Main menu

Background

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ဥရောပကို ပို့ကြမလား

Mon, 08/14/2017 - 15:07 -- journal_editor

       ကုန်သွယ်မှုမြှင့်တင်ရေးအပိုင်းဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဓိကတာဝန်ယူထားတဲ့အပိုင်းဖြစ်ပြီး ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ကာ အမျိုးသားပို့ကုန်မဟာဗျူဟာတစ်ရ ပ် (National Export Strategy) ကို ၂၀၁၃  ခုနှစ်ကတည်းက ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အမျိုးသားပို့ကုန်မဟာဗျူဟာမှာ ဦးစားပေးကဏ္ဍများအဖြစ် ဆန်စပါး၊ ပဲအမျိုးမျိုး နှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊သစ်တောထွက်ပစ္စည်းတို့ကို ရွေးချယ်ထားပြီး ဦးစားပေးဝန်ဆောင်မှုကဏ္ဍအဖြစ် ခရီးသွားလုပ်ငန်းနဲ့ဖွံ့ဖြိုးရန်အလားအလာရှိတဲ့ ကဏ္ဍအဖြစ်ရော်ဘာတို့ကိုရွေးချယ် သတ် မှတ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ထပ်တိုးဦးစားပေး ကဏ္ဍများအဖြစ် လယ်ယာထွက်ကုန်စ္စည်း အခြေခံ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာ၊ လက်မှုအနုပညာပစ္စည်း၊ သတင်း အချက်အလက်နှင့် နည်းပညာ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တို့ကို ရွေးချယ်သတ်မှတ်ထား ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာတော့ ဥရောပ ဈေးကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံနဲ့ ဟင်း သီးဟင်းရွက်တွေ  တင်ပို့ရာမှာ  လိုက်နာဆောင် ရွက်ရမယ့် အချက်အလက်တွေကို စုစည်းဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။  

Food Safety  ပိုင်း တင်းကျပ်တဲ့ ဥရောပဈေးကွက်
        ဥရောပဟာ အစားအစာဘေးကင်းလုံခြုံမှုအပိုင်းကို အထူးအလေးထားတာနဲ့အညီ လတ်ဆတ်တဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ (Fresh Agricultural Products) အတွက် ဥပဒေပိုင်း ဆိုင်ရာနဲ့ ဝယ်ယူမှုဆိုင်ရာ လိုအ ပ်ချက် အမျိုးမျိုးနဲ့ကိုင်တွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပဈေးကွက်သို့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပို့မယ်ဆိုရင် ဥရောပသမဂ္ဂက သတ် မှတ်ထားတဲ့ Legal နဲ့ Non-Legal Requirements ေ တွကို ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပေးရပါမယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံမှ တင်ပို့သူတွေအနေနဲ့ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေကို အော်ဂဲနစ်ထုတ်လုပ်မှုနည်းလမ်းများနဲ့ ထုတ်လုပ်ပြီး သတ်မှတ်ထား တဲ့ အရည်အသွေး၊ စံချိန်စံညွှန်းနဲ့  ဈေးကွက်လိုအပ်ချက်တွေကိုကိုက်ညီအောင် တင်ပို့နိုင်မယ်ဆိုရင် ပုံမှန်ဈေးကွက်နဲ့မတူတဲ့  Niche Market တစ်ခုကို ခွဲထွက်တင်ပို့ခွင့်ရရှိမယ့် ဈေးကွက်အခွင့်အရေး တွေလည်းရှိနေတာဖြစ် ပါတယ်။

ပိုးသတ်ဆေးအသုံးပြုမှုကန့်သတ်ချက်
       ဥရောပသမဂ္ဂမှာဆိုရင် စားသောက်ကုန် တွေမှာ ပိုးသတ်ဆေး အသုံးပြုမှုနဲ့ပတ်သက်တဲ့ အမြင့်ဆုံးဓာတ်ကြွင်းပါဝင်မှုအဆင့် (Maximum  Residue Levels-MRLs) ကိုလည်း သတ်မှတ်ထားပါတယ်။ ဥရောပဈေးကွက် ကို ဝင်ချင်ရင်တော့ ရောဂါကူးစက်နိုင်တဲ့ အဏုဇီ၀ ပစ္စည်းဆိုင်ရာ မသန့်ရှင်းမှု ကာကွယ်ခြင်းနဲ့တင်းကျပ်တဲ့ MRLs တွေ ကို ကိုက်ညီအောင် ဆောင်ရွက်ပေးဖို့ဟာ မဖြစ်မနေ လိုအပ်တဲ့ ကြိုတင်ဖြည့်ဆည်းပေးရမှု ဖြစ်လာပါတ ယ်။ တရားမဝင်တဲ့ ပိုးသတ်ဆေး (သို့မဟုတ်) ခွင့်ပြုပမာဏထက် ပိုသုံးထားတဲ့ ပိုးသတ်ဆေးပမာဏ ပါဝင်တယ်ဆိုရင်တော့ အဆိုပါ ကုန်စည်မျိုးဟာ ဥရောပဈေးကွက်ကနေ ဖယ်ရှားခံရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပိုပြီး သတိ ထားရမယ့် အချက်တစ်ချက်ကတော့ အီးယူဟာ Member States ဖြစ်တာနဲ့အညီ အချို့အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝယ်ယူသူ(Buyers)တွေဟာ အီးယူကချမှတ်ထားတဲ့ စည်းမျဉ်းတွေထက် ပိုတင်းကျပ်တဲ့ MRLs တွေကို အသုံးပြုနိုင် တဲ့အချက် ဖြစ်ပါတယ်။ စူပါမားကတ်အများစုဟာ ပိုးသတ်ဆေးအသုံးပြုမှုနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေထက် ပိုမိုတင်းကျပ်တဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင်စံချိန်စံညွှန်း(Codes of Practices) တွေ သတ်မှတ်ထားပါတယ်။ မိမိရဲ့ထုတ်ကုန်နဲ့ သက်ဆိုင်တဲ့ Maximum Residue Levels-MRLs တွေကို သိရှိနိုင်ဖို့အတွက်ကတော့ ec.europa.eu/food/plant/pesticides/eu-pesticides-database/ မှာ ဝင်ရောက်ကြ ည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 

အီးယူသို့ တင်သွင်းသည့် စားသောက်ကုန်အတွက် ထိန်းချုပ်မှု
        အစားအစာဘေးကင်းလုံခြုံမှုနဲ့သဘာ၀ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ရှောင်ရှားနိုင်ရန်အတွက် အချို့သော ဓာတုပစ္စည်းတွေရဲ့ အသုံးပြုမှုကို အမျိုးမျိုးသော လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေနဲ့အီးယူက ကန့်သ တ်ထားပါတယ်။ ဒါကြောင့် မိမိတင်ပို့တဲ့ ပို့ကုန်ဟာ အီးယူရဲ့တရာ ဝင်ထိန်းချုပ်မှု (Official Controls) ကို မဖြစ်မနေ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အီးယူသို့ တင်သွင်းလာတဲ့ စားသောက်ကုန်အားလုံးကို ဘေးကင်း လုံခြုံမှု ရည် ရွယ်ချက်နဲ့ အဆိုပါ ထိန်းချုပ်မှုကိုဆောင်ရွက်တာပဲဖြစ်ပါတယ်။ ထိန်းချုပ်မှုအတွက် စစ်ဆေးဆောင်ရွက်တဲ့ နည်းလမ်းတွေကတော့ (၁) စာရွက်စာတမ်း အထောက်အထားစစ်ဆေးမှု (Documentary Checks)၊ (၂) သက်သေခံ ချက်စစ်ဆေးမှု (Identity Checks)၊ (၃)ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု (Physical Checks)တို့ပဲ ဖြစ်ကြပါတယ်။ အကယ်၍ နိုင်ငံတစ်နိုင်ငံကနေ အီးယူဈေးကွက်ရဲ့သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုမရှိတဲ့ကုန်စည်တစ်ခုခုကို ထပ်ပြန် တလဲလဲ တင်သွင်းခဲ့တာမျိုး တွေ့ရှိခဲ့ရင်တော့ အီးယူကနေ ပိုပြီးတင်းကျပ်တဲ့ သတ်မှတ်ချက်တွေ တိုးမြှင့်ပြဋ္ဌာန်းနိုင်သလို အရေးပေါ် စီမံဆောင်ရွက်မှုများ (Emergency Measures) တွေနဲ့လည်း ချမှတ်ဆောင်ရွက်နိုင်ပါတယ်။
ဥရောပဈေးကွက်သို့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် တင်သွင်းမှုအတွက်ထုတ်ကုန်ခြေရာခံမှု (Traceability of Products) ကို မဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါကိုဆောင်ရွက်ဖို့အတွက် တင်ပို့သူဟာ တစ်ဖက်က ဝယ် ယူသူထံကနေ ပင်ရင်းဒေသ သက်သေခံချက် (Proof of the Origin)၊ Bill of Loading၊ Phytosanitary Certificate၊ Packing List eJYCustom Documents တွေကို ရယူဖို့လိုအပ်မှာ ဖြစ်ပါတယ်။

ဈေးကွက်ဆိုင်ရာ စံချိန်စံညွှန်း (Marketing Standards)
         အီးယူရဲ့စည်းမျဉ်းဥပဒေသတွေမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အားလုံးအတွက် အနိမ့်ဆုံး ရင့်မှည့်မှုလိုအပ်ချက်နဲ့ အနိမ့်ဆုံး အရည်အသွေးတို့ကို ယေဘုယျနဲ့ သီးခြားဈေးကွက်ဆိုင် ရာစံနှုန်းများ (General and Specific Marketing Standards) အဖြစ် သတ်မှတ်ထားပါတယ်။ ပန်းသီး၊ အချဉ်ဓာတ်ပါဝင်သော အသီးများ (Citrus Fruit)၊ ကီဝီသီး၊ ဆလတ်ရွက်၊ မက်မွန်သီးကဲ့သို့သော အသီးများ (Peaches and Nectarines)၊ သ စ်တော်သီး၊ စတော်ဘယ်ရီသီး၊ ငရုတ်ပွ၊ စပျစ်သီးနဲ့ခရမ်းချဉ်သီးတို့အတွက် Specific Marketing Standards (MS)တွေ သတ်မှတ်ထားပါတယ်။ အဆိုပါကုန်စည် တင်ပို့မှုရဲ့Consignment တစ်ခုချင်းစီအတွက် ကိုက်ညီမှု   သက်သေခံချက် (Certificate of Conformity) တွေ ပူးတွဲပါရှိရမှာ ဖြစ်ပါတယ်။ Certificate of Conformity လက်မှတ်နမူနာကို အီးယူရဲ့Regulation No. 543/2011 Annex III, page 115 မှာ ရယူနိုင်ပါတယ်။ Spe cific Standards မှာ အကျုံးမဝင်တဲ့ Fresh Products တွေအတွက်ကိုတော့ General Marketing Standards- GMS(သို့မဟုတ်) Applicable UNECE Standard နဲ့ကိုက်ညီရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Operators တွေအနေနဲ့ ဘယ်စံချိန်စံညွှန်းကို အသုံးပြုမလဲဆိုတာကို လွတ်လပ်စွာရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။ ဆင့်တက်ပြုပြင်မှုပြုလုပ်ဖို့အတွက်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကိုတော့ အီးယူရဲ့ဈေးကွက်ဆိုင်ရာ စံချိန်စံညွှန်းများ (M S) နဲ့ ကိုက်ညီရန် မလိုအပ်ပါဘူး။  ဒါပေမဲ့ ထုပ်ပိုးမှုအပေါ်မှာ“Intended for Processing”(သို့မဟုတ်) အလားတူအဓိပ္ပာယ်ရတဲ့ စာသားကို ရှင်းလင်းစွာ ဖော်ပြပေးရန် လိုအပ်ပါတယ်။ မိမိတင်ပို့မယ့်ကုန်ပစ္စည်းဟာ ဘယ်စံချိ န် စံညွှန်းတွေနဲ့ကိုက်ညီဖို့လိုအပ်တယ်။ ဘယ်လိုစာရွက်စာတမ်းအထောက်အထားတွေ လိုအပ်တယ်ဆိုတာကို EU Export Helpdesk ရဲ့ Chapter 7 (or) 8 တို့မှာပါတဲ့ product codes တွေမှာ ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါ တယ်။ Food and Agriculture Organization (FAO) က ထုတ်ပြန်တဲ့ လတ်ဆတ်သော သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များအတွက် ဈေးကွက်စံချိန်စံညွှန်းများဆိုင်ရာ Codex Alimentarius မှာလည်း စစ်ဆေးနိုင် ပါတယ်။

တံဆိပ်ကပ်ခြင်းနှင့် ထုပ်ပိုးမှုဆိုင်ရာ သတ်မှတ် ချက်များ
       အီးယူသို့  တင်သွင်းလာမယ့် စားသောက်ကုန်တွေဟာ  စားသောက်ကုန်အတွက် တံဆိပ်ကပ်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ကိုက်ညီဖို့ လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေထည့်ထားတဲ့ Cartons တွေမှာဆိုရင် အောက်ပါအချက်တွေကို ဖော်ပြပေးရမှာဖြစ်ပါ တယ်-
* ထုပ်ပိုးသူနဲ့ပေးပို့သူ(Dispatchers)ရဲ့ အမည်နှင့်  လိပ်စာ
* ထုတ်ကုန်ရဲ့အမည် (ထုပ်ပိုးမှုအပြင်မှ မမြင် တွေ့နိုင်ပါက)
* ပင်ရင်းနိုင်ငံ
* အမျိုးအစားနှင့် အရွယ်အစား (ဈေးကွက် စံချိန်စံညွှန်း များအရ)
* ခြေရာခံမှုဆိုင်ရာ lot number
           ဒါ့အပြင်ဥရောပသမဂ္ဂမှာ ဈေးကွက်တင်ရောင်းချတဲ့ ကုန်စည်အားလုံးနဲ့ သက်ဆိုင်တဲ့ ထုပ်ပိုးမှု(Packaging) နဲ့တာဝန်ရှိမှု (liability) တို့အတွက် အီးယူဟာ Non-Product Specific Legislation တွေကိုပါ ပြဋ္ဌာန်း ထားတာ ဖြစ်ပါ တယ်။ ဒါကြောင့် ပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတင်ပို့မယ့် ကုန်ပစ္စည်းကို ထုပ်ပိုးတဲ့အခါ မဖြစ် မနေပါဝင်ရမယ့် သတင်းအချက်အလက်များ အားလုံးကို ဖော်ပြထားခြင်းရှိ/မရှိ သေချာစွာ စိစစ်ဖို့လိုပြီး သွင်းကုန်လုပ်ငန်းရှင်ရဲ့ အမှတ် တံဆိပ် (logos of importers) စတဲ့ အခြား အသုံး ဝင်မယ့် သတင်းအချက်အလက်တွေကိုလည်း ထုပ်ပိုးမှုမှာ ထည့်သွင်းဖို့ စဉ်းစားသင့်ပါတယ်။

ဆက်လက်ဖော်ပြပါမည်

 

ကျော်စိန်ဝင်း (ပြည်တွင်း / ပြည်ပ)