မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် လက်မှုအနုပညာပစ္စည်းများစွာထွန်းကားသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လက်မှုအနုပညာပစ္စည်းများပြုလုပ်ရာတွင် အခြေခံကုန်ကြမ်းဖြစ်သည့် သစ်၊ ဝါး၊ ကြိမ် စ သည်တို့လည်း လွယ်လင့်တကူရရှိနေသည်။ သို့သော် မြန်မာ့လက်မှုအနုပညာပစ္စည်းများမှာ ပြည်ပနိုင်ငံများသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ပြည်တွင်း၌ပင် နိုင်ငံခြားခရီးသွားဧည့်သည်များကို မျှော်ကိုးပြီး ရောင်းချနေရသည့် အနေအထားတွင်ရှိနေသည်။ မြန်မာနိုင်ငံကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည်လည်း လက်မှု အနု ပညာပစ္စည်း ထွန်းကားလျက်ရှိပြီး ၎င်းတို့ပြုလုပ်သည့် လက်မှုအနုပညာ ပစ္စည်းများကို အာရှနိုင်ငံများသာမက ဥရောပနှင့် မြောက်အမေရိက နိုင်ငံများသို့ပါ တင်ပို့ရောင်းချနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ လက်မှုအနုပညာပစ္စည်းများ၏ အနာဂတ်ကောင်းမွန်ရေးအတွက် ဗီယက် နမ်နိုင်ငံကို နမူနာယူနိုင်ရန် ဗီယက်နမ်နိုင်ငံ၏ လက်မှုထည် ပို့ကုန် ကဏ္ဍအကြောင်းကို လက်လှမ်းမီသလောက် လေ့လာရေးသား လိုက်ရပါသည်။
ဗီယက်နမ် လက်မှုထည် ပို့ကုန်
ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံ၏ ပန်းပုနှင့်လက်မှုပစ္စည်းများပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ဒသမ၇ သန်းအထိ ၂၀၁၈ ခုနှစ်တွင် ရှိပြီဖြစ်သည်ဟု သိရသည်။ ဗီယက်နမ်လက်မှု ပစ္စ ည်းများကို ဝါး၊ ကြိမ်နှင့် အရွက်များ၊ အိုးများနှင့် သစ်အခြေခံပစ္စည်းများမှ ပြုလုပ်ပြီး အမေရိကန်၊ ဂျာမနီ၊ပြင်သစ်၊ ဗြိတိန်၊ ဆွီဒင်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများ အပါအဝင် နိုင်ငံများစွာတွင် ရရှိနိုင်ပြီဖြစ်ကြောင်း သိရ သည်။ ဗီယက်နမ်ကျေးလက် ဒေသများ၏ အိမ်တွင်းလက်မှုပစ္စည်းထုတ်လုပ်မှုသည် ၈ဒသမ၈ မှ ၉ဒသမ၈ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကို တွေ့ရသည်ဟုဆို သည်။ ပြီးခဲ့သောနှစ်များအတွင်း ထုတ်လုပ်မှုတန်ဖိုးသည် တစ်နှစ် လျှင် ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိကြောင်းသိရသည်။ သို့ရာ တွင် လက်မှု ပစ္စည်းအမျိုးအစားများအများအပြားမှာ ရေရှည်တွင် သူတို့၏ အမှတ်တံဆိပ်ကိုထိန်းသိမ်းနိုင်မှုမရှိဘဲခိုးယူခံနေရသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်း၊ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကိစ္စများ တွင် ကောင်းစွာဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ဗီယက်နမ်တွင် လက်မှုပစ္စည်း ထုတ်လုပ်သော ရွာပေါင်း ၅၄၁၁ ရွာအထိရှိလာပြီဖြစ်ပြီး အဆိုပါရွာများတွင် ရိုးရာယဉ်ကျေး မှု ပစ္စည်းထုတ်လုပ်သောရွာပေါင်း ၁၈၆၄ ရွာလည်း ပါဝင် ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၏ အမျိုးသား ဉာဏပစ္စည်း မူပိုင်ခွင့် ရုံးမှ လက်မှုပစ္စည်းထုတ်လုပ်သော ရွာများကိုဆင်း၍ စာရင်းကောက်ယူစုစည်းကာကုန်အမှတ်တံဆိပ် brand နှင့် (GI(Geographical Indicator) အတွက် တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဗီယက်ထရိတ်၏ အခန်းကဏ္ဍ
ဗီယက်ထရိတ်(Vietrade)ဟု အတိုကောက်ခေါ်သော ဗီယက် နမ်ကုန်သွယ်မှုမြှင့်တင်ရေးဌာန Vietnam Trade Promotion Department တွင် ပန်းပုနှင့်လက်မှုပစ္စည်း ပို့ကုန်မြှင့်တင်ရေးဌာန ခွဲတစ်ခုရှိပြီး ဗီယက်နမ် ကုန်သွယ်မှုမြင့်တင်ရေးဌာန၏ အဝင်တွင် အခန်းတစ်ခန်းဖြင့် ပစ္စည်းများကို ပြသထားသကဲ့သို့ လုပ်ငန်းရှင်များနှင့် ဆွေးနွေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ အဆိုပါဌာန၏ ဌာနမှူး မှာ ဒေါက်တာလေးဖြစ် ပြီး ရှင်းပြသည်မှာ နှစ်စဉ်တင်ပို့လိုသည့် ပစ္စည်းများကိုကုမ္ပဏီပိုင်ရှင်များ၊ လုပ်ငန်းရှင်များက ဌာနတွင်စာရင်းတင်သွင်းပြီး အဆိုပါကုန်ပစ္စည်းများကို ပြည်ပတင်ပို့နိုင်ရန် ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။ အထူးသဖြင့် နိုင်ငံခြားကုန်စည်ပြပွဲများတွင်ပြသနိုင်ရန် ထောက်ပံ့ခြင်း၊ နည်းပညာပိုင်း၊ အမှတ်တံဆိပ်ပိုင်းနှင့် ဒီဇိုင်းအပိုင်း များကိုပါ ဌာနကကူညီဆောင်ရွက်ပေးကြောင်းသိရသည်။
ဗီယက်နမ်တွင် ထုတ်လုပ်သည်ဟူသော Made in Vietnam အမှတ်တံဆိပ်ကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ ဒေါက်တာလေး၏ ပြောကြားချက်အရ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ဒသမ၁ ဘီလီယံအထိရောက် ရှိလာပြီး ဆက်လက်တိုးတက်လာမည်ဖြစ်ကြောင်း၊ နံပါတ်တစ် ရောင်းချရသော လက်မှုထည်မှာ မြေထည်နှင့် စဉ့်ထည်၊ ကြွေထည်ပစ္စည်းများဖြစ်ပြီး၊ ဒုတိယရောင်းချရသော လက်မှုထည်မှာ ဝါးထည်များဖြစ်ကြောင်း သိရသည်။ အခြားလက်မှုထည်များမှာလည်း ရောင်းချရမှု တိုးတက် လျက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြားသားခရီး သွားဝင်ရောက်မှုမှာ ၂၀၁၈ခုနှစ်တွင် လူဦးရေ ၁၅ ဒသမ ၅ သန်း အထိ ရောက်ရှိနေပြီဖြစ်သဖြင့် ခရီးသွားလုပ်ငန်းပိုမိုတိုးတက်အောင် နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်ရန် စီမံကိန်းချမှတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဗီယက်နမ်လေဆိပ်တွင် အပြန်ခရီးသွား အများစု၏ ခေါင်းပေါ်တွင် ဗီယက်နမ်ခမောက်ကို တွေ့နိုင်ပါသည်။ ထိုအချက်ကိုကြည့်လျှင်ပင် ဗီယက်နမ်၏ လက်မှုထည်လုပ်ငန်းသည် နိုင်ငံခြားခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး အောင်မြင်မှု ကောင်းစွာရရှိနေပြီကိုတွေ့နိုင်သည်။
Ambiente Handmade Fair, 2018
ယခင်နှစ်က ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ Ambiente Hand- made Fair,2018 သို့ ရောက်ရှိခဲ့ရာတွင် ဗီယက်နမ်နိုင်ငံမှ ပြခန်းတွင် အကြီးကျယ်ဆုံးပြကွက်မှာ ဝါးထည်ပစ္စည်းများ ဖြစ်သည်ကိုတွေ့ခဲ့ရသည်။ လက်မှု ထည် သက်သက်ကိုသာ ပြသသောအဆိုပါပွဲကြီးကို လာရောက်ကြည့်ရှုသူပေါင်း ၁၄၀၀၀၀ ခန့်အထိရှိသည်ဟုသိရသည်။ နိုင်ငံပေါင်း၁၄၀မှ လာရောက် ပြသခြင်း၊ လာရောက်ကြည့်ရှု ဝယ်ယူ ခြင်းပြုလုပ်ကြသည်ဟု သိရသည်။ အဆိုပါ ကြီးကျယ်လှသော ပြပွဲကြီးတွင် လာရောက်သူများကို လက်လီရောင်းချမှု လုံးဝမပြုလုပ် ဘဲလက်ကားရောင်းချရေးကိုသာ အဓိကဆောင်ရွက်ပေးသည်။ လက်မှုပစ္စည်းများကို သတ်မှတ်ချက်အနေဖြင့် စက်ပစ္စည်း ပါဝင်မှုကို ရာခိုင်နှုန်းအနည်းငယ်ခွင့်ပြုထားသဖြင့် လက်ရာများမှာ ပိုမိုသပ်ရပ်ပြီး အလွန်လှပသည်ကိုတွေ့ရသည်။ ဗီယက်နမ်ပြခန်းတွင် နှစ်အလိုက် ကုန်ပစ္စည်းအမျိုးအစားတစ်မျိုးကို ဦးစားပေး အလိုက်ပြသထားပြီး ယခင်နှ စ်က ဝါးလက်မှုထည်များ ကို အဓိကပြသ ခဲ့သည်ကိုတွေ့ရသည်။ ဝါးထည်များကိုပြုလုပ်ကြရာတွင် ဝါးခွဲသည် ကိုစက်ဖြင့် ခွဲခြင်း၊ နန်းဆွဲသည်ကိုလည်း စက်ဖြင့်ဆွဲပေးခြင်း၊ ဝါးမျှင် များမထွက်စေရန် မီးဖြင့်သပ်ပေးခြင်း စသည် တို့ကိုပြုလုပ်ပေးသဖြင့် ပိုမိုထုတ်လုပ်နိုင်ပြီးပိုမိုသပ်ရပ် ကောင်းမွန်လာပြီးကမ္ဘာ့လက်မှုထည် လောကတွင် ဗီယက်နမ်သည် ဝါးထည်တွင် တရုတ်နှင့် ဂျပန်တို့ကိုပင် ယှဉ်နိုင်သည့် အနေအထားသို့ရောက်ရှိလာပြီဖြစ်ကြောင်းတွေ့ ရှိရသည်။ မြန်မာနိုင်ငံမှ ကြိမ်ထည်ပစ္စည်းများကိုလာရောက်ပြသသည် ကိုတွေ့ရပြီး မြန်မာဘဲလ်အင်တီးရီးယားနှင့် ကေတီမြန်မာတို့ဖြစ်သည် ဟုသိရသည်။
မြန်မာ့လက်မှုထည်များနှင့် အနာဂတ်
မြန်မာနိုင်ငံတွင်လည်း အလားတူပန်းပုနှင့် သစ်အခြေခံပစ္စည်းများ၊ ဝါးထည်၊ ကြိမ်ထည်များ၊ ငွေထည်၊ ကြေးထည်များ၊ ကျောက် မျက်ပန်းချီများ၊ လက်ရက်ထည်များ၊ချိတ်လုံချည်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရိုးရာထည်များ၊ ပန်းကန် နှင့် ကျောက်ကာ ယွန်းထည်များ၊ မြေအိုးနှင့် စဉ့်ထည်များစသည့် လုပ်ငန်းကဏ္ဍ အလိုက်ခွဲခြားပြီး အကောင်အထည်ဖော်နိုင်လျှင် ရောင်းချနိုင်သည့် တန်ဖိုးလည်းတိုးတက်လာမည်ဖြစ်သည်။ လက်ရှိ တွင် မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၅မှ ၂၀၁၉ ထိငါးနှစ်စီမံချက် ကို အကောင်အထည်ဖော်ခဲ့ပြီးနောက် ၂၀၂၀ မှ ၂၀၂၅ထိ မြန်မာ နိုင်ငံ၏ ဒုတိယအဆင့်အမျိုးသားပို့ကုန်မဟာဗျူဟာကိုရေးဆွဲနေရာ တွင် လက်မှုအခြေခံကုန်ပစ္စည်းများကို ဦးစားပေးကုန်စည်ထဲတွင် ထည့်သွင်းပြီး ပို့ကုန်တိုးမြှင့်ရာတွင် ဦးစားပေးဆောင်ရွက်ရန်အတွက် စဉ်းစားဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ဆက်သွယ်မှု ပိုမိုတိုးတက် လာသည်နှင့်အမျှ မြန်မာ့လက်မှုကုန်ပစ္စည်းအမျိုးမျိုးလည်း ရောင်း ဝယ်မှု ပိုမိုလာပြီဖြစ်သည်။ ထို့အပြင် နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ လည်း မြန်မာ့လက်မှု ကုန်ပစ္စည်းများပိုမို ရောင်းချလာရပါသည်။ နိုင်ငံတကာ ကုန်စည်ပြပွဲများတွင်လည်း မြန်မာနိုင်ငံမှ လက်မှုထည်များနှင့် လက်ဝတ်ရတနာများ သည် လူကြိုက်များသော အခြေအနေတစ်ခုကို ရရှိလာပြီဖြစ် သည်။ ပြည်ပပို့ကုန်အနေဖြင့် ကုန်သွယ်မှုမြှင့်တင်သောလုပ်ငန်းအဖြစ် အစိုးရကကူညီဆောင်ရွက်ပေးပါက အရှိန်အဟုန်ရရှိလာမည်ဖြစ်ပြီး နိုင်ငံအတွက် ဝင်ငွေမြင့်မားသော ကဏ္ဍတစ်ခုဖြစ်လာနိုင်သည်။ နိုင်ငံတကာတွင် ယဉ်ေ ကျးမှု ကုန်စည် Culture Product ဟူသော အမည်ဖြင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ဆက်စပ်သည့် အရုပ်ကလေးများ၊ ရိုးရာအသုံးအဆောင်များ၊ အဝတ်အစားများစသည်တို့သည်လည်း ယခုလက်မှုထည် ကုန်ပ စ္စည်း များနှင့် ဆက်စပ်နေသည့် ပို့ကုန်အမျိုးအစားတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံအတွက် အဆိုပါ လက်မှုကုန်ပစ္စည်းများကို အမျိုးအစားအလိုက် ထုတ်လုပ်မှုအလိုက်ခွဲခြားပြီး အသင်းအဖွဲ့များ ဖွဲ့စည်း ခြင်း၊ အစုအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ တစ်ရွာ ထွက်ကုန်တစ်မျိုး One Village One Product ထုတ်လုပ်နိုင်သည့် ရွာများကို အားပေးမြှင့်တင်ခြင်း စသည့်အချက်များကို အစိုးရဌာနများမှ အားပေးကူညီခြင်းဖြင့် များစွာတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ အဆိုပါ လက်မှုထည်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အ မျှ ေ ကျးလက်နေတောင်သူများ၏ ဒုတိယဝင်ငွေလည်း များစွာကောင်းမွန်လာမည်ဖြစ်ပြီး လယ်ယာကဏ္ဍတစ်ခု တည်းကိုသာ အားကိုးနေရပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာသည့် အခြေအနေကိုလည်း လျှော့ချနိုင် ကာ အလုပ်အကိုင် အခွင့်အလမ်း များလည်း တိုးပွားလာမည်ဖြစ်သည်။ လိုအပ်နေသည်မှာ အမှန်တကယ် တာဝန်ခံအားပေးမည့် အစိုးရ၊ ပူးပေါင်းဆောင်ရွက်မည့် အသင်းအဖွဲ့များ၊ အကူအညီ အထောက်အပံ့ အမှန်အကန်ေ ပးမည့် နိုင်ငံခြားအဖွဲ့အစည်းများ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မကြာမီကာလအတွင်း အလံတလူလူလွင့်နေမည့် လက်မှုထည်ကဏ္ဍကိုတွေ့မြင်နိုင်ပါမည်ဟု မြန်မာ့လက်မှုထည်ကဏ္ဍ၏ အနာဂတ်ကို ခန့် မှန်းမိပါသည်။
မျိုးသူ (ကုန်သွယ်မြှင့်)