Main menu

Background

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများမှသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့

Thu, 09/05/2019 - 15:23 -- journal_editor

      နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပ နိုင်ငံများ၏   ရင်းနှီးမြှုပ်နှံမှုကလည်း  လွန်စွာပင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည်။ ဈေးကွက်စီးပွားရေးစနစ် ကျယ်ကျယ် ပြန့်ပြန့်  ဖြစ်ပေါ် လာရေးအတွက် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ် ခေါ်ရမည်ဖြစ်သည်။ လက်ရှိ    မြန်မာနိုင်ငံအစိုးရအနေဖြင့်   တိုင်းပြည်စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန်အတွက်  တွန်းအားပေးဆောင်ရွက် နေသလို ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ မြောက်မြားစွာ ဝင်ရောက်လာ ရေးအတွက်ကိုလည်း စည်းရုံးအကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိသည်ကို မြင်တွေ့နေရသည်။ တာဝန်ယူမှုရှိသော  ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေး အတွက် မြန်မာ- ဂျပန်- အမေရိကန်  ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ရန်ကုန် မြို့ Novotel Yangon Max Hotel တွင် သြဂုတ် ၂၀ ရက်က ကျင်းပ ခဲ့ရာ ယင်းဖိုရမ်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်လည်း တက်ရောက် ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

     အဆိုပါ ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊  ဂျပန်ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန်ကုန်သည်ကြီး များအသင်း၊ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၊  ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အမေရိကန်စီးပွားရေး ဝန်ဆောင်မှုအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ- ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံ၏   ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေး စီမံကိန်း (Myanmar Investment Promotion Plan-MIPP) တို့ အရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့်  ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံအထိ  တိုးတက်လာခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် အာဆီယံနိုင် ငံများအနက်  စီးပွားရေးတိုးတက်မှု အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ အစိုးရ ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ   ပိုမိုတွင်ကျယ်လာသည်ကို တွေ့နိုင် ကြောင်း၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် လာ ရောက် ရင်းနှီးမြှုပ်နှံသည်ကို ကြိုဆိုကြောင်း၊ ယခုအခါ သီလဝါ အထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံ လျက်ရှိပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏  မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော ဆူဇူကီးနှင့် တိုယိုတာတို့အပြင် Yakult Probiotic Drink လုပ်ငန်း လည်း ပါဝင်ကြောင်းနှင့် မြန်မာ့စွမ်းအင် ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို  ကြိုဆိုပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က  မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ အဖွင့်အမှာစကား ပြောကြားရာတွင်ထည့်သွင်း ပြောကြားခဲ့သည်။

     အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ရာတွင် General Electric၊ Chevsron  နှင့် ဖို့ဒ်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွက် လိုအပ်သည့် အရည် အသွေးရှိပြီး  တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ Overseas Private Investment Corporation မှ မြန်မာနိုင်ငံ၏ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Apollo Towers  ကုမ္ပဏီမှတစ်ဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်လျက်ရှိသော တာဝါတိုင်ပေါင်း ၁၈၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံ ခဲ့ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။  ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှ့န်ကြားမှု ဦးစီးဌာန၏ စာရင်း ဇယားများအရ ၂၀၁၉ ခုနှစ်  ဇူလိုင်လကုန်အထိ ဂျပန်နိုင်ငံ၏ မြန်မာ နိုင်ငံသို့ ဝင်ရောက်လာသည့်  ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်ဒေါ် လာ ၁ ဒသမ ၂ ဘီလီယံရှိကြောင်းနှင့် အမေရိကန်နိုင်ငံ ၏ မြန်မာ နိုင်ငံသို့ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန် ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်း အသီးသီးရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ   အဆင်ပြေ  လွယ်ကူချောမွေ့စေရေးအတွက် ဖြေလျှော့ပေးခြင်း၊ အွန်လိုင်းဖြင့် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) အား မိတ်ဆက်ခြင်းနှင့် စီမံချက်ဘဏ် (Project Bank)နှင့် မြေယာဘဏ်(Land Bank) တို့အကြောင်းကို အလေးထား ပြောကြားခဲ့ပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီ ယံ၊ ရာခိုင်နှုန်းအားဖြင့်  ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအလားအလာများ တိုးတက်လာစေရေးအတွက် အစီ အစဉ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

     ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများကို အစိုးရပိုင်းတွင်သာမကဘဲ ပုဂ္ဂလိကကဏ္ဍများ တွင် လည်း  ကြုံတွေ့နေရသည်။ ထပ်မံပြီးတော့လည်း ကြုံတွေ့လာရဖို့ ရှိနေပါသေးသည်။ ယင်း အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှပင် အခွင့်အလမ်းအသစ်များနှင့် အခွင့်အလမ်းကောင်းများ ရရှိလာမည် ဖြစ်ပါသည်။ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် မြန်မာ့ဈေးကွက်၌  ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရာတွင် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း   ရင်းနှီးမြှုပ်နှံမှုများကို  ပိုမိုတိုးမြှင့်ရန်နှင့်  မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ လက်ရှိအနေအထားအရ   ဂျပန်နှင့်   အမေရိကန်တို့သည် မြန်မာနိုင်ငံတွင် ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာရန် အလားအလာ ကောင်းများ ရှိနေသည်။  ထိုသို့ ပြည်ပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများလိုလိုလားလား ဝင်ရောက် လာချိန်တွင် မြန်မာအစိုးရဘက်ကလည်း တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် အထူးအလေးပေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ပြည်ပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး တာဝန် ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများမှသည်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများဆီသို့ ဦးတည်လျှောက်လှမ်းရမည့် အချိန် အခါကောင်းတစ်ရပ်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

စိန်သံ