Main menu

Background

ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ နွယ်ငြိမ်းကျေးရွာထုတ်ကုန် စဉ့်အိုးနှင့် စဉ့်လူသုံးကုန်အမျိုးမျိုး

Mon, 08/14/2023 - 11:43 -- journal_editor

စဥ့်လုပ်ငန်းအတတ်ပညာကို အာရှအနောက်ပိုင်းနိုင်ငံများတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၉၀ဝ ခန့်ကပင် လုပ်ကိုင်နေခဲ့ကြပြီး၊ မြန်မာ နိုင်ငံတွင် ၁၁  ရာစုခန့်(ပုဂံခေတ်)တွင် စဥ့်သုတ်လုပ်ငန်းကို လုပ် ဆောင်တတ်ခဲ့ကြသည်ဟု ယူဆကြောင်း ပညာရှင်များကဆိုသည်။ ပုဂံခေတ် အိုးလုပ်ငန်းသည် စဥ့်သုတ်အတတ်ပညာကို ရရှိလာသဖြင့် များစွာဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ၁၁ ရာစုအလယ်ခန့်က တည်ထားခဲ့ သည်ဟု ခန့်မှန်းရသော ငကျွဲနားတောင်းဘုရားကို စဥ့်အုတ်များဖြင့် တည်ဆောက်ထားသည်ကို  တွေ့ရှိရကြောင်း သမိုင်းပညာရှင်များ ကဆိုသည်။  ပုဂံမြို့တောင်ဘက် နှစ်မိုင်အကွာ မြင်းကဘာရွာတွင် စဥ့်ဖိုများရှိသည်။ ၁၂ ရာစုက တည်သောဘုရားများတွင် အစိမ်းရောင် စဥ့်အုတ်ခွက်များကို အများအပြား အသုံးပြုထားသည်ကို တွေ့ရှိရ သဖြင့် ပုဂံခေတ် ၁၁  ရာစု အလယ်ခန့်တွင် ပုဂံပြည်၌ စဥ့်လုပ်ငန်းကို စတင်တတ်မြောက်ထွန်းကားလာခဲ့သည်ဟု ဆိုနိုင်သည်။ စဥ့်အတတ် ပညာကို ရှမ်းများက တရုတ်ပြည်မှ ယူဆောင်လာခြင်းဖြစ်မည်ဟု ခန့်မှန်းကြောင်း လေ့လာသိရှိရသည်။
၁၄ ရာစုလောက်ကတည်းက မြန်မာ့စဥ့်အိုးလုပ်ငန်းကို ပြည် တွင်း၌ သာမက ပြည်ပနိုင်ငံများက သိရှိပြီး ထင်ရှားခဲ့သည်။ မုတ္တမ အိုး သို့မဟုတ် ပဲခူးအိုးဟု ကျော်စောခဲ့သော စဥ့်အိုးများအကြောင်းကို အေဒီ ၁၃၅၀ ခန့်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မှတ် တမ်းများတွင် တွေ့ရကြောင်း သိရှိရသည်။ ထိုစဥ့်အိုးများကို တွံတေး တွင်ထုတ်လုပ်ပြီး  မုတ္တမမှဖြန့်ဖြူးခဲ့ရာ ထိုစဉ်က အိန္ဒိယသမုဒ္ဒရာ အတွင်း၌ ကူးသန်းသွားလာနေသော  သင်္ဘောများက အများအပြား ဝယ်ယူ၍ အိန္ဒိယနှင့် အာရေးဘီးယားနိုင်ငံများအထိ တင်ပို့ရောင်းချ ခဲ့ကြသည်။ မုတ္တမအိုး သို့မဟုတ် ပဲခူးအိုးဟု နိုင်ငံခြားသားများက အမည်ပေးထားသော စဥ့်အိုးများသည် ၁၉  ရာစုအထိ ကျော်စော ထင်ရှားခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် လန်ဒန်မြို့၌ကျင်းပသော အင်ပါယာ ပြပွဲကြီးတွင်  မြန်မာ့စဥ့်အိုးအရွယ်အစား အမျိုးမျိုးကို တစ်ခမ်း တနားပြသခဲ့ကြောင်း လေ့လာသိရှိရသည်။
စစ်ကိုင်းဝန်းကျင်ဒေသတွင် ၁၇ ရာစုအလယ်လောက်က စဥ့် လုပ်ငန်းရှိခဲ့သည်။ စစ်ကိုင်း   ကောင်းမှုတော်ဘုရားဝန်းကျင်တွင် အဖြူရောင်စဥ့် အုတ်မိုးသော အဆောက်အအုံများရှိပြီး ထိုဒေသမှ အစိမ်းရောင်စဥ့်အုတ်များနှင့် စဥ့်မသုတ်သော အုတ်များကို တွေ့ရ သဖြင့် စစ်ကိုင်းသည်စဥ့်လုပ်ငန်း ထွန်းကားရာ ဌာနတစ်ခုဖြစ်ခဲ့မည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
အလောင်းမင်းတရားလက်ထက် ၁၈ ရာစုအလယ်တွင် ဟံသာ ဝတီ မွန်တို့ ဒေသမှ အိုးအလုပ်သမားများသည် စစ်သုံ့ပန်းအဖြစ် အထက်မြန်မာနိုင်ငံသို့ ပါလာခဲ့ကြသည်။ ၎င်းတို့၏ အသက်မွေးဝမ်း ကျောင်း အတတ်ပညာကို ဆက်လက်လုပ်ကိုင်နိုင်ရန် လုပ်ငန်းနှင့် သင့်လျော်သော ကုန်ကြမ်းရနိုင်သည့်ဒေသတွင် နေရာချထားပေးခဲ့ သည်။ ပထမတွင် ကျောက်မြောင်းရွာမှ ခြောက်မိုင်ခန့်ဝေးသော မအူ အရပ်ကို ရွေးချယ်ကြသော်လည်း အိုးလုပ်ငန်းအတွက် ကုန်ကြမ်းမြေ လှိုင်လှိုင်မရနိုင်သဖြင့် မြေကောင်းသည့် နွယ်ခွေကုန်းတန်း အနီး၌ ရွှေတိုက်ရွာ၊ ရွှေဂွန်းရွာနှင့် နွယ်ငြိမ်းရွာတို့တည်ပြီး အခြေချခဲ့ကြ သည်။ လုပ်ငန်းကို  အားပေးလိုသော ဘုရင်းမင်းမြတ်က လုပ်ငန်း အတွက် သင့်လျော်သော မြေကို  မည်သည့်နေရာမှမဆို တူးယူခွင့်ပြု ခဲ့သည်။ ရွှေနန်းတော်အောက်ကပင် ဖြစ်စေကာမူ တူးခွင့်ပြုသည်ဟု မိန့်တော်မူခဲ့ကြောင်း ရှေးလူကြီးများအစဉ်အဆက် ပြောခဲ့ကြသည့် ပါးစပ်ရာဇဝင် ရှိခဲ့သည်။  ဤသို့ဖြင့် ၁၈ရာစုအလယ်မှစ၍ ရွှေဘို ကျောက်မြောင်းဒေသတွင် စဥ့်လုပ်ငန်းဗဟိုဌာနတစ်ခု ပေါ်ထွန်း လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။
စဥ့်လုပ်ငန်းလုပ်ကိုင်သည့် နွယ်ငြိမ်းကျေးရွာသည် ရွှေဘိုခရိုင် ကျောက်မြောင်းမြို့၊ အမှတ် (၄)ရပ်ကွက်တွင်ရှိပြီး  ရွှေဘိုမြို့၏ အရှေ့ ၁၇ မိုင်အကွာတွင် တည်ရှိသည်။ ကျောက်မြောင်းမြို့သည် ဧရာဝတီ မြစ်ကမ်းဘေးတွင်တည်ရှိသဖြင့် စဥ့်အိုးနှင့်   စဥ့်လူသုံးကုန်များကို ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ဖြင့် ကုန်စည်ကူးသန်းရောင်းဝယ် နိုင်သော အားသာချက်ရှိသည်။ နွယ်ငြိမ်းကျေးရွာတွင် စဥ့်အိုးလုပ် ငန်းကို လွန်ခဲ့သော  နှစ်ပေါင်းများစွာပင် မိရိုးဖလာ လုပ်ငန်းအဖြစ် သားစဉ်မြေးဆက် လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။ စဥ့်အိုးကို လူသုံး ကုန်ပစ္စည်း၊ အလှဆင်ပစ္စည်း၊ မီးဖိုချောင်းသုံး ပစ္စည်း များဟူ၍ အမျိုး အစား သုံးမျိုးပြုလုပ်ရောင်းချကြကြောင်း သိရှိရသည်။
စဥ့်အိုးပြုလုပ်ပုံအဆင့်ဆင့်
စဥ့်အိုးပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ကျောက်မြေနုကြမ်း၊ ညောင်နီမြေ၊ မြေဝါ၊ မြေနုနှင့် လက်ချားတို့ကို အသုံးပြုရသည်။ ကျောက်မြေနုကြမ်း၊ ညောင်နီမြေ  နှစ်ဆကို မြေဝါ၊ မြေနုသုံးဆရော ၍ အမှုန့်ကြိတ်ပြီး  ရရှိသောမြေမှုန့်ကို ရေနှင့်လုံးကာ ရွှံ့စေးဖြစ် အောင် ပြုလုပ်ရသည်။  ရွှံ့စေးမြေကို အိုးလုပ်စက်ပေါ်တင်၍ မိမိ ပြုလုပ်လိုသည့် အိုးပုံစံရုပ်လုံးဖော်ကာ အိုးပြုလုပ်ရသည်။ အိုး ရုပ်လုံး ပေါ်လာပြီးနောက် လိုအပ်သောပုံ ပန်းချီရေးချယ်သည်။ ပြီးနောက် နေရိပ်၌ ၁၀ရက်  သို့မဟုတ် ၁၅ ရက်ခန့် အခြောက်ခံရသည်။ အိုး အခြောက်များကို နေပူတွင်  ထုတ်လှန်းကာနေပြ၍ အိုးပူလာလျှင် ချော်ရည်များ သုတ်လိမ်းရသည်။ ချော်ရည်သုတ်ပြီးသော အိုးများကို မီးဖိုတွင်သွင်း၍ ကြာမြင့်ချိန် နှစ်ရက်(၄၈နာရီ)ခန့် မီးဖုတ်ရသည်။ မီးဖုတ်ပြီးအိုးများကို မီးဖိုထဲတွင် သုံးရက်ခန့် အအေးခံထားပြီး အပြင် သို့ထုတ်ပါက ရောင်းတမ်းဝင် အိုးချောများရရှိကြောင်း သိရှိရသည်။
ကုန်ကြမ်းပစ္စည်းဈေးနှုန်းနှင့်  လုပ်သားအခြေအနေ
ကုန်ကြမ်းပစ္စည်းများဖြစ်သည့် စဥ့်အိုးပြုလုပ်ရန် မြေနှင့် ထင်းများကို တစ်နှစ်စာလှောင် ထား ပြီး လက်ချားကို တရုတ်ပြည်သို့ မှာယူကြောင်း သိရှိရသည်။ ယခင် လက်ချား ၃၀ကီလိုဝင် တစ်အိတ် လျှင် ကျပ်နှစ်သောင်းကျော်ရှိပြီး၊ ယခု ကျပ် တစ်သိန်းငါးသောင်းကျော် ဈေးဖြင့်ဝယ်ကာ စဥ့်အိုး ဖိုကြီးတစ်ဖိုလျှင် လက်ချား ၃၀ကီလိုဝင် သုံးအိတ်မှ လေးအိတ်ထိ အသုံးပြုရကြောင်း သိရသည်။ 
နွယ်ငြိမ်းကျေးရွာတွင် စဥ့်အိုးလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်း ရှင် ၂၀ ခန့်ရှိပြီး လုပ်ငန်း အကြီး/အသေးပေါ်မူတည်၍ လုပ်သား ၁၀ဦးမှ ၅၀ဦးထိ  အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်ကာ လုပ် သားတစ်ဦး တစ်ရက်လျှင် ကျပ်ခြောက်ထောင်မှ ကျပ်တစ်သောင်း ကြား လုပ်အားခပေးချေကြောင်း သိရသည်။  နွယ်ငြိမ်းကျေးရွာနေ ပြည်သူများသည် စဥ့်အိုးလုပ်ငန်းအပြင် ၎င်းနှင့်ဆက်စပ်သည့် ကုန် ကြမ်းမြေသယ်ယူခြင်း၊ မြစ်အတွင်း မျောပါလာသည့် ထင်းဆယ်ယူ စုဆောင်းပြီး ရောင်းချခြင်း၊ ကားနှင့်သင်္ဘောများသို့ စဥ့်အိုးတင်ခြင်း၊ စဥ့်ထည်ပစ္စည်းများကို ဖောက်သည်ယူ၍ ရောင်းချခြင်း စသည့် အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိကြောင်း သိရှိရသည်။
ဈေးကွက်၊ ဈေးနှုန်း
နွယ်ငြိမ်းကျေးရွာတွင် ယခု ပိဿာ ၅၀ ဝင်နှင့် ပိဿာ ၁၅၀ ဝင် စဥ့်အိုးများကို အများဆုံးပြုလုပ်ပြီး ပိဿာ ၁၀ဝ ဝင်နှင့် ပိဿာ ၂၀ဝ ဝင် စဥ့်အိုးကြီးများကို အမှာစာရရှိပါက ထုတ်လုပ်ကြောင်း သိရသည်။ လူသုံးကုန်ပစ္စည်းများဖြစ်သော စဥ့်ပန်းအိုး အရွယ်အမျိုး မျိုး (၆လက်မမှ ၃ပေ ထိ)ကို အရွယ်အစားပေါ်မူတည်၍ လက်ကား ဈေးများမှာ ၁၈၀ဝကျပ်မှ  ၁၂၀ဝ၀ကျပ်ထိ၊ ပိဿာ ၁၅၀ ဝင် စဥ့်အိုးကြီးများမှာ ကျပ် သုံးသောင်းမှ ကျပ်ငါးသောင်းထိ ရောင်းချ ကြောင်း သိရသည်။
လူသုံးကုန်ပစ္စည်းဖြစ်သည့် သောက်ရေထည့်သည့်  စဥ့်အိုး ရာဝင်အိုးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ရပြီး၊ အလှဆင်ပန်းအိုးများ ကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက် ပိုင်း) စသည်ဖြင့် မြန်မာပြည်အနှံ့၊ မီးဖိုချောင်းသုံးပစ္စည်း များကိုလည်း မြန်မာပြည်အနှံ့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ 
ယခင်က နွယ်ငြိမ်းကျေးရာမှထွက်ရှိသည့်  စဥ့်အိုးများကို ပြည်ပသို့တင်ပို့ ရောင်းချနိုင်ခဲ့ကြကြောင်း သိရှိရသည်။ ပြည်ပသို့ တင်ပို့သည့်  စဥ့်အိုးများ၏   အရည်အသွေးကို သီးသန့်ပြုလုပ်ကြ သည်။ ယခင်က နွယ်ငြိမ်းကျေးရွာရှိ ဗ၁ စဥ့်အိုးလုပ်ငန်းမှ အင်္ဂလန် နိုင်ငံ၊ စပိန်နိုင်ငံ၊ အစ္စရေး နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ခဲ့ ကြောင်း သိရှိရသည်။ ပြည်ပသို့ တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ ဗ၁ အိုး လုပ်ငန်းသို့လည်းကောင်း၊ နန္ဒဝန်ကုမ္ပဏီသို့လည်းကောင်း၊ ွသိူနည ဠသငခန ကုမ္ပဏီသို့ လည်းကောင်း စဥ့်အိုးများကို ရေယာဉ်များဖြင့် အရောက်ပို့စနစ် ကျင့်သုံး၍ ရန်ကုန်မှတစ်ဆင့် နိုင်ငံစုံ၊ အေးဂျင့်လိုင်း စုံသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ  စဥ့်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ‌ဒေါက်တာ မျိုးသန့်တင်ကဦးဆောင်ပြီး ပြည်ပ ပညာရှင်များနှင့်ပူးပေါင်း၍ ပြည်ပ ပို့သည့် စဥ့်ထည်များ၌ “ခဲ”ဆိပ် ပါဝင်ခြင်းရှိ/မရှိကို ၂၀၁၃ခုနှစ်က နွယ်ငြိမ်းစဥ့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ပါဝင်မှုမရှိဟု အသိ အမှတ်ပြုခဲ့ကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။ 
၂၀၁၉  ခုနှစ်နောက်ပိုင်း ပြည်ပသို့စဥ့်အိုးများ တင်ပို့ခြင်း လုပ်ငန်း မရှိတော့၍ ပြည်တွင်းဈေးကွက်  တစ်ခုတည်းသာ  တင်ပို့ ရောင်းချနေကြရကြောင်း သိရှိရသည်။ စဥ့်အိုးလုပ်ငန်းသည် စား သောက်ကုန်လုပ်ငန်းကဲ့သို့   နေ့စဉ်သုံးမဟုတ်သော လူသုံးကုန် ပစ္စည်းများဖြစ်၍ ယခုအခါ ပုံမှန်သာထုတ်လုပ် တင်ပို့ ရောင်းချနေရ ကြောင်း သိရသည်။ စဥ့်ထည်များကို  မီးဖုတ်ရာတွင် ထင်းကိုအသုံးပြု ခြင်းမှ ထင်းအစားထိုး ဂက်စ်ဖြင့်စမ်းသပ်၍ဖုတ်ခဲ့ရာ ဂက်စ်သည် ထင်းမီးထက် လိုအပ်သော အပူချိန်ကို ထိန်းညှိနိုင်ခြင်း၊ ထင်းမီး ကုန် ကျစရိတ်ထက် သက်သာခြင်းများ ရှိသော်လည်း ဒေသတွင်းဂက်စ် အရောင်းဆိုင်မရှိ ခြင်း၊ တိုင်းခြား အရောင်းဆိုင်များသို့ သွားရောက် ဝယ်ယူရာတွင် အခက်အခဲများရှိခြင်းတို့ကြောင့် ဂက်စ် ကိုအသုံးမပြု နိုင်တော့ဘဲ ထင်းမီးဖြင့်သာ ဆက်လက်သုံးစွဲနေရကြောင်း လုပ်ငန်း ရှင်တစ်ဦးထံမှ သိရသည်။
ယနေ့ခေတ်တွင် ခေတ်မီဆန်းသစ်သော ပလတ်စတစ် လူသုံး ကုန်ပစ္စည်းများ မည်မျှပင် ပေါ်ပေါက်စေကာမူ ရှေးမြန်မာ့လက်မှု ပစ္စည်းများဖြစ်သော  စဥ့်အိုးနှင့်စဥ့်လူသုံးကုန် စဥ့်ပန်းအိုးမျိုးမျိုးကို မြန်မာလူမျိုးများသည် နှစ်ခြိုက်စွာ သုံးစွဲကြမြဲဖြစ်၍ နွယ်ငြိမ်းစဥ့်လုပ် ငန်းများကတော့  တိမ်မြုပ်ပျောက်ကွယ်သွားမှုမရှိဘဲ   အစဉ်အမြဲ ဆက်လက်ရှင်သန်နေမည်ဖြစ်ကြောင်း   ရေးသားတင်ပြလိုက်ရပါ သည်။  

 

သန်းသန်းတင် (မုံရွာ)