Main menu

Background

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းအတွက် လွယ်ကူမှု

Mon, 12/11/2017 - 14:42 -- journal_editor

         မည်သည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းမဆို စီးပွားရေးလုပ်ကိုင်ရာတွင် နိုင်ငံမှချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာရုံသာမက အစိုးရဌာနများဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်ကြရပါသည်။ ယင်းသို့ချိတ်ဆက်ဆော င်ရွက်ကြရာတွင် လွယ်ကူလျင်မြန်စွာဖြင့် ဆောင် ရွက်နိုင်မှသာ အချိန်ကုန်ငွေပန်းမဖြစ်ဘဲ မိမိတို့လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ စီးပွားရေးတွင် အချိန်သည် အရေးအပါဆုံးကိစ္စတစ်ခုဖြစ်ပါသည်။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအောင်မြင်မှသာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ လုပ်ငန်းလုပ်ဆောင်ရာတွင် လွယ်ကူလျင်မြန်မှုရှိမရှိကိုလေ့လာ ဆန်းစစ်မှုများ ပြုလုပ် လလာကြပါသည်။ ယင်းသို့လေ့လာရာတွင် ကမ္ဘာ့ဘဏ်မှ ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၀ ၏ စီးပွားရေးလုပ်ငန်းများအတွက် လွယ်ကူ လျင် မြန်အောင် ဆောင်ရွက်ပေးနိုင်မှု အတိုင်းအတာကို နှစ်စဉ်လေ့လာ ဆန်းစစ်ပြီး ထုတ်ပြန်ကြေ ညာလေ့ရှိပါသည်။ ယင်းကို Ease of Doing Business ဟုခေါ်ပါသည်။ Ease of Doing Business ကို ရှေးဦးစွာရှင်းပြချင်ပါသည်။ တိုက်ရိုက်ဘာသာပြန်ရလျှင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်းအတွက် လွယ်ကူမှုဟု ပြန်ဆိုရ မည်ဖြစ်ပါသည်။ မည့်သည့်စီးပွားရေးမဆို အစိုးရဌာနများနှင့် ဆက်ဆံလုပ်ကိုင်နေရသည်သာဖြစ်ပါသည်။ ထိုသို့အစိုးရဌာနများနှင့် လုပ်ကိုင်ရသည့် လုပ်ငန်းရှင်များကို မေးလျှင် လုပ်ငန်းများ ကြန့်ကြာသည်၊ ကုန်ကျ စရိတ်များ သည်၊ ရစ်သည် စသဖြင့်ပြောကြသည်များကို ကြုံဖူးကြပါ လိမ့်မည်။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တော်လှန် ရေးကောင်စီတက်လာချိန် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည်ဟု ပြောနိုင် ပါသည်။ ထိုအချိန်က ခေတ်ရေ စီးဖြစ်သော ဆိုရှယ်လစ်စနစ်သည် အလယ်အလတ်ဝါဒတစ်ရပ်အဖြစ် နိုင်ငံအတော်များများတွင် ခေတ်စားပြီး နိုင်ငံတော်၏စီးပွားရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ စားဝတ်နေရေးကို နိုင်ငံတော်က တာဝန်ယူသည့် စနစ်တစ်ရ ပ်ဖြစ်ပါသည်။ သို့ဖြစ်၍ ဆိုရှယ်လစ်စီးပွားရေးစနစ်တွင် အသေးစား စီးပွားရေးလုပ်ငန်းများကိုသာ ပုဂ္ဂလိကပိုင်အဖြစ်ရှိစေပြီး အကြီးစား စက်မှုလက်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ ပြည်ပတင်ပို့ခြင်းလုပ်ငန်းများကို နိုင်ငံတော်မှသာပိုင်ဆိုင်ပြီး ပြည်သူတို့၏ စားဝတ်နေရေးအတွက် လိုအပ်ချက်များကို သက်သာသောနှုန်းထားများဖြင့် ရောင်းချနိုင်စေရန် အစိုးရက ဆောင်ရွက်ပေးခဲ့ပါသည်။ သို့ရာတွင် လူတစ်ဦး ချင်းသော်လည်းကောင်း၊ လူတစ်စုဖြင့်သော်လည်းကောင်း ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများကို အသေးစားလုပ်ငန်း၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများအဖြစ်သာ လက်လီရောင်းဝယ်သည့် အဆင့်၊ အိမ်တွင်းထုတ်လုပ်မှုအဆင့်ဖြင့်သာရှိစေပြီး တော်လှန်ရေး ကောင်စီအစိုးရ တက်လာသည့်အခါ  ကုမ္ပဏီများကို ပြည်သူပိုင်သိမ်း ကာလုပ်ငန်းအလတ်နှင့် လုပ်ငန်းကြီးများအားလုံးကို ပြည်သူပိုင် လုပ်ငန်းများအဖြစ်သာရှိစေခဲ့ပါသည်။ ယင်းစနစ်သည် ၁၉၈၈ ခုနှစ် တွင် ပြိုပျက်ခဲ့ပြီး တပ်မတော်အစိုးရက အုပ်ချုပ်ခဲ့ပါသည်။ တပ်မ တော်အစိုးရအနေဖြင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြင့် ဆက်လက် မသွားဘဲ ဈေးကွက်စီးပွားရေးစနစ်ဖြင့်သွားမည်ဟု စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ သို့ရာတွင် နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီမပေးမှုများ နှင့် ရင်ဆိုင်ခဲ့ရသဖြင့် နယ်စပ်ကုန်သွယ်မှုနှင့် တစ်ဆင့်ခံ ကုန်သွယ်မှု များကို အားထားကာ ဈေးကွက်စီးပွားရေးစနစ်ကို ကောင်းစွာ အကောင်အထည် မဖော်နိုင်ခဲ့ပါ။ တပ်မတော်အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်တင်မြှောက်ပွဲကျင်းပကာ ဒီမိုကရေစီနည်းဖြင့် အုပ်ချုပ် မည့် အစိုးရတစ်ရပ်ကို တင်မြှောက်ပေးခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ဈေးကွက်စီးပွားရေးစနစ် ကောင်းမွန်စွာတည်ဆောက်နိုင်စေရန်အတွက် ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ လုပ်ထုံးလုပ်နည်းများပြင်ဆင်ခြင်း၊ အစိုးရဝန်ကြီး ဌာနများအတွင်း ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ဆောင်ရွက်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ စေရန် ဥပဒေပြဋ္ဌာန်းခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ရာတွင် အစိုးရပိုင်လုပ်ငန်း များကိုေ လျှာ့ချကာ ပုဂ္ဂလိက ပိုင်စီးပွားရေးလုပ်ငန်းများ ထွန်းကားလာစေရန်အားပေးခဲ့ပြီး အစိုးရ ဌာနများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် ကြိုးနီ စနစ်များကိုလည်း လျှော့ချခဲ့ပါသည်။ တစ်ဖက်မှလည်းနို င်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့ဘဏ်အုပ်စု World Bank Group (International Finance Corporation-IFC) ၏ နည်းပညာ အကူအညီ ၊ The Department for International Development -DFID (UK) ၊ Department of Foreign Affairs and Trade -DFAT (Australia) တို့၏ အထောက်အပံ့ဖြင့် ကမ္ဘာ့ဘဏ်မှ နိုင်ငံများကို နှစ်စဉ်လေ့လာသည့် စစ်တမ်းကို ဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ်တွင် လမ်းဖွင့်ပေးခဲ့ပါသည်။ အဆိုပါ အဖွဲ့၏တိုင်းတာသည့် စံနှုန်းများဖြင့် တိုင်းတာချက်အရ မြန်မာနိုင်ငံ၏အဆင့်မှာ ထိုစဉ်က နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် အဆင့် ၁၈၂ အဖြစ် အောက်ဆုံးနီးနီးတွင်ရှိ ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ဤနေရာတွင် World Bank Group တိုင်းတာသည့် အညွှန်းကိန်း Indicator၊ အဆင့်သတ်မှတ်ပုံ၊ အမှတ် ပေးပုံ၊ မည်သည့်နေရာတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလုပ်ကိုင်လွယ်ကူမှု အခြေအနေကို စစ်တမ်းကောက်ပုံ၊ မေးမြန်းသည့်နည်းလမ်းများ စသဖြင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းပြရန်လိုအပ်လာပါ သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ အခြေအနေကို ဖော်ပြလိုပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ခြင်းအတွက် လွယ်ကူမှုအဆင့်
            မြန်မာနိုင်ငံသည် အထက်တွင်ဖော်ပြသကဲ့သို့ World Bank Group ( International Finance Corporation) ၏ အကူအညီဖြင့် နိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လွယ်ကူမှု အခြေအနေ တိုင်းတာသည့် စံနှုန်းနယ်ပယ်နှင့် အဆင့်အခြေအနေများကို ၂၀၁၄ ခုနှစ်တွင် တိုင်းတာပါသည်။ ၂၀၁၄ ခုနှစ် အခြေအနေကို ယင်းနှစ် မတိုင်မီ ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ပါသည်။၂၀၁၄ ခုနှစ်၏ အဆင့်မှာ ၁၈၂ ဖြစ်ကြောင်း ဖော်ပြ ခဲ့ပါသည်။ တိုင်းတာသည့် အညွှန်းကိန်းကို နယ်ပယ် ၁၀ မျိုးဖြင့် တိုင်းတာကြောင်း သိရပါ သည်။ အမှတ်ပေးစနစ်ဖြင့် တိုင်းတာပါသည်။၂၀၁၇ ခုနှစ်တွင် အဆင့်မှာ ၁၇၀ ဖြစ်ပြီး ယင်းအဆင့်ကို ၂၀၁၆ သြဂုတ်လတွင် ကြေညာ ခဲ့ခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ နှစ်တစ်နှစ်၏ အခြေအနေ ကို ပြက္ခဒိန်နှစ်အစ မတိုင်မီ လေးလခန့်ကြိုတင်ကြေညာခြင်း ဖြစ်ပါ သည်။၂၀၁၇ ခုနှစ်၏ အဆင့်မှာ ၁၇၀ ဖြစ်သဖြင့် ၂၀၁၄ ထက် ၁၂ ဆင့်တက်လာသည့် အခြေ အနေ ဖြစ်ပါသည်။သို့သော် ၂၀၁၈ခုနှစ် တွင် အဆင့် ၁၇၁ ဖြစ်ပြီး တစ်ဆင့်ပြန်လည်ကျဆင်းခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် အခြေအနေကိုဖော်ပြရာတွင် ဒေသကို အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံအဖြစ် ထည့် သွင်းပြီး နိုင်ငံချင်း နှိုင်းယှဉ်သည့် ဝင်ငွေအဆင့်ကို အလယ်အလတ်အဆင့် အောက်ပိုင်းအဖြစ် ဖော်ပြပါသည်။ လူဦးရေကို ၅၂၈၈၅၂၂၃ ဦး ဟုဖော်ပြထားပါသည်။ လူတစ်ဦး၏ဝင်ငွေ (GNI) ကို ၁၃၁၅ အမေ ရိကန်ဒေါ်လာဖြင့် ဖော်ပြထားပါသည်။ ရွေးချယ်ဆောင်ရွက်သည့် မြို့မှာ ရန်ကုန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှု အဆင့်အခြေအနေ
             အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်း နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကိုကြည့်လျှင် ဘင်္ဂလား ဒေ့ရှ်ကအဆင့် ၁၇၇၊ တရုတ်နိုင်ငံက အဆင့် ၇၈၊ အိန္ဒိယနိုင်ငံ ကအဆင့် ၁၀၀၊ လာ အိုနိုင်ငံက အဆင့် ၁၄၁၊ ထိုင်းနိုင်ငံကအဆင့် ၂၆ ဟုသတ်မှတ်ထားပါသည်။ အိမ်နီးချင်းငါးနိုင်ငံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်နိုင်ငံသာ မိမိတို့အောက်တွင်ရှိပြီး  အခြားလေးနိုင်ငံမှာ မိမိတို့အထက်တွင်ရှိ သည်ကိုတွေ့ရပါသည်။ အာဆီယံအဖွဲ့ဝင်ဖြစ်သော ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ကိုကြည့်လျှင် မိမိတို့နိုင်ငံထက် စီးပွားရေးလုပ်ငန်းရှင် များသည် စီးပွားရေးလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက် နိုင်ကြောင်း တွေ့နိုင်ပါသည်။

အာဆီယံနိုင်ငံများ၏ စီးပွားရေး လုပ်ကိုင်လွယ်ကူမှုအဆင့် အခြေအနေ
          လက်ရှိ ၂၀၁၈ ခုနှစ်အတွက် အာရှအရှေ့ပိုင်းနှင့် ပစိဖိတ် ဒေသအတွင်းအတူပါဝင်သည့် အာဆီယံနိုင်ငံများ၏ စီးပွားရေးလုပ် ကိုင်လွယ်ကူမှုအဆင့်ကို လေ့လာကြည့်လျှင် စင်္ကာပူနိုင်ငံသည် အဆင့် ၂၊ မလေးရှားနိုင်ငံ သည် အဆင့်၂၄၊ ထိုင်းနိုင်ငံသည် အဆင့် ၂၆၊ ဘရူနိုင်းနိုင်ငံသည် အဆင့် ၅၆၊ ဗီယက်နမ်နိုင်ငံသည် အဆင့် ၆၈၊ အင်ဒိုနီးရှားနိုင်ငံသည် အဆင့် ၇၂၊ ဖိလစ်ပိုင်နိုင်ငံသည် အဆင့် ၁၁၃၊ ကမ္ဘောဒီးယားနိုင်ငံသည် အဆင့် ၁၃၅၊ လာအိုနိုင်ငံ သည် အဆင့် ၁၄၁၊ မြန်မာနိုင်ငံသည် အဆင့် ၁၇၁ နှင့် တီမော လက်စ်လေနိုင်ငံသည် အဆင့် ၁၇၈တို့ဖြစ်ပါသည်။ အာဆီယံ ၁၁ နိုင်ငံတွင် တီမောလ်လက်စ်လေနိုင်ငံသာ မြန်မာနိုင်ငံထက် စီးပွားရေးလုပ်ကိုင်လွယ် ကူမှု အဆင့် အောက်တွင် ရှိပါသည်။ ဆိုလိုသည်မှာ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံထက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ခက်ခဲသော နိုင်ငံမှာ တီမောလ် လက်စ်လေနိုင်ငံတစ်နိုင်ငံသာရှိသည့်အခြေအနေ ဖြစ်ပါသည်။

အညွှန်းကိန်းသတ်မှတ်သည့် နယ်ပယ် Indicator များ
              ကမ္ဘာ့ဘဏ်က နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ တွင် လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်မှုရှိမရှိကို တိုင်းတာသည့် ညွှန်းကိန်းဟုခေါ်သည့်  Indicator များကို  သိရှိရန်လိုအပ်ပါသည်။ ထိုသို့သိရှိမှသာ အစိုးရဌာနများအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အတွက် လုပ်ငန်းများလုပ်ကိုင်ရာတွင်  မည်သို့လွယ်ကူလျင်မြန် အောင်ဆောင်ရွက်ပေးကြောင်း တိုင်းတာသည်ကို သိရှိနိုင်မည်ဖြစ်ပါ သည်။ အဓိကအားဖြင့် အစိုးရဌာနများက အသေးစားလုပ်ငန်းရှင်များ အတွက် မည်သို့အချိန်ကုန်သက်သာအောင် ဆောင်ရွက်ပေးသည်၊ မည်သို့ ကုန်ကျစရိတ် (တရားဝင်ကုန်ကျစရိတ်ကို ဆိုလိုပါသည်) သက်သာအောင် ဆောင်ရွက်ပေးသည်နှင့် လုပ်ငန်းကိစ္စတစ်ခု အတွက် အစိုးရဌာနတစ်ခုသို့လာရသည့်အကြိမ်မည်မျှရှိသည်၊ ဖြတ်သန်းရသည့် အဆင့် မည်မျှရှိသည်ကို တိုင်းတာခြင်းပင်ဖြစ်ပါသည်။ မြင်သာအောင်ပြောရလျှင် လုပ်ငန်းတစ်ခုအတွက် Time, cost and steps များကို ဆန်း စစ်ခြင်းဖြစ်ပါသည်။

 

မျိုးသူ (ကုန်သွယ်မြှင့်)