Background
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်နေ့တာကာလအတွင်း မန်ကျည်း ၁၂၃ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၉၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၇ တန် ဖြစ်ပါတယ်။ အပတ်စဉ်မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံတွေကို ကြည့်ရင် စင်ကာပူနိုင်ငံက အပတ်စဉ်တင်ပို့ရတဲ့ နိုင်ငံဖြစ်ပါတယ်။
အောင်ပန်းချင်း (ဥမ) ထက်နောက်ကျတဲ့ ဟိုပုံးချင်းဥမတွေလည်း ဈေးကွက်ကို ဝင်လာပါပြီ။ ဒါပေမဲ့ ဒီနှစ်က အများကြီးဝင်မလာဘဲ၊ တောင်သူတွေက ငွေလို သလောက်သာဖော်ပြီး ရောင်းကြတယ်လို့ သိရပါတယ်။ အလုပ်သမားခတွေ ဈေး ကြီးတာကြောင့် တွက်ခြေသိပ်မကိုက်လို့ မဖော်ကြတာလည်းပါတယ်လို့ ဆိုပါတယ်။ ချင်းတက်တွေပေါ်ချိန်မှသာ ဖော်ကြတော့မယ်လို့လည်း သိရပါတယ်။
သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၄၀ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၈ တန်ခန့်ကို မြဝတီမှ ၁၅ တန်ခန့်နဲ့ မူဆယ်မှ ၃ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မြဝတီနယ်စပ် မှသာအပို့ရှိခဲ့ပြီး ယခုအပတ်မှာတော့ ၆ တန်ခန့် အပို့ပိုခဲ့ပါတယ်။ MIRT(DOBT)
ပြည်ပကို သြဂုတ်လ ၅ ရက်မှ ၁၁ ရက်နေ့တာကာလအတွင်း ချင်း ၅၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှတစ်ဆင့် စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ ပါတယ်။ ချင်းက ဒီတစ်ပတ်နဲ့ဆိုရင် သုံးပတ်ဆက်တိုက်မှန်မှန်တင်ပို့နိုင်ခဲ့တာ တွေ့ရ ပါတယ်။ ချင်းကို ပြန်လည်တင်ပို့နိုင်ခဲ့တာက ဇူလိုင်လတတိယပတ်မှစပြီး ပြန်လည် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ် ၅၂ တန်တင်ပို့နိုင်ခဲ့သလို ယခင်တစ်ပတ် ကလည်း ၅၂ တန်သာတင်ပို့ခဲ့ပါတယ်။ FOB ဈေးကလည်း ယခင်တစ်ပတ်နည်း တူတစ်တန်ကို ကန်ဒေါ်လာ ၁၄၄၀ ဝန်းကျင်ပဲ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာခုနှစ်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်မတ်ပဲဈေးကွက်ကို ပန်းတောင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်ဘက်မှ တစ်ခါတရံ အိတ် ၁၅၀ - ၂၀၀ ခန့် အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးမှာ တဖြည်းဖြည်းလျော့လာခဲ့ပြီး၊ ပဲတစ်တင်းကို ၁၈၀၀၀ ကျပ်ဈေးသာရှိခဲ့ တယ်လို့ သိရပါတယ်။ ပဲကုန်သည်လက်ဝယ်ရှိ လှောင်ပဲများနဲ့ ဒေသတွင်း မြို့နယ်များမှ ဝင်လာတဲ့ ပဲများလည်း ရန်ကုန်ဝယ်လက် အဝယ်ရှိတယ်လို့ သိရပြီး၊ တစ်နေ့ကို အိတ် ၂၀၀ - ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ယခုတစ်ပတ် အတွင်း ပဲခူးတိုင်းဒေသကြီး ပြည်ဘက်မှ ရန်ကုန်ဘုရင့်နောင်ကို တစ်နေ့ အိတ် ၂၀၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
သြဂုတ်လဆန်းကစပြီး ကယားပြည်နယ် လွိုင်ကော်ဈေးကွက်ကို မိုးပဲတီစိမ်း အသစ်တွေ စတင် ဝင်ရောက်ခဲ့ပြီး၊ ပဲတီစိမ်းတစ်ပိဿာကို ၇၈၀ ကျပ် - ၈၀၀ ကျပ်နဲ့ ဈေးကွက်စတင်ခဲ့ပေမယ့် သြဂုတ်လ ဒုတိယ အပတ်မှာတော့ ပဲတီစိမ်း အသစ်တွေ အဝင်လှိုင်လာသလို တစ်ပိဿာကို ၈၂၀ ကျပ် - ၈၃၀ ကျပ်နဲ့ ဈေး ကလည်း မာလာတာတွေ့ရ ပါတယ်။ ကယားပြည်နယ်မှာ ပဲတီစိမ်းကို ဒီမော့ဆိုးမြို့နယ်က အများဆုံးစိုက်ပျိုး ထွက်ရှိပြီး၊ ဒီနှစ် မိုးပဲတီစိမ်း စိုက်ပျိုးရာမှာ အထွက်နှုန်းလည်းကောင်းပြီး၊ ဈေး ကလဲကောင်းတာကြောင့် ငွေကျပ် ၃ သိန်းခန့် အကျိုးအမြတ် ရရှိခဲ့လို့ မိုးစပါး အတွက် စိုက်စရိတ်နဲ့ သွင်းအားစုဓာတ်မြေသြဇာဝယ်ဖို့ စိတ်ပူစရာမလိုတော့ဘူးလို့ ဆောင်ဒူရွာသစ် ကျေးရွာအုပ်စု ပူဖါးကျေးရွာက ပဲတီစိမ်း ၃ ဧကစိုက်ပျိုးခဲ့သူ တောင်သူ ဦးမောင်စိန်ရဲ့အဆိုအရ သိရပါတယ်။မင်းအောင်
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ တင်ပို့လျက်ရှိတဲ့ အခြား ပဲမျိုးစုံများကတော့ ပဲလွန်းဖြူ၊ ပဲပုပ်စေ့၊ စွန်တာနီပြာ၊ ထောပတ်ပဲနဲ့ ပဲနီကြား တို့ဖြစ်ပါတယ်။ ကန်ဒေါ်လာသုညဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၄၄ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၄၆ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၉၉ သန်းတန်ဖိုးရှိ စွန်တာနီပြာ ၁၅၂ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၈၀ သန်းတန်ဖိုးရှိ ထောပတ်ပဲ တန် ၁၄၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ပဲနီကြား ၁၃ တန်အသီးသီး ဖြစ် ပါတယ်။ ယခင်အပတ်ကထက် ထောပတ်ပဲနဲ့ ပဲနီကြားသာအပို့လျော့ခဲ့ပြီး ကျန်ပဲ များကတော့ ယခင်အပတ်ကထက် အပို့ပိုမိုခဲ့ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၆၅၅ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၈၅၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၇၁ တန်ကျော်ကို သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က အပို့ မရှိခဲ့တဲ့လုံးခြမ်းများ ယခုအပတ်မှာတင်ပို့မှုရှိခဲ့သော်လည်း လုံးပြည့်တင်ပို့မှုကတော့ ယခင်အပတ်ကထက် ၂၂၉ တန်ခန့် လျော့နည်းခဲ့ ပါတယ်။
မုံရွာကုန်စည်ဒိုင် သြဂုတ်လဒုတိယပတ်ပဲဈေးကွက်မှာ ကုလားပဲအုပ်စုဝင် V2 ထိုင်ဝမ်နဲ့ 929 ပဲအားလုံး ပုံမှန် အရောင်းအဝယ်သာဖြစ်ခဲ့ပါတယ်။ V2 အနေနဲ့ ဒေသတွင်း စက်သမား၊ ကြာဇံသမားတွေ အဝယ်ပုံမှန်ရှိပြီး၊ နယ်အဆွဲမရှိ ပေမဲ့ တစ်နေ့ကို အိတ် ၅၀၀ မှ ၇၀၀ ကြား နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့ကာ ပေါက်ဈေးအားဖြင့် ယခုတစ်ပတ်မှာ တစ် တင်းအနိမ့်ဆုံး ၂၁၈၀၀ ကျပ်မှ အမြင့်ဆုံး ၂၂၅၀၀ ကျပ်ဖြစ် ပေါ်ခဲ့ပါတယ်။
မြန်မာနဲ့ ထိုင်းကြက်သွန်ဖြူထွက်ရှိတဲ့ ရာသီဥတု တူ ညီတာကြောင့် မြန်မာဘက်မှကြက်သွန်ဖြူများအား နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလထိ တင်သွင်းခွင့်ပြုထားတယ်လို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အကောက်ခွန်ဌာန တာဝန်ရှိသူနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံတို့ ဇူလိုင်လ ၂၄ ရက်က တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သတင်း ရရှိ ပါတယ်။