Background
ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ ယခုတစ်ပတ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝဝဝ ကျော်ကို လျော့ကျခဲ့ သလို ယခုသီတင်းပတ်(မတ်လ ၁၇ ရက်မှ ၂၃ ရက်)မှာလည်း တန်ချိန် ၂ဝဝဝ ကျော် ကို ဆက်လက်ကျဆင်းခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲစင်းငုံ အသစ်တွေ ဝင်ရောက်မှု တိုးတက်လာတာကြောင့် မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျလာခဲ့တာဖြစ်ပါတယ်။ ယခုသီတင်းပတ် ပြည်တွင်းဈေးကွက်မှာလည်း ပြည်ပအဝယ်နည်းတာကြောင့် တစ်ပတ်လုံး ဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ သီတင်း ပတ်နောက်ဆုံးရက်မှာတော့ ဈေးပြန်မတ်လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ မတ်လ ၂၅ ရက်မှာ ပဲစင်းငုံနီ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့အဖြူ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝနဲ့ ပဲစင်းငုံနီ (အဟောင်း) FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပြည်မတ်ပဲဈေးပြန်မာလာ ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး စစ္စရံ၊ သက်ကယ်မြှောင်နဲ့ ပြည်ပတ်ဝန်းကျင်နယ်များမှ မတ်ပဲများအဝင်များနေပြီး တစ်နေ့ကို အိတ် ၆ဝဝ- ၇ဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် အရောင်းအဝယ်အေးခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်သမား၊ ရန်ကုန်ဝယ်လက်များ အဝယ်များနေလို့ မတ်ပဲတစ်တင်းဈေးမှာ ၂၃၅ဝဝ-၂၃၈ဝဝ ကျပ်နဲ့ ဈေးအနည်းငယ်တက်ခဲ့ပြီး၊ နေ့စဉ် ဝင်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး အနောက် တစ်တိုင်းလုံးမှ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ ပဲစီးဆင်းမှုကတော့ ပျမ်းမျှ တစ်နေ့ကို ၅၇ဝဝ အိတ်ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
ဟင်္သာတမတ်ပဲဈေးပြန်အေး ဟင်္သာတဈေးကွက်အတွင်းသို့ မတ်ပဲသစ်များ ဝင်ရောက်မှုနည်းသွားလို့ ရောင်းဝယ်မှုလည်း ယခင်တစ်ပတ်ထက် ပိုအေးသွားပါတယ်။ ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း မိုးရွာသွန်းမှုကြောင့် ပဲအိတ် ၅ဝဝ မှ ၈ဝဝ သို့သာ အဝင်ရှိပြီး ပိဿာ ၂ဝ ဝင် ပဲတစ်တင်းကို ယခုတစ်ပတ်တွင် ၂၃၆ဝဝ ကျပ်ဈေးသို့ ပြန်အေးသွား ပါတယ်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း တစ်တင်းခွဲ ဝင်အိတ် ၇၅ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ အေးအေးခိုင်
မုံရွာတစ်ဖက်ကမ်းတွင် ဆောင်းမတ်ပဲများ စတင်ရိတ်သိမ်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်ပဲ (ဆောင်း) စိုက်ပိုျးရန်လျာထား ဧက ၁ ဒသမ ၄၅ သိန်းအနက် ၁ ဒသမ ၅ သိန်းကျော် ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ရာ မုံရွာတစ်ဖက်ကမ်း ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြပြီး ဧပြီလလောက်တွင် မတ်ပဲ (ဆောင်း) အသစ်များ စတင် ထွက်ပေါ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပဲအသစ်ပေါ်ခါနီးလို့ လက်ကျန် အဟောင်း ပဲများကုန်အောင် တောင်သူနဲ့ ကုန်သည်တွေ ထုတ်ရောင်းနေကြလို့ မတ်ပဲ ဈေးအေးသွားကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ မတ်ပဲ တစ်ပိဿာပေါက်ဈေး မတ်လ ပထမပတ်မှာ ၁ဝ၆၅ ကျပ်မှ ဒုတိယပတ်မှာ ၁၁၅ဝ ကျပ်သို့ တက်သွားပြီး တတိယပတ်မှာ ၁ဝ၈၅ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ မတ်ပဲတင်း ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာမြို့မှ မန္တလေးမြို့သို့ မတ်ပဲတင်း ၄ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
မတ်ပဲတင်ပို့မှု အနည်းငယ်လျော့ကျ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုအနေနဲ့ မတ်ပဲတန် ၈ဝဝဝ နီးပါးတင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁၇ ရက်မှ ၂၃ ရက်) အတွင်း မှာတော့ တန် ၅၅ဝဝ ကို အနည်းငယ်လျော့ကျတင်ပို့လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာလည်း လက်ကျန်ရှိနေပြီး ဈေးကျဆင်းနေတာကြောင့် မြန်မာ့မတ်ပဲ ဝယ်အားမတက်လာတဲ့အတွက် တင်ပို့မှု ကျဆင်းခြင်းဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ လက်ရှိပြည်တွင်း ဈေးကွက်အတွင်းမှာ မတ်ပဲဈေး ဆက်တိုက်အေးခဲ့ရာက မတ်လ ၂၅ ရက်မှာတော့ ဈေးပြန်မတ်လာပြီး အရောင်း အဝယ်အသင့်အတင့် ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ကတည်းက တည်ငြိမ်လာခဲ့ရာ မတ်လ ၂၅ ရက်မှာလည်း မတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ- ၁ဝ၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးကွက်ကောင်းလာတဲ့ ကျောက်ဆည်နနွင်း ကျောက်ဆည်မြစ်သားနယ်ကထွက်တဲ့ နနွင်းတက်ဟာ အရောင်အဆင်းနဲ့ အရည်အသွေးကောင်းမွန် တာကြောင့် ဈေးကွက်မှာ မျက်နှာပန်းလှနေပါတယ်။ ယခုနှစ် ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက်ဧက ၁၃၇၄ ရှိပြီး၊ အားလုံးတူးဖော်ပြီး ဖြစ်ပါတယ်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၇ သိန်းကျော်သာကုန်ကျခဲ့ပြီး အထွက်နှုန်း ၁ဝဝဝ ပိဿာဖြစ်လို့ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ၇ဝဝ ကျပ်သာကုန်ကျပါတယ်။ စတင်တူးဖော်ချိန်မှာ တစ်ပိဿာ ၂၅ဝဝ ကျပ်သာဈေးရှိခဲ့ရာမှ ယခုရက်ပိုင်း ၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ဈေးကွက်အလားအလာကောင်းမွန်ပြီး တွက်ခြေကိုက်လို့ နနွင်းတက်ကို တိုးခဲျ့စိုက်ပျိုးလာကြတယ်လို့လည်း သိရပါတယ်။ ကျော်မြင့်
ဟိုပုံးနနွင်းဈေးကွက်ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ နာမည်ကြီးဟိုပုံးနနွင်းလည်း ဈေးကွက်ကိုဝင်နေပါပြီ။ အဝင်ကတော့ သိပ်မများသေးပါဘူး။ ဟိုပုံးတောင်ဖက်ဒေသနဲ့ နမ့်ခုတ်မြို့နယ်တွေကနေဝင်လာတာဖြစ်ပါတယ်။ ရှမ်းနနွင်းက တောင်စောင်းများမှာ သဘာဝ အတိုင်း စိုက်တာကြောင့် အသားပွပြီး၊ အရောင်နုပါတယ်။ ကျောက်ဆည်နနွင်းက မြေပြန့်မှာ မြေသြဇာ ကျွေးပြီး စနစ်တကျ စိုက်ပိုျးတာကြောင့် အသားကျစ်ပြီး၊ အရောင်ရင့်တယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက ကျောက်ဆည်နနွင်းနဲ့ အသွင်သဏ္ဍန်ချင်း တူတာကြောင့် ဝယ်လက်တချို့တွေက ပြန်လည်သန့်စင်ပြီး ကျောက်ဆည်ကို ပို့ဖို့ ဝယ်ယူနေကြပါတယ်။ မူဆယ်ကတစ်ဆင့် တရုတ်ပြည်ကိုပို့ဖို့ ဝယ်လက်တွေလည်း ဆင်းဝယ်နေတာကြောင့် ဈေးကလည်း နဲနဲတက်လာပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းတစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာ နနွင်းစ (ရိုးရိုး) ၁၈ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ရှိပြီး၊ ဆင်တောင် နနွင်းက ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းခြောက်တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
နယ်စပ်မှ နနွင်းတက်တင်ပို့မှု အားကောင်းနေ မတ်လ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် နိုင်ငံ သို့ ရှမ်းနနွင်းတက် ၈၈ တန်နီးပါး ကန်ဒေါ်လာ ၁၆ဝ၈ဝဝ ဖိုးနဲ့ စစ်တွေမှ ကန်ဒေါ်လာ ၁၆ဝဝ တန်ဖိုးရှိ နနွင်းတက် ၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှ နနွင်းတက် ၇၃ တန် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ ၁၅ တန်နဲ့ တင်ပို့မှုပိုမိုခဲ့ပါတယ်။ တင်တင်ထွန်း MIRT(DOBT)
မြစ်သားပြီးရင် မြင်းခြံဘက်က ဆက်လက်ထွက်ရှိတဲ့ ဆောင်းကြက်သွန်နီ ဆောင်းကြက်သွန်နီဟာ မြစ်သား၊ ကျောက်ဆည်မှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလလောက်က ပထမဆုံး ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယ ထွက်တဲ့ မြို့နယ်ကတော့ မြင်းခြံမြို့နယ်ဖြစ်ပါတယ်။ မြင်းခြံမြို့နယ် ကန်ဆင့် ရွာမှာ မတ်လဆန်းက စထွက်ပါတယ်။ အခုဆိုရင် နွားထိုးကြီးဘက်က လက်ဝဲ ရွာနဲ့ တောင်သာမြို့နယ်က ဆင်ဖြူရွာ၊ ကြာပို့ရွာတွေ ကြက်သွန်နီတွေလည်း ဈေးကွက်ထဲကိုရောက်နေပါပြီ။ ညောင်ဦးမြို့နယ် ရွာသာယာအနီးက ကျေးရွာ ၆ ရွာရဲ့ ဆောင်းကြက်သွန်နီတွေလည်း မြင်းခြံဈေးကွက်နဲ့ ပခုက္ကူဈေးကွက်တွေ ကို ရောင်းချတယ်လို့သိရပါတယ်။ အခုဆောင်းကြက်သွန်နီကို ကန်ဆင့်ရွာက ဧက ၁၃ဝ ကျော်စိုက်ပြီး၊ တစ်ဧက ၄ သိန်းကျော်ကုန်တော့ အထွက်နှုန်းပိဿာ ၃ဝဝဝ မှ ၃၅ဝဝ ထွက်ရင် တစ်ပိဿာ ကုန်ကျစရိတ်ပျမ်းမျှ ၁၄ဝ ကျပ်လောက် ခန့်မှန်းတယ်လို့ တောင်သူ တွေက ပြောပါတယ်။ အခုရက်အတွင်း မြင်းခြံကုန်စည်ဒိုင်ပေါက်ဈေး ကြက်သွန်နီ (ကြီး) ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်၊ အလတ် ၃ဝဝ ကျပ်၊ ၃၅ဝ ကျပ်၊ အသေး ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ်နဲ့ တစ်ရက်ပျမ်းမျှပိဿာ ၃၅ဝဝဝ-၄ဝဝဝဝ ဝင်ရောက်တယ်လို့ မြင်းခြံ ကုန်စည်ဒိုင်မှသိရပါတယ်။ ကန်ဆင့်ရွာက တောင်သူတွေအနေနဲ့ ပျမ်းမျှ တစ်ပိဿာ ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ် အမြတ်ရကာ တစ်ဧကကို အထွက်နှုန်းပေါ် မူတည်ပြီး ပျမ်းမျှ ၆ သိန်းမှ ၈ သိန်းထိ အကျိုးအမြတ်ရတယ်လို့ ဆိုပါ တယ်။ အရင်နှစ်က ကြက်သွန်နီဈေးကျလို့ တောင်သူတွေ စိုက်ဧကနည်းသွားတယ်လို့ ဆိုပေမယ့် မြေပြင်မှာ တောင်သူတွေက မိရိုးဖလာအတိုင်း ပုံမှန်စိုက်နေတာ တွေ့ရပါတယ်။ စောစောစိုက်တဲ့ တောင်သူတွေအနေနဲ့ လုံ့လ၊ ဝီရိယအကျိုးခံစား ရတယ်လို့ပြောကြပါတယ်။T60
