Main menu

Background

စားသုံးသူများအတွက် အခွင့်အရေးကောင်းနှင့်စီးပွားရေးပတ်ဝန်းကျင်ကောင်း ဖြစ်လာမည့် ယှဉ်ပြိုင်မှုကော်မရှင်

Wed, 06/26/2019 - 10:25 -- journal_editor

      နိုင်ငံတစ်နိုင်ငံ၏  စီးပွားရေး  ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကဏ္ဍများစွာရှိသည့်အနက် ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေသည် မည်သည့်အတိုင်းအတာအထိ လွှမ်း ခြုံနိုင်မှုရှိနေခြင်းဆို သည့် အချက်ပေါ်တွင်လည်း မူတည်လျက်ရှိ ကြောင်း နိုင်ငံအများအပြားက လက်ခံယုံကြည်ထားကြသည်။ စီးပွားရေးနယ်ပယ်တွင် ယှဉ်ပြိုင်မှုဥပဒေသာ လွှမ်းခြုံမှုရှိလာပါက စားသုံးသူပြည်သူများအတွက် အကျိုးကျေးဇူးများ စွာကို ရရှိလာ နိုင်မည်ဖြစ်သည်။ အကျိုးကျေးဇူးကောင်းများအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များ၏ မလိုလားအပ်သည့်၊ တရားသဖြင့်ယှဉ်ပြိုင်ဆောင်ရွက်မှုများကို ပျက်ပြားစေမည့် စီးပွားရေးဆောင်ရွက်မှုဆိုင်ရာ အပြုအမူ များဖြစ်သော ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်းများ၊ ဈေးနှုန်းညှိနှိုင်း၍ ဈေးကစားမှုပြုခြင်းများကို ထိန်းချုပ်ကြပ်မတ် တားဆီးမှုများ ဆောင်ရွက်ပေးနိုင်မှုရှိခြင်း၊ သက်ဆိုင်ရာဈေးကွက်ကို လွှမ်းခြုံထားနိုင်စွမ်းရှိသော လုပ်ငန်းကြီးတစ်ခုမှ ၎င်း၏ ထိန်းချုပ် လွှမ်းမိုးနိုင်သည့် စွမ်းအားကို အလွဲသုံးစားပြုပြီး အခြားသောလုပ်ငန်းများအပေါ် အနိုင်ကျင့်ဆောင်ရွက်မှုများ မပြုလုပ်အောင် တားဆီးပေးနိုင်ခြင်း၊ ပြိုင်ဘက်လုပ်ငန်းရှင်များနှင့် စားသုံးသူ များအပေါ် ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေနိုင်သည့် လုပ်ငန်းရှင်များအချင်းချင်းကြား ယှဉ်ပြိုင်မှုကိုကန့်သတ်ထားသော၊ထိန်းချုပ်ထားသော သဘောတူညီချက်များ၊ အစီအမံများပြုလုပ်ခြင်းများ မဖြစ်ပေါ်လာအောင် တားဆီးကာ ကွယ်ပေးနိုင်ခြင်း၊ ဈေးကွက်အတွင်း တရားမျှတသည့် ယှဉ်ပြိုင်မှုများ ပေါ်ပေါက်လာခြင်းအားဖြင့် ကုန်ပစ္စည်းအသစ် အဆန်းများနှင့် ကောင်းမွန်သောဝန်ဆောင်မှုများ ရရှိလာနိုင်ခြင်း၊ ပိုမိုသက်သာ၍ ထိုက်သင့်သည့် ကုန်စည်နှ င့် ဝန်ဆောင်မှုနှုန်းထားများ ဖြင့် ရရှိလာနိုင်ခြင်း၊ စားသုံးသူများမှ မိမိတို့စိတ်တိုင်းကျ ရွေးချယ်ဝယ် ယူနိုင်သည့် အခွင့်အရေးများပြားလာခြင်း၊ လုပ်ငန်းရှင်များ၊ ရောင်း ချသူများမှ ၎င်းင်းတို့ရောင်းချလိုက်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ယခင်ထက်ကောင်းမွန်သည့် တာဝန်ခံမှု၊တာဝန်ယူမှုများ ပြုလုပ်ပေးလာခြင်း စသည့် စားသုံးသူအခွင့်အရေးများကို ကောင်းမွန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ၂၀ ရာစုခန့်မှ စ၍ စီးပွားရေးလုပ်ငန်းများသည် နိုင်ငံအများ အပြားကိုဖြတ်ကျော်၍ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လာ သောကြောင့် လုပ်ငန်းများအချင်းချင်းကြား ယှဉ်ပြိုင်ကြသည့် ပုံစံ များသည်လည်း အမျိုးမျိုးအဖုံဖုံ ကျင့်သုံးလာ ကြပြီး ဈေးကွက်စိန်ခေါ် မှုများကိုလည်း ရင်ဆိုင်တွေ့ကြုံလာရသည်။
       ယှဉ်ပြိုင်ဆောင်ရွက်မှုများ ပြင်းထန်လာသောကြောင့် ပြိုင်ဆိုင်မှု၏နောက်ဆက်တွဲ ဆိုးကျိုးများစွာကိုလည်း ခံစားလာရပါတော့သည်။ အဆိုပါစိန်ခေါ်မှုများနှင့် ဆိုးကျိုးများသည် ဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်း လုပ် ကိုင်သူများထံသို့သာမကဘဲ စားသုံးသူများ ထံသို့ပင်ရောက်ရှိပြီး  နိုင်ငံစီးပွားရေးနှင့် စားသုံးသူပြည်သူများ၏  အခွင့်အရေးများ ထိပါးဆုံးရှုံးမှုများစွာတို့ကို ကြုံတွေ့ခံစားလာရ သည့်အခြေအနေများနှင့် ရင်ဆိုင်လာရသည်။ ဈေး ကွက်အတွင်း လုပ်ငန်းကြီးတစ်ခု သို့မဟုတ် လုပ်ငန်းစုကြီး တစ်ခုတည်းကသာ လုပ်ကိုင်နိုင်ခွင့်ရရှိထားခြင်း၊ အခွင့်ထူးများရရှိထားခြင်းတို့ကြောင့် အခြားအမျိုးအစားတူ၊ အဆင့်တူလုပ်ငန်းများမှ ၎င်းနှင့်တန်းတူ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ ဈေးကွက်အတွင်း ၎င်းတစ်ဦးတည်းကသာ ချုပ်ကိုင်လွှမ်းမိုးထားသည့် အခြေအနေမျိုး ဖြစ်ပေါ်နေပါက ယင်းဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည့် ဈေးကွက် (Monopoly) ဟု ခေါ်ဆိုရမည်ဖြစ်သည်။ ဈေးကွက် လက်ဝါးကြီးအုပ်ရာတွင် ထုတ်လုပ်သူ၊ ရောင်းချသူ ဘက်မှ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားမှုများရှိသလို ရောင်းလို အားများပြီး ဝယ်လိုအားနည်းသည့်ဈေးကွက်မျိုးတွင် ဝယ်သူဘက်မှ ဈေးကွက်လက်ဝါးကြီးအုပ်မှုမျိုးလည်း ပေါ်ပေါက်တတ်သည်။ ယင်းသို့ ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်မှုများပြုလုပ်ပါက ယှဉ်ပြိုင်မှုဥပဒေကို ချိုးဖောက်ရာကျမည်ဖြစ်သည်။ ဈေးကွက်လွှမ်းမိုးနိုင်စွမ်းရှိသည့် အခြေအနေအပေါ် အခွင့်အရေးယူ၍ အလွဲသုံးစား မှုပြုခြင်း (Abuse of Dominance Position) ဆိုသည်မှာ အင်အားကြီးမားနေသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သို့မဟုတ် စီးပွားရေးလုပ်ငန်းစုတစ်ခုမှ ဈေးကွက်အတွင်း ၎င်းရရှိထားပြီးဖြစ်သော လွှမ်းမိုးထားနိုင်သည့် အင် အားကို အသုံးပြု၍ မိမိတို့၏ ပြိုင်ဘက်ဖြစ်သည့် သို့မဟုတ် ပြိုင်ဘက်ဖြစ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းရှင်အား ဈေးကွက်အတွင်းမှ ထွက်ခွာသွားစေရန် သို့မဟုတ် အင်အားလျော့နည်းသွားစေရန်ရည်ရွယ်၍ တရားမျှတစွာ ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ ဥပဒေနှင့်ဆန့်ကျင်သည့် နည်းလမ်းများဖြင့် တိုက်ခိုက်ဖယ်ရှားသည့် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းဖြစ်သည်။
        ယင်းကဲ့သို့ပြုလုပ်မှုကြောင့် ဈေးကွက်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူများအနေဖြင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်သည့်အခွင့်အရေးဆုံးရှုံးရပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ၏ ဈေးနှုန်းမြင့်တက် လာခြင်း၊ စားသုံးသူများ၏ အခွင့်အရေးများ မရရှိနိုင်ခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် အဆင့်အတန်းများ နိမ့်ကျလာခြင်း စသည့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်အန္တရာယ်များကို ကာကွယ်နိုင်စေရန်၊ ဈေးကွက်စီးပွား ရေးစနစ်  ကောင်းမွန်စွာ  ရှင်သန်ကြီးထွားလာစေရန်တို့အတွက် အဓိကဦးတည်၍ ယှဉ်ပြိုင်မှုဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)ဖြင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းြ ဖစ်သည်။ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေတွင် ယင်းဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များကို ဥပဒေပုဒ်မ-၃ တွင် ပြဋ္ဌာန်းထားရာ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ် ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏  အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ် ရန်၊ ပြည်တွင်း၊ ပြည်ပကုန် သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် မျှတမှုမရှိ သော ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ရန်၊ ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်နှင့် စီးပွား ရေးလုပ်ငန်းများအကြား ကန့်သတ်ထားရှိသော သဘောတူညီချက်နှင့် အစီအမံများကို ထိန်းချုပ်နိုင်ရန်တို့  ပါဝင်နေသည်ကို တွေ့ရ သည်။ အဆိုပါပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေတွင် ပါရှိသော လုပ်ငန်းတာဝန်များ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ပြည်ထောင်စုအစိုးရ အဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ် ၁၀၆/၂၀၁၈ နဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ် သည်။
        ယှဉ်ပြိုင်မှုကော်မရှင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိ ငါးဦး၊ ပြင်ပမှ ဥပဒေပညာရှင်နှင့် စီးပွားရေးပညာ ရှင် ငါးဦး၊ စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် ပြည်သူလူထုက ယုံကြည်အား ကိုးနိုင်သော၊ တောင့်တင်းခိုင်မာသော၊ စွမ်းဆောင်ရည်ပြည့်ဝသော ကော်မရှင်ကောင်းဖြစ်ဖို့လည်း  လိုအပ်သည်။ ထို့အတူ  ဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ ဥပဒေကိုသိရှိလိုက်နာရမည့် ပြည်သူ လူထု အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်များ ဥပဒေကိုသိရှိနား လည်ရေးဖြစ်သည်။ ထို့ကြောင့် ကော်မရှင်မဖွဲ့စည်းမီ ဥပဒေ၊ နည်းဥပဒေရေးဆွဲစဉ်ကာလကတည်းက ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာ ပေးဟောပြောပွဲများကို နိုင်ငံအနှံ့မြို့ကြီးများ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်မှုဆိုင်ရာ လက်ကမ်းစာစောင်များ၊ စာအုပ်များကို ပုံနှိပ်ဖြန့် ဝေခဲ့သည်။ ကော်မရှင် တည်ထောင်ပြီးနောက်ပိုင်းတွင်လည်း ယှဉ်ပြိုင်မှု ဥပဒေနှင့်  ကော်မရှင် တည်ထောင်ဖွဲ့စည်းမှု အခြေအနေ များကို ၃-၆-၂၀၁၉ရက်နေ့တွင် ရန်ကုန်မြို့၌လည်းကောင်း၊ ၁၀-၆-၂၀၁၉ရက်နေ့တွင် နေပြည်တော်၌လည်းကောင်း ကော်မရှင်ဥက္ကဋ္ဌဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ၂၄-၆-၂၀၁၉ရက်နေ့တွင်လည်း မန္တလေးမြို့တွင် ကော်မရှင် မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
         အသိပညာပေးခြင်းလုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့  ဥပဒေအကောင်အထည်ဖော်ရေးအတွက် ကော်မရှင်ပုံမှန်အစည်းအဝေးများကိုလည်း ယှဉ်ပြိုင်မှုဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ တတိယအကြိမ်ကျင်းပပြု လုပ်ခဲ့ပြီးဖြစ်ပါသည်။ ထို့အတူ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ ယှဉ်ပြိုင်မှုကော်မရှင်အေ နဖြင့် လွတ်လပ်မျှတသော ယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးတည်ဆောက်ရန် အတွက် ယှဉ်ပြိုင်မှုဆိုင်ရာအသိပညာပေးမှုများကို ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ဥပဒေချိုးဖောက်မှုများကိုလည်း  ဖော်ထုတ်အေ ရးယူသွား မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏  ယှဉ်ပြိုင်မှုဥပဒေ ပြဋ္ဌာန်းခဲ့ခြင်းသည် နိုင်ငံ တော်က ကျင့်သုံးနေသည့် ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက် အောင် ဦးတည်ဆောင်ရွက်ခြင်းဖြစ်သော်လည်း ယင်းသို့ ဈေးကွက်အတွ င်း စီးပွားရေးလုပ်ငန်းများအချင်းချင်း တရားမျှတစွာ ယှဉ်ပြိုင် လုပ်ကိုင် ဆောင်ရွက်စေကြခြင်းအားဖြင့် စားသုံးသူများအတွက် ရွေး ချယ်ဝယ်ယူနိုင်ခွင့်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ သတင်းအချက်အလက်များ ရရှိပိုင်ခွင့်တို့ ကို ရရှိလာမည်ဖြစ်ကြောင်းနှင့်  စားသုံးသူ များအတွက် အခွင့်အရေးကောင်းနှင့် စီးပွားရေးပတ်ဝန်းကျင်ကောင်း များဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

 

ဟန်လင်းဇော်