို့တွင် ထောပတ် သီး စိုက်ပျိုးမှု တိုးတက်လာစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီး ဟင်း ရွက် အသင်းမှ သွား ရောက်ဆောင်ရွက်သည့် ခရီးစဉ်တွင် ထောပတ်သီးစားသုံးမှုကို ချက်စားနည်း၊ ထောပတ်သီးသုပ်စားနည်း၊ လက်ဖက် နှင့် စားနည်း၊ ရေခဲမုန့်လုပ်စားနည်း၊ ကျောက်ကျော လုပ်စားနည်း စသည် တို့ကိုပါ သင်ကြားပြ သပြီး စားသုံးမှုတိုးစေရန်  ဆောင်ရွက်ပေးခဲ့သည်ကို လည်း သတိရမိပါသည်။ပဲမျိုးစုံကိုလည်း ယခုကဲ့သို့ပင် ပြည်တွင်းတွင်စားသုံးမှုပုံစံများ များပြားလာအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပဲမျိုးစုံအတွက် ပြည်ပဈေးကွက်သာမက ပြည်တွင်းဈေးကွက်လည်းကျယ်ပြန့် လာပြီး တောင်သူများ စိုက်ပျိုးချိန်တွင် ဈေးမရသည့် ပြဿနာကို လည်း ဖြေရှင်းနိုင်မည်ဟု ယူဆမိပါကြောင်း တင်ပြလိုက်ရပါသည်။

မျိုးသူ (ကုန်သွယ်မြှင့်)