Main menu

Background

ကမ္ဘာ့ပြောင်း ထုတ်လုပ်မှု ရှေ့ဆောင်နိုင်ငံများနှင့် မြန်မာ့အခြေအနေ

Wed, 12/04/2019 - 11:02 -- journal_editor

     ကမ္ဘာပေါ်တွင် ပြောင်း၊ ဂျုံနှင့်ဆန် သုံးမျိုးသည် ကမ္ဘာ့လူဦးရေ အားလုံး၏ အဓိကမှီခိုအားထားရသော အပင်မှစိုက်ပျိုးထုတ်လုပ်နိုင် သော အစားအစာများဖြစ်ကြသည်။ ထိုသီးနှံသုံးမျိုးအပြင် အာလူး၊ ပီလောပီနံ၊ ပဲပုပ်၊ နှံစားပြောင်း၊ ဝဥ၊ ကန်စွန် းဥ၊ Plantains ခေါ် ချက်စားရသော ငှက်ပျောတစ်မျိုးတို့သည်လူသားများအတွက် အစား အစာအဖြစ်  အဓိကစားသုံးကြသော သီးနှံများဖြစ်ကြသည်။ ထို အထဲတွင် ပြောင်းသည် အသုံးအများဆုံး သီးနှံဖြစ်သည်။ 

ပြောင်း
      ပြောင်းဖူးစေ့၏  မူလအစမှာ  မက္ကဆီကို အလယ်ပိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ဝ၀ ခန့်၌ မြက်ရိုင်းများအနေဖြင့် စတင်ခဲ့ပြီး မူလ အမေရိကန်လူမျိုးများက စားကောင်းသော အခြေအနေသို့ ရောက်အောင်  ပြုပြင်လာကြခြင်းဖြစ်သည်ဟု ဆိုပါသည်။ ပြောင်း တွင် ကစီဓာတ် ၇၂ ရာခိုင်နှုန်းခန့်၊ ပရိုတင်း ၁၀ရာခိုင်နှုန်းခန့်၊ အဆီ ဓာတ်လေးရာခိုင်နှုန်းခန့် ပါဝင်သည်ဟုဆိုပါသည်။ အာဖရိက တိုက် ဒေသအများအပြားတွင် ပြောင်းကို အဓိကအစားအစာအဖြစ် စား သုံးကြပါသည်။ ပြောင်းကို အစားအစာအဖြစ် တိုက်ရိုက်စားသုံးကြ သကဲ့သို့  မုန့်နှင့် အခြားအစားအစာများအဖြစ် ပြုလုပ်စား သုံးကြ ခြင်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုကြခြင်း၊ အရက်ချက်လုပ်ခြင်းနှင့် သဘာဝ ဇီဝလောင်စာဆီ အီသနောအဖြစ် ထုတ်လုပ်သုံးစွဲနိုင်ခြင်း၊ ဟင်းချက်ဆီအဖြစ်လည်း ထုတ်လုပ်နိုင်ခြင်းနှင့် တိရစ္ဆာန် အစား အစာအဖြစ်လည်း သုံးစွဲခြင်းများကြောင့် ပြောင်းသည် အသုံးအများ ဆုံးသီးနှံများတွင်တစ်ခု အပါ အဝင်  ဖြစ်ပါသည်။  

ကမ္ဘာ့ပြောင်း ထုတ်လုပ်မှု
        ကမ္ဘာ့ပြောင်း   ထုတ်လုပ်မှုကို လေ့လာကြည့်ရာတွင် ယခု ၂၀၁၉ ခုနှစ်တွင် မက်ထရစ်တန်ချိန် သန်းပေါင်း ၁၁၀၂ ဒသမ ၁၆ ထွက်ရှိမည်ဟုသိရှိရပြီး ယခင်နှစ်၂၀၁၈ခုနှစ်တွင် မက်ထရစ်တန်ချိန် သန်းပေါင်း ၁၁၂၅ ဒသမ ဝ၁  ထွက်ရှိခဲ့သဖြင့် တန်ချိန်သန်းပေါင်း ၂၂ ဒသမ ၈၅ သို့မဟုတ်၂ ဒသမ ဝ၃ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ဟု ဆိုပါသည်။  ပြောင်းအများဆုံး ထုတ်လုပ်သောနိုင်ငံများမှာ အောက်ပါ အတိုင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်-
-    အမေရိကန်ပြည်ထောင်စု     ၃၄၇.ဝ၀၆ တန်ချိန် သန်းပေါင်း၊
-    တရုတ်    ၂၅၄.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    ဘရာဇီး    ၁၀၁.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    ဥရောပ ယူနီယံ    ၆၄.၅၆၀ တန်ချိန် သန်းပေါင်း၊
-    အာဂျင်တီးနား     ၅၀.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    ယူကရိန်း    ၃၅.၅၀ဝ တန်ချိန် သန်းပေါင်း၊ 
-    အိန္ဒိယ    ၂၉.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    မက္ကဆီကို    ၂၅.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    ကနေဒါ    ၁၄.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    ရုရှား    ၁၄.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    တောင်အာဖရိက    ၁၄.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    အင်ဒိုနီးရှား    ၁၂.၇၀ဝ တန်ချိန် သန်းပေါင်း၊
-    နိုင်ဂျီးရီးယား    ၁၁.ဝ၀ဝ တန်ချိန် သန်းပေါင်း၊
-    အီသီယိုးပီးယား    ၈.၄၀ဝ တန်ချိန် သန်းပေါင်း၊
-    ဖိလစ်ပိုင်    ၈.၁၀ဝ တန်ချိန် သန်းပေါင်း၊ 
       ပြောင်းအများဆုံးထုတ်လုပ်သော နိုင်ငံ ၁၅ နိုင်ငံကို အထက် ဖော်ပြထားပြီး ဖြစ်ပါသည်။ အခြားသော နိုင်ငံများတွင်လည်း ပြောင်း စိုက်ပျိုးမှုရှိကြပြီး ဆားဘီးယား၊ အီဂျစ်၊ တန်ဇန်းနီးယား၊ ပါကစ္စတန်၊ တူရကီ၊ ထိုင်း၊ ဗီယက်နမ်၊ ပါရာဂွေး၊ ဘင်္ဂလားဒေ့ရှ်၊ ကင်ညာ၊ မာလာဝီ၊ မာလီ၊ ယူဂန်ဒါ၊ နီပေါ၊ မြောက်ကိုရီးယား၊ မြန်မာ၊ ကင်မရွန်း၊ မိုဇမ်ဘစ်၊ ဇမ်ဘီယာ၊ ကွန်ဂို၊ ဂါနာ၊ ပီရူး၊ မော်လ်ဒိုဗာ၊ ဂွာတီမာလာ၊ လာအို၊ ကိုလံဘီယာ၊ ဘာကီနာဖာဆို၊ အင်ဂိုလာ၊ ဘီနင်၊ အီရန်၊ အီကွေဒို၊ ကမ္ဘောဒီ းယား၊ ကော်စတာရီကာ၊ ဘော့စ်နီးယား၊ တွန်ဂို၊ ချီလီ တို့အပါအဝင် နိုင်ငံပေါင်း ၁၁၄ နိုင်ငံတို့တွင် အများအပြား စိုက်ပျိုးထုတ်လုပ်ကြသည်ဟု ဆိုပါသည်။  အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ အာဂျင်တီးနား၊ မက္ကဆီကို နှင့် ကနေဒါတို့သည် အမေရိကတိုက်မှ နိုင်ငံများဖြစ်သဖြင့် ပြောင်း အများဆုံး စိုက်ပျိုးမှုကို အမေရိကတိုက်တွင် တွေ့နိုင်သည်ဟု ဆိုနိုင် ပါသည်။ အာရှတိုက်တွင်လည်းကောင်း၊ အာဖရိကတိုက်တွင် လည်း ကောင်း၊ ဥရောပတိုက်တွင်လည်းကောင်း  ပြောင်းစိုက်ပျိုးထုတ်လုပ် သည်ကိုတွေ့ရသည်။ သြစတြေးလျတိုက်တွင်လည်း ပြောင်းကို ဟက် တာ ၆၄၀ဝ၀ ခန့်စိုက်ပျိုးပြီး တန်ချိန် ၄၄၀ဝ၀ဝ ခန့်  ထွက်ရှိသဖြင့် တစ်ကမ္ဘာလုံးတွင် စိုက်ပျိုးသည်ဟု ဆိုနိုင်ပါသည်။ အဆိုပါစာရင်းတွင် မြန်မာနိုင်ငံမှ တန်ချိန် သန်းပေါင်း၂ ဒသမ ၂၅၀ ထွက်ရှိသည်ဟုဆိုပါ သည်။ တရုတ်နိုင်ငံသို့လည်း တိုးတက်တင်ပို့လာသဖြင့် ပင်လယ်ရေ ကြောင်းမှ တင်ပို့ခြင်းပင် အလွန်နည်းပါးသွားပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှသာ တရုတ်သို့တင်ပို့မှု များပြားလာခဲ့ပါသည်။ ပထဝီ အခြေအနေအရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်  ပြောင်းဖူးစေ့ စိုက် ဧကမှာ အများအပြား တိုးတက်လာကာ ပဲပုပ်၊ လက်ဖက်၊ ပဲစင်းငုံ စသည့် သီးနှံများပင် စိုက်ပျိုးမှု နည်းပါးလာသည်ကို တွေ့ ရပါသည်။ သို့ရာတွင် တရုတ်နိုင်ငံတွင်ပြောင်းသည်ကိုတာစနစ်ဖြင့် ဝယ်ယူသည့် တင်သွင်းခွင့် ကန့်သတ်သည့် သီးနှံဖြစ်သဖြင့် နယ်စပ်ကုန် သွယ်မှုရပ် ဆိုင်းနေသည်ကို  တွေ့နိုင်ပါသည်။ တစ်ဖက်တွင် တရုတ်နိုင်ငံနှင့် ကိုတာစနစ်အတွင်းမှ တင်သွင်းခွင့်ရရှိရေးကို ဆောင်ရွက်နေသကဲ့ သို့ အခြားနိုင်ငံများသို့ တင်ပို့ ခွင့်ရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။    ထိုင်းနိုင်ငံဘက်က ဝယ်ယူမှုတိုးတက်လာပြီး မြဝတီ နယ်စပ်မှတစ်ဆင့် တိုးတက်ဝယ်ယူလာသည်ကို တွေ့နိုင်ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံအနေဖြင့် ရာသီအလိုက် တင်သွင်းခွင့်ကန့်သတ် သည့် သီးနှံထဲတွင် ပြောင်းဖူးစေ့ ပါဝင်သဖြင့် ပြောင်းဖူးစေ့ကို တစ် နှစ်လျှင် ရှစ်လသာတင်ပို့နိုင်ပြီး ကျန်လေးလတွင် တင်ပို့နိုင်ခြင်းမရှိပါ။ အဆိုပါ တင်သွင်းခွင့်ပိတ်ထားသော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင် ဘာလနှင့် ဇန်နဝါရီလများမှာ ပြည်တွင်း ပြောင်းလက်ကျန်များသော ကာလများဖြစ်သဖြင့် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။ သို့ရာတွင် ထိုင်းနိုင်ငံ၏ ပြောင်းလိုအပ်ချက်မှာ မွေးမြူရေးကဏ္ဍမြင့်မားလာ သည်နှင့်အမျှ တစ်နှစ်ထက်တစ်နှစ် မြင့်မားလျက်ရှိ သဖြင့် ထိုင်းနိုင်ငံ ဘက်မှလည်း တောင်းဆိုမှုများရှိလာကာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ဘက်မှ တာဝန်ရှိသူများ ညှိနှိုင်းလျက်ရှိသည်ဟု သိရှိရသည်။

မြန်မာ့ပြောင်း အနာဂတ်
        ၂၀၁၉ ခုနှစ်ကို မြန်မာ့ပြောင်းအတွက် အခက်အခဲရှိနိုင်သော နှစ်ဖြစ်သည်ဟု စိုက်ပျိုးရေးကျွမ်းကျင်သူများက ဆိုပါသည်။ အဓိက အားဖြင့် မြန်မာ့ပြောင်း၏ အဓိကဈေးကွက်ဖြစ်သော တရုတ်နယ်စပ် မှ ပြောင်းတင်သွင်းနိုင်မှုမရှိသဖြင့် အခက် အခဲဖြစ်နိုင်မည်ဟု ခန့်မှန်း ထားခြင်းဖြစ်ပါသည်။  တရုတ်နိုင်ငံနှင့် ပြောင်းဖူးစေ့ကို ကိုတာစနစ် အတွင်းမှ တင်ပို့ခွင့်ရရှိရေးအတွက် ကြိုးပမ်းနေသဖြင့် သဘောတူညီ ချက်ရရှိပါက တရုတ်ဈေးကွက်အတွင်းသို့ ပြောင်းတင်ပို့နိုင်မည် ဖြစ် ပါသည်။ ထိုကဲ့သို့ နယ်စပ်မှ ပြောင်းတင်ပို့ခွင့် အခက်အခဲဖြစ်ပေါ်နေ ချိန်တွင် ထိုင်းနယ်စပ်မှ ပြောင်းဖူးစေ့ဝယ်ယူသဖြင့် ပြောင်းဖူးစေ့စိုက် ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအတွက် အသက်ရှူချောင်လာ သည်ကိုတွေ့ရသည်။ တရုတ်နိုင်ငံအနေဖြင့် ယခင်နှစ်က ပြောင်းဖူး စေ့ကို ဘရာဇီးမှတင်သွင်းခြင်းအား အခွန်သီးခြားထားရှိပြီး အာဆီယံ နိုင်ငံများအား အနည်းငယ်လျှော့ပေးသဖြင့် ဗီယက်နမ်နှင့် ထိုင်းမှ ပြောင်းအများအပြားကို တရုတ်သို့တင်ပို့ခဲ့သော်လည်း ၂၀၁၈ ကုန်ခါနီးတွင် တင်သွင်းခွင့်အခွန်ကို အာဆီယံနိုင်ငံများကိုပါ တစ်ပြေးညီသတ်မှတ်ခဲ့သဖြင့် ဘရာဇီးမှပြောင်းများ တရုတ်သို့ ပြန်လည်တင်သွင်းနိုင်လာပြီး အာဆီယံ နိုင်ငံများအနေဖြင့် လျော့နည်းသွားခဲ့သည်။ လက်ရှိ ထိုင်းနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများမှာ တစ်ဟုန်ထိုး တိုးတက်လာ သဖြင့် ပြောင်းဖူးစေ့လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိကာ သယ်ယူစရိတ်သက်သာသည့် မြန်မာနိုင်ငံမှပြောင်းကို နယ်စပ်မှ တင်သွင်းခြင်းအားများစွာပြုလုပ်လာပြီး ကာလ ကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန်လည်း နှစ်ဖက်ပူးပေါင်းကြိုးပမ်းလျက်ရှိပါသည်။ ပြေလည်နိုင်မည်ဟု အကောင်းမြင်စိတ်ဖြင့် ခန့်မှန်းလိုပါသည်။ အကယ်၍ တရုတ်နိုင်ငံနှင့်အပြင် ထိုင်းနိုင်ငံနှင့်ပါ ပြောင်း ရောင်းဝယ်မှုအဆင်ပြေချောမွေ့ပါက မြန်မာနိုင်ငံအနေဖြင့် ပြောင်းကို အဓိကသီးနှံအဖြစ် စိုက်ပျိုးရေး ကိုပါ တောင် သူများအနေဖြင့် ထည့်သွင်းစဉ်းစားသင့်ပါသည်။ 

အရေးကြီးသည့် အရည်အသွေး
      မျိုးကောင်းမျိုးသန့်များကို  စိုက်ပျိုးလာသည်နှင့်အမျှ အထွက်နှုန်းတိုးလာပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လည်း လျော့နည်းကာ တောင်သူများအတွက် အကျိုးရှိသော၊ တွက်ခြေကိုက်သော သီးနှံတစ်ခုဖြစ်လာနိုင်ပါသည်။ သို့သော်အရေ းကြီးသော စိန်ခေါ်မှုတစ်ရပ်မှာ အစိုဓာတ်နည်းနည်းနှင့် သိုလှောင်နိုင်ရေးဖြစ်ပါသည်။ အစိုဓာတ်များစွာဖြင့် သိုလှောင်မိပါက မှိုဆိပ်ကြောင့် အစေ့များမည်းပြီး အရည်အသွေးကျဆင်းသဖြင့် ဝယ်ယူလိုမှု လျော့နည်းမည်ဖြစ်သည်။  သို့ဖြစ်၍ ပြည်ပတင်ပို့သူများ၊ သိုလှောင်ရောင်းဝယ်မည့်သူများအနေဖြင့်  အခြောက်ခံစက်များကို စနစ်တကျဆောက် လုပ်သုံးစွဲရန် လိုအပ်မည်ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် စနစ်တကျ ပြောင်းအခြောက်ခံစက်များအား ကြီးကြီး မားမားနှင့် များများစားစား မတွေ့ရှိရသဖြင့် တစ်နှစ်ပတ်လုံးအစိုဓာတ်များပြားသည့်အပြင် ပြောင်းစိုက်ပျိုးမှုလည်း များပြားသည့် ရှမ်းပြည် နယ်ကဲ့သို့ဒေသများတွင် အခြောက်ခံစက်များ မဖြစ်မနေ လိုအပ်လာမည်ဖြစ်ပါသည်။ ထို့ပြင် တောင်သူများအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် အခြောက်ခံစက်များကို ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိနိုင်သဖြင့် စဉ်းစားဆောင်ရွက်သွားရန်၊ ကြိုတင် ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာ့ပြောင်းဖူးစေ့၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကို အကောင်းမြင်စိတ်ဖြင့် ရှုကြည့်ရင်း ကြိုတင်မျှော်မှန်းတင်ပြအပ်ပါသည်။ 

 

မျိုးသူ (ကုန်သွယ်မြှင့်)