Main menu

Background

ဂျပန်ဈေးကွက်သို့ မြန်မာ့ပျားရည်ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် အလားအလာများစွာရှိ

Mon, 09/11/2023 - 12:50 -- journal_editor

ဂျပန်နိုင်ငံသည် ကမ္ဘာ့တတိယအများဆုံး  ပျားရည်တင်သွင်း သည့်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၈ သန်းတန်ဖိုး တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံတွင် ပျားရည်သုံးစွဲမှု၏ ၉၅ ရာခိုင်နှုန်းကို   ပြည်ပမှ တင်သွင်းလျက်ရှိပြီး နှစ်စဉ် ပျမ်းမျှအားဖြင့် တန်ချိန် ၄၅၀ဝ၀ ကျော်   တင်သွင်းလျက်ရှိ သည်။
၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်၌  ပျားရည်အများဆုံးတင်သွင်း ခဲ့သည့်နိုင်ငံများမှာ အမေရိကန်  ၂၉% ၊  ဂျာမနီ (၁၀.၉%)၊ ဂျပန် (၅.၇%)၊ ပြင်သစ်(၅.ဝ၉%)နှင့်   ဗြိတိန် (၄.၆၃%)တို့ဖြစ်ကြပြီး အများဆုံး တင်ပို့ခဲ့သည့်နိုင်ငံများမှာ တရုတ် (၁၀.၅%)၊ နယူးဇီလန် (၁၀.၁%)၊ အာဂျင်တီးနား (၈.၇%)၊ အိန္ဒိယ(၈.၆၅%) နှင့် ယူက ရိန်း(၅.၂%)တို့ ဖြစ်ကြသည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၉ နိုင်ငံမှ ပျားရည်တင်ပို့ခဲ့ကြသည့်နိုင်ငံများတွင် မြန်မာနိုင်ငံက ပျား ရည် တင်ပို့ခဲ့မှုမှာ   အဆင့်(၄၈)နေရာတွင်ရှိခဲ့ပြီး ကမ္ဘာ့စုစုပေါင်း တင်ပို့မှု၏ သုည ဒသမ၁၂ ရာခိုင်နှုန်းဖြစ်သဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၇သန်းတန်ဖိုး တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပျားရည်အများဆုံး  တင်ပို့ခဲ့ သည့်နိုင်ငံများမှာ ဂျပန်၊  ထိုင်း၊  အမေရိကန်၊   တောင်ကိုရီးယား၊ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံ(တိုင်ပေ)တို့ ဖြစ်ကြပြီး   မြန်မာနိုင်ငံမှ စုစုပေါင်း ပျားရည်တင်ပို့မှု၏ ၇၂ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံကို တင်ပို့ ခဲ့သည်ကို တွေ့ရှိရသည်။
ဂျပန်လူမျိုးများသည် ကျန်းမာရေးကို အထူးအလေးထားသည့် လူမျိုးများဖြစ်သည့် အားလျော်စွာ အရည်အသွေးပြည့်ဝသည့် တန်ဖိုး မြင့်သဘာဝအခြေပြုထုတ်ကုန်များကို အလေးထား သုံးစွဲလာကြကာ ပျားရည်ကို ပိုမိုအသုံးပြုလာကြသည်ကို တွေ့ရှိရသည်။ ဂျပန်နိုင်ငံ တွင် ပျားရည်ကို ယိုမျိုးစုံ၊ ဂျယ်လီ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ပီဇာ၊ ရေခဲမုန့် စသည့် စားသောက်ကုန်များနှင့် အဖျော်ယမကာများ၊ ကျန်းမာရေး ဆိုင်ရာ ထုတ်ကုန်များ၊ ဆေးဝါးများနှင့် အလှကုန်များတွင်  အဓိက သုံးစွဲလေ့ရှိကြပြီး  ကျန်းမာရေးကို   ပိုမိုအထောက်အကူဖြစ်စေရန် အတွက် သကြားအစားထိုးအဖြစ်လည်းကောင်း၊   ပျားရည်အသုံးပြု သည့်    စားသောက်ကုန်များ   ပိုမိုတာရှည်ခံသည့်အတွက်လည်း ကောင်းပျားရည်သုံးစွဲမှု ပိုမိုမြင့်မားလာကာ ဝယ်လိုအား ပိုမိုမြင့်တက် လာသည်ကို တွေ့ရှိရသည်။  
ဂျပန်နိုင်ငံတွင် တစ်ဦးလျှင် ပျားရည်သုံးစွဲမှုပမာဏမှာ ပျမ်းမျှ အားဖြင့် သုည ဒသမ ၃၇ ကီလိုဂရမ်ရှိပြီး  ပျားရည်၏ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုးများကြောင့် စားသောက်ကုန်၊ အဖျော်ယမကာ များနှင့် ကျန်းမာရေးဆိုင်ရာ  ထုတ်ကုန်များတွင် ပိုမိုသုံးစွဲလာပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း ပျားရည်သုံးစွဲမှု နှစ်စဉ်တိုးတက်မှု နှုန်းမှာ ပျမ်းမျှအားဖြင့် ၄ ဒသမ ၉ရာခိုင်နှုန်းရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။ လက်ရှိတွင် ဂျပန်နိုင်ငံ၌ ပျားရည်  လက်ကား ဈေးနှုန်းမှာ   တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ၂ ဒေါ်လာမှ ၁၇ဒသမ၅ ဒေါ်လာအထိရှိပြီး လက်လီဈေးနှုန်းမှာ တစ် ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၆  ဒေါ်လာမှ  ၂၅ ဒေါ်လာ အထိရှိနေသည်ကို တွေ့ရှိရသည်။
၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ပျားရည်အများဆုံး   တင်သွင်းခဲ့ သည့်နိုင်ငံများမှာ   တရုတ် (၃၉%)၊ ကနေဒါ (၁၄.၆ %)၊ နယူး ဇီလန်(၁၃.၄%)၊ အာဂျင်တီးနား(၇.၉%)၊ ဟန်ဂေရီ(၇.၁%)၊ ရိုမေးနီးယား (၂.၄%)၊ သြစတြေးလျ (၂.၂%)၊ မြန်မာ (၂.ဝ၇%)၊ ယူကရိန်း (၂.ဝ၅%)နှင့် မက္ကဆီကို (၁.၇%)တို့ ဖြစ်ကြသည်။ ဂျပန် နိုင်ငံအနေနှင့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၀၆ သန်းတန်ဖိုးရှိ ပျားရည်များ တင်သွင်းခဲ့သည်ကို တွေ့ရှိ ရပြီး ကမ္ဘာ့နိုင်ငံများမှ စုစုပေါင်းတင်သွင်းမှု၏၂ ဒသမ ဝ၇ ရာခိုင်နှုန်း ရှိ၍ အဆင့်(၈)နေရာတွင်ရှိနေသည်ကို    တွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပျား ရည် တင်သွင်းမှုမှာ နှစ် စဉ်တိုးတက်ခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၁၆ ဆ များပြားလာသည်ကို တွေ့ရှိရသည်။ ဂျပန်နိုင်ငံအနေနှင့် ၂၀၂၃ ခုနှစ်  မေလအထိတွင်   အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၅ ဘီလီယံ တန်ဖိုးရှိ ပျားရည်များ တင်သွင်းခဲ့သည် ကို တွေ့ရှိရသည်။ 

ဂျပန်နိုင်ငံသည်     ပျားရည်တင်သွင်းသည့်နိုင်ငံဖြစ်သကဲ့သို့ ပျားရည်တင်ပို့သည့်နိုင်ငံလည်းဖြစ်ရာ ၂၀၂၂ ခုနှစ်တွင်  ဂျပန်နိုင်ငံမှ ပျားရည်အများဆုံး တင်ပို့ခဲ့သည့်နိုင်ငံများမှာ  တရုတ် (၂၇.၃၀%)၊ ဟောင်ကောင်(၂၅.၁၈ %)နှင့် စင်ကာပူ(၁၇.၇၃%)တို့ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ပျားရည်တင်ပို့မှုမှာ ကမ္ဘာ့အဆင့် ၇၈ နေရာတွင်ရှိပြီး  အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈ သန်း  တန်ဖိုး တင်ပို့ခဲ့သည်ကို  တွေ့ရှိရသည်။ ၂၀၂၁ ခုနှစ်နှင့်  နှိုင်းယှဉ်ပါက  ၂၀၂၂ ခုနှစ်တွင် ပျားရည်တင်ပို့မှုမှာ ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် မေလအထိ   ပျားရည်တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၆ ဒသမ ဝ၂ သန်းရရှိခဲ့သည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ပျားရည်များ တင်ပို့ရာတွင် အခြား သော စားသောက်ကုန်များနှင့်ဆက်စပ်သည့်ကုန်စည်များ   တင်ပို့ သည့်နည်းတူ ဂျပန်နိုင်ငံ၏ စားသောက်ကုန်သန့်ရှင်းရေး အက်ဥပဒေ (Food Sanitation Act)) ပုဒ်မ ၂၇ အရ    Notification Form for Importation of Foods ကို   ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမား နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသို့  ကြိုတင်တင်ပြရန်  လိုအပ်မည်ဖြစ် သည်။ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနQuarantine Station ရှိ စစ်ဆေးရေးအရာရှိက တင်ပို့လာသည့် နိုင်ငံ၊ ကုန်စည်အမျိုးအစား၊ ထုတ်လုပ်တင်ပို့သူ၊   ထုတ်လုပ်သည့် နေရာ၊ ကုန်စည်တွင်ပါဝင်သည့်ပစ္စည်းများ၊  ထုတ်လုပ်မှုနည်းစနစ် များ၊ ထပ်ဖြည့်ပစ္စည်း Food Additives)သုံးစွဲမှုအခြေအနေ၊  စားသောက် ကုန် သန့်ရှင်းရေးအက်ဥပဒေပါ  စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်လုပ်ထားခြင်း ရှိ/မရှိ၊ ဂျပန်နိုင်ငံ၏ စံသတ်မှတ်ချက်များနှင့် အညီ အစားအသောက် ထပ်ဖြည့်ပစ္စည်း additives) များကို သုံးစွဲထားခြင်း ရှိ/မရှိ၊ အဆိပ်အတောက်ဖြစ်စေသော၊  အန္တရာယ် ဖြစ်စေသောအရာများ ပါဝင်ခြင်း ရှိ/မရှိ၊ ထုတ်လုပ်သူနှင့်ထုတ်လုပ် သည့်နေရာဒေသတို့သည် ယခင်က သန့်ရှင်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့မှု ရှိ/မရှိ  စသည်တို့ကို လုပ်ငန်းစဉ်များအတိုင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်။ ဂျပန်နိုင်ငံက   တရုတ်နိုင်ငံထံမှ  ပျားရည် ဝယ်ယူတင်သွင်းနေရ သကဲ့သို့ တရုတ်နိုင်ငံသို့လည်း ပျားရည်ပြန်လည်တင်ပို့မှုရှိနေသည် ကို တွေ့ရှိရသည်။ တရုတ်၊ ဟောင်ကောင်နှင့် စင်ကာပူတို့ကိုလည်း တင်ပို့နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါဈေးကွက်များသို့ မြန်မာ နိုင်ငံမှလည်း ပျားရည်များ တိုးမြှင့်တင်ပို့သင့်ပြီး အဓိကဈေးကွက်ဖြစ် သည့် ဂျပန်နိုင်ငံ၏ လုပ်ထုံးလုပ်နည်း  သတ်မှတ်ချက်များကိုလည်း လိုက်နာရန် လိုအပ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

Source  စီးပွားရေးသံမှူး၊ တိုကျိုမြို့၊ မြန်မာသံရုံး

ရီရီဝင်း