Main menu

Background

ယခုနှစ် (၇)လအတွင်း ဆန်၊ ဆန်ကွဲ တင်ပို့မှု တန်ချိန် ၁ ဒသမ ၈၆ သန်းကျော်တင်ပို့ပြီး စံချိန်သစ်တင်

Thu, 11/16/2017 - 14:45 -- journal_editor

    မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံ ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လယ်ယာ ထွက်ကုန်များ ဈေးကွက်ထိုးဖောက်နိုင်ရေးအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ေ ရး  ဝန်ကြီး ဌာနမှ အလေးထားဆောင်ရွက်လျက်ရှိပါတယ်။၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ဆန် တင်ပို့နိုင်မှုဟာ  အမေရိကန်ဒေါ်လာ ၅၅၈ ဒသမ ၁၄၃ သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၈၆ သန်း တင်ပို့နိုင်ခဲ့ပြီး ကာလတူ ဆန်တင်ပို့မှုကို နှိုင်းယှဉ်ပါက ၂၀၁၆ ခုနှစ်က တန်ချိန် သုည ဒသမ ၆၁၂ သန်း  တင်ပို့ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ ဆန်တန်ချိန် ၁ ဒသမ ၂၅ သန်း  ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဒါဟာ  မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် (၇)လ တာကာလအတွင်းမှာ  ပမာဏအများဆုံး တင်ပို့ နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
  မြန်မာနိုင်ငံရဲ့ အဓိကထွက်ကုန်ပစ္စည်း များစွာရှိသည့်အနက်   မြန်မာ့ဆန်ဟာ တစ်ချိန်တစ်ခါက  ကမ္ဘာ့ဈေးကွက်မှာ  နေရာရခဲ့ပြီး ဖြစ် ပါတယ်။  ဒါကြောင့်  သတင်းကျော်စော၍ ကမ္ဘာ သိခဲ့တဲ့ မြန်မာ့ဆန်ကို အဓိကဦးစားပေး စိုက်ပျိုးပြီး ကမ္ဘာ့ဈေးကွက်မှာ  ပြန်လည်ထိုးဖောက်နိုင်မယ် ဆိုပါက လယ်ယာကဏ္ဍဟာ တစ်ခေတ်ဆန်းသစ် လာနိုင်သလို နိုင်ငံရဲ့ အဓိက လူဦးရေအဖြစ်ရှိနေတဲ့ တောင်သူလယ်သမားတွေအဖို့ မြေကြီးက ရွှေသီး လာမှာလည်း အမှန်ပင်ဖြစ်ပါတယ်။
    နိုင်ငံ့စီးပွားရေးကို   ဦးမော့လာစေရေးမှာ ပို့ကုန်ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်မှုဟာ အလွန်အရေး ပါတဲ့အတွက် ဈေးကွက်ရရှိရန် တစ်ဖက်က ကြိုး ပမ်းနေသော်လည်း အဆင့်မီသော ပို့ကုန်များထုတ် လုပ်စိုက်ပျိုးနိုင်ရေးဟာလည်း အရေးကြီးလှပါ တယ်။ ကမ္ဘာ့ဈေးကွက်အလယ်မှာ မျက်နှာပန်း လှလှ ရောင်းအားတက်ဖို့  အရေးဟာ  ကုန်ပစ္စည်း ရဲ့အရည်အသွေးနဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိတယ် ဆိုတာ အလေးမူသင့်လှပါတယ်။
      နိုင်ငံတကာ   ဆန်စိုက်ပျိုးထုတ်လုပ်မှုကFAO (Food and Agriculture Organization of the United Nations)  ရဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လ  ထုတ်ပြန်မှုကို ဆန်းစစ်ကြည့်ပါက  အာရှဒေသရဲ့  ဆန်စိုက်ပျိုးထုတ်လုပ်နိုင်မှုဟာ ၂၀၁၆ ခုနှစ်က ထက် ၂၀၁၇ ခုနှစ်မှာ သုည  ဒသမ ၇ ရာခိုင်နှုန်း ပိုမိုတိုးတက်လာပြီး    အိန္ဒိယ၊   အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ အဓိကဦးစားပေး  စိုက်ပျိုးကြသလို ကမ္ဘောဒီးယား၊  တရုတ်၊ အီရတ်၊ အီရန်၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ တူရကီတို့မှာလည်း  ပိုမိုစိုက်ပျိုးလာနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါ့ပြင် ၂၀၁၆ ခုနှစ်အတွက် ဆန်စိုက်ပျိုးထုတ်လုပ်မှုမှာ အာဖရိကဟာ အကောင်းဆုံးဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
နိုင်ငံတကာ ဆန်ဈေးကွက်အပေါ် ၤဗဥ က သုံးသပ်ခဲ့ရာမှာ     ၂၀၁၇   ခုနှစ်မှာ   အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်တို့ဟာ ဆန်အများအပြား တင်ပို့ရောင်းချလာပြီး   မြန်မာနှင့်   တရုတ်တို့မှ လည်း ဆန်အများအပြား တင်ပို့ရောင်းချလာနိုင် ကြောင်း ဖော်ပြခဲ့ပါတယ်။  ဒါ့အပြင် ဘရာဇီး နဲ့ မြန်မာနိုင်ငံမှ ဆန်တွေဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ စိတ်ဝင်စားမှု  ရရှိလာကြောင်းကို ၂၀၁၇-၂၀၁၈  ခုနှစ်အတွက်  ၤဗဥ ရဲ့  ဖော်ပြချက်အရ မြန်မာ နိုင်ငံအနေနဲ့   ဆန်ပိုမိုတင်ပို့ရောင်းချနိုင်ရေးမှာ  အလားအလာများစွာရှိနေတာကို သိရှိနိုင်ပါတယ်။
     လက်ရှိမြန်မာနိုင်ငံအနေနဲ့   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဦးဆောင် ပြီး ဆန်နှင့် လယ်ယာထွက်သီးနှံများ ပိုမိုတင်ပို့  ရောင်းချနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်နေတာကြောင့် ဆန်တင်ပို့ရောင်းချမှု ဟာလည်း ယခင်ကထက်ပိုမိုများပြားလာခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ  ဆန်၊ ဆန်ကွဲ တင်ပို့မှုဟာ ပင်လယ်ရေကြောင်းမှ ၆၉၁၁၃၉ ဒသမ ၁၈ တန်၊ နယ်စပ်မှ ၁၀၅၉၄၂၂ ဒသမ ၃၅ တန်ရှိ ပြီး  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆန်၊ ဆန်ကွဲ တင်ပို့မှုဟာ ပင်လယ်ရေကြောင်းမှ  ၉၈၈၃၈၉ ဒသမ ၅၄၅ တန်၊ နယ်စပ်မှ ၈၇၃၂၂၀ ဒသမ ၃၅၂ တန် တင်ပို့နိုင်ခဲ့တာကြောင့် ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ဆန်၊ ဆန်ကွဲ တင်ပု့ိမှုအနေနဲ့ ပင်လယ်ရေကြောင်းမှတင်ပို့မှု  ပိုမိုတိုးတက်လာပြီး နယ်စပ်မှတင်ပို့မှု လျော့နည်းသွားတာကိုလည်း တွေ့ရှိရပါတယ်။ ဒါ့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှာ အမေရိကန်ဒေါ်လာ ၅၅၃ ဒသမ ၉၆၁ သန်း  တန်ဖိုးရှိ ဆန်၊ ဆန်ကွဲ  တန်ချိန် ၁၇၅၀၅၆၁  ဒသမ ၅၃ တန်ကို  ၅၄ နိုင်ငံသို့   တင်ပို့ နိုင်ခဲ့ပြီး   ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၅၅၈ ဒသမ ၁၄၃ သန်း တန် ဖိုးရှိ ဆန်၊ ဆန်ကွဲ  တန်ချိန် ၁၈၆၁၆၀၉ ဒသမ ၈၉၇ တန်ကို ၇၈ နိုင်ငံသို့ တင်ပို့နိုင်ခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံ  အများအပြားမှ မြန်မာ့ဆန်ကို ပိုမို စိတ်ဝင်စားလာကြောင်းနဲ့ ဈေးကွက်ပိုမိုရရှိလာ တာကိုလည်း တွေ့ရှိရပါတယ်။
ပင်လယ်ရေကြောင်းမှ  ဆန်တင်ပို့ရာမှာ ဆန်ဖြူ ၅မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ မှ ၄၂၀ ကြား၊  ဆန်ဖြူ  ၁၀ မှတ်   တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ မှ ၃၈၅ ကြား၊ ဆန်ဖြူ ၂၅ မှတ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၃၃၅ ကြားရရှိပြီး နယ်စပ်မှတင်ပို့ရာမှာ ဆန်ဖြူ  ၅ မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ မှ ၄၂၀ ကြား၊  ဆန်ဖြူ ၁၀ မှတ်တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၁၀မှ ၄၁၅ ကြား၊ ဆန်ဖြူ ၂၅မှတ် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၀ မှ ၃၅၅ ကြား  ရရှိကြောင်း သိရပါတယ်။ နယ်စပ်မှ ဆန် တင်ပို့ရာတွင် ဆန်တစ်တန်ကို သယ်ယူစရိတ်၊ ကုန်တင်ကုန်ချစရိတ်နှင့် အထွေထွေစရိတ်   စုစု ပေါင်း  ကုန်ကျစရိတ် ၄၈၈၄၂၅ ကျပ်ခန့် ကုန်ကျ ကြောင်းကိုလည်း သိရပါတယ်။ သယ်ယူခကုန်ကျ စရိတ်တွေဟာ ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ကိုင် ဆောင်ရွက်နေတဲ့ သယ်ယူပို့ ဆောင်မှုလုပ်ငန်းတွေ ဆီကိုသာ စီးဝင်ခြင်းဖြစ်တဲ့အတွက် တစ်ဖက်တစ် လမ်းမှ ဆက်စပ်အကျိုးပြုနေခြင်းပင်ဖြစ်ပြီး နိုင်ငံ သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်လာစေပါတယ်။
ထိုင်း၊   ဗီယက်နမ်နဲ့   ကမ္ဘောဒီးယားနိုင်ငံ များမှ အရည်အသွေးမြင့်ဆန်တွေဟာ ပြိုင်ဆိုင်မှု မြင့်မားစွာနဲ့ ဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်ရေး ဆောင်ရွက်နေချိန်မှာ အရည်အသွေး အလယ် အလတ်မျှသာရှိတဲ့ မြန်မာ့ဆန်အတွက် ဈေးကွက် နည်းပါးလှပါတယ်။ ကမ္ဘာ့ဘဏ်က  ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ မြန်မာ့ဆန်ဟာ အရည်အသွေးပိုင်း နိမ့်ကျပြီး အထွက်နှုန်းနည်းပါးတဲ့အပြင် ကြိတ် ခွဲမှုအပိုင်းမှာလည်း     အလေအလွင့်များရှိလို့ အရည်အသွေးကျဆင်းမှုများ  တွေ့ရှိရပြီး၊ ပို့ကုန် တင်ပို့မှုအပိုင်းမှာလည်း  အထူးသဖြင့်  မိုးရာသီ ကာလမှာ ကုန်တင်ကုန်ချ ဆိပ်ကမ်းများပြည့်ကျပ် မှု၊ ကုန်ကျ စရိတ်များပြားမှုတို့ကြောင့် ဆန်တင်ပို့ ရာတွင် အခက်အခဲဖြစ်ပေါ်စေကြောင်း ဖော်ပြ ထားပေမယ့်   နောင်မဝေးလှတဲ့ကာလများမှာ မြန်မာ့ဆန်ဟာ ဈေးကွက်မှာ ပြန်လည်ထိုးဖောက် လာနိုင်ကြောင်းကို ဖော်ပြခဲ့ပါတယ်။
လက်ရှိကာလ မြန်မာ့စီးပွားရေး ဈေးကွက် မှာ  အိန္ဒိယမှ  ပဲတင်ပို့မှုကို  ကန့်သတ်လိုက်တဲ့ အတွက် ပဲတင်ပို့ရာတွင် အခက်အခဲများ ကြုံတွေ့ နေရတာကြောင့် ဈေးကွက်ဝင်တဲ့   ပဲအစားထိုးသီးနှံ တွေကို စိုက်ပျိုးရမှာဖြစ်ပြီး ဈေးကွက်ရရှိနေပြီး ဖြစ်တဲ့  စပါးကို  တိုးချဲ့စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ နွေစပါးစိုက်ပျိုးလျှင်   တစ်ဧကအထွက်နှုန်း တင်း ၈၀ မှ ၁၀၀ ကြား ထွက်ရှိနိုင်ပြီး ဈေးနှုန်းမှာ ပျမ်းမျှ ကျပ် ၄၀၀၀၀၀-၄၅၀၀၀၀ ကျပ်ခန့် ရရှိနိုင်တာ ကြောင့် တောင်သူလယ်သမားတွေအတွက် အခွင့် အရေးတစ်ခု  ဖြစ်လာနိုင်သဖြင့်  လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရေပေးေ၀ နိုင်တဲ့ဒေသတွေမှာ နွေစပါးစိုက်ပျိုးနိုင်ရေး ဦးစား ပေးဆောင်ရွက်ေ နကြောင်းကိုလည်း သိရှိရပါ တယ်။  
    သို့သော်လည်း   နိုင်ငံတကာဈေးကွက်မှာ   ယှဉ်ပြိုင်ထိုးဖောက်နိုင်ဖို့အတွက်    မျိုးကောင်း မျိုးသန့် စိုက်ပျိုးခြင်း၊ အရည်အသွေးထိန်းချုပ်ခြင်း၊ စိုက်ပျိုး ရိတ်သိမ်းခြင်းနှင့် အရည်အသွေးမီ ကြိတ် ခွဲခြင်း၊  ထုပ်ပိုးတင်ပို့မှု ဆောင်ရွက်သည့်အဆင့် အထိ အဆင့်မီနည်းပညာများအသုံးပြုပြီး စိုက်ပျိုး တင်ပို့မှသာ   နာမည်ကောင်းရရှိနိုင်မှာကိုလည်း သတိချပ်သင့်ပါတယ်။  
    ဒါ့ကြောင့် ဆန်စပါးစိုက်ပျိုးရေးနှင့် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်နှင့် တောင်သူလယ် သမားများအားလုံး တက်ညီလက်ညီ  ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ဆန်ဟာ ရွှေခေတ်ကို ပြန်လည်ရောက်ရှိလာနိုင်မယ်ဆိုတာ ယုံကြည်ရင်း  ဆန်စပါးစိုက်ပျိုးတင်ပို့မှုကို အားပေးကူညီကြရန် တိုက်တွန်းတင်ပြလိုက်ပါတယ်။
 
ကြည်သာသစ်နိုင်