Main menu

Background

စစ်ကိုင်းမြို့၏ မြန်မာ့လက်မှုငွေထည်၊ ကြေးထည်လုပ်ငန်းများနှင့် အနာဂတ်အလားအလာ

Tue, 09/15/2026 - 15:30 -- journal_editor

စစ်ကိုင်းမြို့သည် ရှေးမြန်မာမင်းအဆက်ဆက်တို့ ဘာသာ၊ သာသနာပြုစုပျိုးထောင်ခဲ့ရာ သမိုင်းဝင်နယ်မြေဖြစ်ခဲ့သလို ဘာသာ၊ သာသနာစည်ပင်ခဲ့ရာ ရှေးဟောင်းသမိုင်းဝင်မြို့တစ်မြို့လည်းဖြစ်ခဲ့သည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ နေပြည်တော်မှ ပဒေသရာဇ်မင်းများနှင့်တောင်ငူ၊ အမရပူရမန္တလေးမြို့တော်မှ နန်းစံဘုရင်များသည် စစ်ကိုင်းနယ်စစ်ကိုင်းတောင်ရိုးနှင့် မင်းဝံတောင်ရိုးသို့ လာရောက်ကြပြီးဘုရားတည်၊ကျောင်းဆောက်၊ ရေတွင်းရေကန်များ တူးဖော် ကာ ကောင်းမှုကုသိုလ် အဖြာဖြာပြုခဲ့ကြ၍ စစ်ကိုင်းတောင်ရိုးမှ ဘုရားကျောင်းကန်နှင့်  ထုံးစေတီပုထိုးများကို အဝေးကနေပင် ဖူး မြော်ကြည်ညိုနိုင်ခွင့် ရရှိခဲ့ကြပေသည်။ ရှေးစာဆိုရှင်ကြီးများကလည်း
"စစ်ကိုင်းတောင် ဗျိုင်းကောင်နဲ့ တူသလေ:"ဟု  စာဖွဲ့နွဲ့ခဲ့ကြသည့်အတွက် စစ်ကိုင်းသူ၊ စစ်ကိုင်းသားတို့ အမျိုးဘာသာ၊ သာသနာအတွက် ဝင့်ကြွားဂုဏ်ယူနိုင်ခဲ့ကြပေသည်။
ဇေယျာရွှေမြေခေါ် စစ်ကိုင်းမြို့
စစ်ကိုင်းမြို့သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသည်နှင့်အမျှ မြန်မာလက်မှုပညာများလည်း ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့်မြို့တစ်မြို့လည်းဖြစ်ခဲ့လေသည်။ မြန်မာ့လက်မှုပညာများကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းအမွေအဖြစ် ယနေ့အချိန်ထိ ထိန်းသိမ်းစောင့်ရှောက်လုပ်ကိုင်လျက်ရှိကြပေသည်။ မြန့်မာ့ယဉ်ကျေးမှုနယ်ပယ်တွင်ပန်းပညာ(၁၀)မျိုးက ခေတ်အဆက်ဆက်ထွန်းကားခဲ့ပြီး ပန်းပညာ ၁၀ မျိုးအနက်မှ ပန်းထိမ်ပညာရပ်ကို   စစ်ကိုင်းမြို့တွင် ယ‌နေ့အချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်‌ဆောင်ရွက်လျက်ရှိသည်။
‌ငွေထည်၊ ကြေးထည်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုအခြေနေ
ပန်းထိမ်ပညာရပ်ကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီး ယဉ်ကျေးမှုအမွေအဖြစ်ခံယူကာ စစ်ကိုင်းမြို့ရွာထောင်ရပ်ကွက်တွင် ယနေ့အချိန်ထိလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်၂၅၀၊ ပညာရှင် ၁၀ဝ ခန့်နှင့် လုပ်သားအင်အား ၁၀ဝ၀ ဝန်းကျင်ခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ စစ်ကိုင်းမြို့ အသင်္ခယာ စောယွန်းအဝိုင်းပတ်ကျော်လာလျှင် မုံရွာ-မန္တလေးကားလမ်းမကြီး၏ လမ်းဘေးဝဲယာရွှေသမား/ ရွာထောင်ရပ်တို့တွင် ငွေထည်၊ ကြေးထည်လုပ်ငန်းဆိုင်များ ဖွင့်လှစ်‌ရောင်းချလျက်ရှိပြီး အရောင်းဆိုင် ၃၀ ကျော်ခန့်ရှိကြောင်းသိရှိရသည်။ 
ပန်းထိမ်အတတ်ပညာနှင့် ပန်းထိမ်လက်ရာအထောက်အထားများ
မြန်မာ့လက်မှုပညာ ပန်းပညာ ၁၀ မျိုးအနက် ပန်းထိမ်ပညာရပ်သည် ရှေးမြန်မာမင်းများလက်ထက်ကတည်းကထွန်းကားခဲ့ပြီး နန်းတွင်းအဆောင်အယောင်ပစ္စည်းများအဖြစ် ဝင့်ဝင့်ထည်ထည်ထုလုပ်အသုံးပြုခဲ့သည်။ ပန်းထိမ်ပညာရပ်သည် ရွှေ၊ ငွေ၊ ကြေးတို့ကို အသုံးပြုပြီး လက်ဝတ်ရတနာပစ္စည်းများ၊ သာသာနာတော်ဆိုင်ရာပစ္စည်းများ၊ အဆောင်အယောင်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အမှတ်တရပစ္စည်းများ၊ အားကစားဆုတံဆိပ်ပစ္စည်းများကို အနုလက်ရာမြောက်စွာထုဆစ်ခြင်း၊ ရုပ်လုံးရုပြွ်ကဇာတ်တော်ကြီးများထုဆစ်ပုံဖော်ခြင်း၊ ကနုတ်ပန်းများထုဆစ်ပုံဖော်ခြင်းတို့ထုလုပ်သောပညာရပ်ဖြစ်သည်။ ပန်းပညာ ၁၀ မျိုးအနက် ပန်းထိမ်အတတ်ပညာတွင် ရွှေပန်းထိမ်၊ ငွေပန်းထိမ်ဟူ၍ ခွဲခြားသော်လည်း မူလပညာရပ်မှာ တစ်မျိုးတည်းပင်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ပန်းထိမ်လက်ရာအထောက်အထားအဖြစ် ၁၉၂၆ ခုနှစ် မြန်မာနိုင်ငံကမ္ပည်းကျောက်စာဌာနမှ သရေခေတ္တရာ မြို့ဟောင်း (မှော်စာ) ခင်အားကုန် တူးဖော်စဉ် တွေ့ရှိရသည့် ပစ္စည်းများအရ လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ဝ ခန့် ကတည်းက ပန်းထိမ်လက်ရာများကို ပြောင်မြောက်စွာလုပ်ကိုင်လျက်ရှိပြီဖြစ်ကြောင်း လေ့လာသိရှိရသည်။ ယ‌နေ့အချိန်ထိ အခေါ်အဝေါ်အားဖြင့်သီးခြားတစ်မျိုးစီခေါ်ဝေါ်အသုံးပြုနေကြဆဲဖြစ်သည်။ ပန်းထိမ်ပညာရပ်တွင် လက် ဝတ်ရတနာပြုလုပ်သောပညာရပ်နှင့် အသုံးအဆောင်ပစ္စည်းများပြုလုပ်သော ပညာရပ်အဖြစ်ခွဲခြားလုပ်ကိုင်ရသည့် အထည်ပစ္စည်းများအတွက် လိုအပ်သည့်အချက်အလက်များအတိုင်းအထွာများ၊ နည်းစနစ်များသည်အခြားသောပန်မျိုးတို့နှင့် ဗိသုကာပညာရပ်တွင် အသုံးပြုသည့် နည်းစနစ်များစွာပါရှိကြောင်း သိရှိရသည်။
ထုတ်လုပ်မှုလုပ်ငန်းစဉ်
ကုန်ကြမ်းပစ္စည်းများဖြစ်သည့် အရည်ကျိုကြေးနှင့် အထည်ပျက်ငွေထည်များကို အရည်ကျိုပြီးပါက အပြားကြိတ်ခြင်းဆောင်ရွက်ရကြောင်းသိရှိရသည်။ ရရှိလာသည့်ငွေထည်၊ကြေးထည်အပြားများကိုပုံဖော်ခြင်း၊ ရုပ်လုံးရုပ်ကြွထုဆစ်ပုံဖော်ခြင်းများကို ပညာရှင်မှ  ထုဆစ်ပုံဖော်ပြီးပါက ကုန်ချောပစ္စည်းများ ထုလုပ်ရရှိကြောင်း သိရှိရသည်။
ကုန်ကြမ်းရရှိမှုနှင့် ကုန်ကြမ်းလိုအပ်ချက်
ငွေထည်ကြေးထည်ပစ္စည်းများပြုလုပ်ရန်အတွက်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့်သတ္တုများကို ပြည်တွင်းမှအထည်ပျက်ငွေထည်များနှင့် အရည်ကျိုကြေးထည်များကို အများဆုံးဝယ်ယူရရှိကြောင်း သိရှိရသည်။ အဟောင်းထည်ပစ္စည်းများကို အရည်ကျိုကာ ပြန်လည်အသုံးပြုလုပ်ကိုင်နေရသလို တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ပြည်တွင်းဈေးကွက်မှ ဝယ်ယူအသုံးပြုလုပ်ကိုင်ဆောင်ရွက်နေရကြောင်း သိရှိရ သည်။
ငွေထည်၊ ကြေးထည်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် တစ်နှစ်လျှင် ဘော်ပိဿာ ၁၅၀ - ၂၀ဝခန့်နှင့် ကြေးပိဿာ ၃၀ဝ-၅၀ဝခန့်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ ကြေးထည်လုပ်ငန်းသီးသန့်လုပ်ကိုင်ဆောင်ရွက်သည့်လုပ်ငန်းအတွက် တစ်နှစ်ကြေးပိဿာ ၁၀ဝ၀-၁၅၀ဝ ခန့် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ထုတ်လုပ်သည့်ငွေထည်၊ ကြေးထည်ပစ္စည်းများ
စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်ရှိ ငွေထည်၊ ကြေးထည်များမှ ထုပ်လုပ်သည့် ပစ္စည်းများမှာ ငွေဆွမ်းအုပ်၊ ငွေမောင်း၊ ငွေရေစက် ချခရားအစုံ၊ ငွေဘုရားပန်းအိုး၊ ငွေဖလား၊ ကြေးရေစက်ချခရားအစုံ၊ ကြေးဘုရားပန်းအိုး၊ ကြေးဘုရားဆင်းတု၊ ကြေးသောက်တော်ရေခွက်၊ ကြေးပန်းစေတီ၊ ဘာသာသာသနာဆိုင်ရာ  အသုံးပြုပစ္စည်များနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ ကို ထုတ်လုပ်လျက်ရှိကြောင်းသိရှိရသည်။
ဈေးနှုန်းနှင့်ဈေးကွက်
စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်ရှိ ငွေထည်၊ ကြေးထည်လုပ်ငန်းများမှ ပစ္စည်းအမျိုးအစားမျိုးစုံကို ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဝယ်ယူသူအကြိုက်ပစ္စည်းများကိုလည်း စိတ်တိုင်းကျထုလုပ်ရောင်းချလျက်ရှိကြောင်းသိရသည်။ လက်ရှိဈေးကွက်အတွင်းရှိ ငွေထည်၊ ကြေးထည်ပစ္စည်းအရွယ်အစား အကြီးအသေးပေါ် မူတည်ပြီး ဈေး နှုန်းကွာခြားချက်ရှိကြောင်းလည်းာသိရသည်။ လက်ရှိတွင် ငွေဆွမ်းအုပ်တစ်လုံး ကျပ်ရှစ်သောင်းမှ ကျပ် ၁၅ သိန်းကြား၊ ငွေဖလားတစ်လုံး ကျပ် ရှစ်သောင်းမှ ကျပ်သိန်း ၁၅၀ ကြား၊ ငွေရေစက်ချခရား တစ်စုံ ကျပ် ၁၆ သိန်းမှ ကျပ်သိန်း ၂၀ ကြား၊ ငွေမောင်းတစ်လုံး ကျပ်သုံးသိန်းမှ ကျပ် ၁၀ သိန်းကြား၊ ငွေဘုရားပန်းအိုးတစ်လုံးကျပ်ခြောက်သိန်းမှကျပ်သိန်း ၅၀ ကြား ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ 
ကြေးရေစက်ချခွက်တစ်လုံး ကျပ်လေးသောင်းမှ ကျပ် တစ်သိန်းခွဲကြား၊  ကြေးဘုရားပန်းအိုးတစ်လုံးကျပ်နှစ်သောင်းမှတစ်သိန်းကြား၊ ကြေးအလှပန်းအိုးအကြီး ကျပ်သုံးသိန်းမှ ၁၅ သိန်း ကြား၊ ကြေးဘုရားဆင်းတုတော်တစ်ဆူ ကျပ်ငါးသောင်းမှ ကျပ်နှစ်သိန်းကြား၊ ကြေးဖြင့်ပြုလုပ်ထားသည့် ပန်းချီကားတစ်ချပ်ရှစ်သောင် ပေါက်ဈေးအသီးသီးရှိပြီး ပစ္စည်းအရွယ်အစား၊ အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိကြောင်းလည်း သိရှိရသည်။ လက်ရှိ တွင် ပြည်တွင်းဈေးကွက် (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်) တို့ကို အားထားနေရကြောင်းသိရှိရသည်။ ယခင်ကိုဗစ်မတိုင်မီ က ပြည်ပဈေးကွက်ဖြစ်သည့် (အိန္ဒိယ၊ ထိုင်း) နိုင်ငံများသို့ ငွေထည်ပစ္စည်းများကို အများဆုံးတင်ပို့ခဲ့ရကြောင်း သိရှိရသည်။
ငွေထည်၊ ကြေးထည်အသင်းအဖွဲ့ ဖွဲ့စည်းထားရှိမှု
စစ်ကိုင်းမြို့ ရွာထောင်ရပ်ရှိ ငွေထည်ကြေးထည်လုပ်ငန်းရှင်များမှဦးဆောင်၍ ငွေထည်၊ ကြေးထည်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့လက်မှုအနုပညာ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး ငွေထည်၊ ကြေးထည် လုပ်ငန်းရှင်များအသင်း (မြို့နယ်အဆင့်)ကို၂၀၁၈ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် အလုပ်အမှုဆောင် ၂၁ ဦး၊ အသင်းသား ၆၀ ဖြင့်  ဖွဲ့စည်းထားရှိကြောင်းလည်း သိရှိရသည်။ ယခုလက်ရှိ မြို့နယ်အသင်းကိုပညာရှင်များ မျိုးဆက်သစ်လူငယ်များနှင့် လုပ်ငန်းရှင်များမှပူးပေါင်းပြီး ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။    
ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများ လိုက်ပါပြသမှု
ငွေထည်၊ ကြေးထည်လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)အနေဖြင့် ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများတွင် လိုက်ပါပြသလျက်ရှိရာ ၂၀၁၃  ခုနှစ်တွင် မုံရွာမြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့သည့် အိန္ဒိယ- မြန်မာကုန်စည်ပြပွဲတွင်လည်း ကောင်း၊ ၂၀၁၄ခုနှစ်တွင် နေပြည်တော်၌ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး လက်မှုပညာထုတ်ကုန်ပြပွဲ၌လည်းကောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် ကျင်းပသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ထုတ်ကုန်ပြပွဲများတွင် လည်းကောင်း၊ ၂၀၁၄ ခုနှစ် အိန္ဒိယနိုင်ငံ အင်ဖာမြို့၌ကျင်းပခဲ့သည့်ယဉ်ကျေးမှုပွဲတော်၌လည်းကောင်း၊ ၂၀၁၇ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံများ ထုတ်ကုန်ပြပွဲ၌ လည်း ကောင်း အသီးသီးလိုက်ပါပြသခဲ့ကြောင်းသိရှိရသည်။
ထုတ်ကုန်ပြပွဲများတွင် လိုက်ပါပြသရခြင်း အကျိုးကျေးဇူးများ
ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများတွင် လိုက်ပါပြသခဲ့ရာ ယခင်ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နှင့် နေပြည်တော် မြို့ကြီးများမှ မှာယူကြရာမှ ဈေးကွက်ချိတ်ဆက် မိလာသည့်အတွက် ပင်ရင်းထုတ်လုပ်သည့်စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်အထိ တိုက်ရိုက်လာရောက်ဝယ်ယူအားပေးမှုများ ပိုမိုများ ပြားလာကြောင်းသိရှိရသည်။    
ပြည်ပဈေးကွက်အနေဖြင့် အိန္ဒိယနိုင်ငံများက ရန်ကုန်မြို့မှ တစ်ဆင့်မှာယူခဲ့ကြရာမှ ယခုအခါ စစ်ကိုင်းမြို့အထိပါ လာရောက်ဝယ်ယူမှာကြားသည့်အထိ ဈေးကွက်ဝေစုရရှိခဲ့ကြောင်း အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့မှ ငွေထည်ပစ္စည်းများကို အများဆုံးမှာယူသည့်အတွက် တင်ပို့ခဲ့ကြောင်း သိရှိရသည်။နိုင်ငံတော်အပိုင်းမှလည်း ငွေထည်၊ ကြေးထည်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြန်မာ့လက်မှုအမွေကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သိန်း ၁၉၀ဝ ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်းလည်း သိရှိရသည်။
ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် အစီအမံများ
ငွေထည်၊ ကြေးထည် လုပ်ငန်းများရေရှည်ရပ်တည် လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ လွယ်ကူချောမွေ့ စွာ ဝယ်ယူရရှိရေး၊ လိုအပ်သောအရင်းအနှီးအတွက် ချေးငွေအထောက်အပံ့များရရှိရေးနှင့် ဈေးကွက်ဝေစုခိုင်မာစွာရရှိရေး သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများက ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်လှပါသည်။ ထို့မှသာ မြန်မာ့လက်မှု ငွေ ထည်၊ ကြေးထည်လုပ်ငန်းများ ရေရှည်ရပ်တည်လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ 
နိဂုံး
ရှေးဟောင်းအနုပညာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ပန်းထိမ်ပညာများ မတိမ်ကော မပပျောက်စေရန်နှင့် ငွေထည်ကြေးထည်လုပ်ငန်းများ  ရေရှည်တည်တံ့ခိုင်မြဲနေစေရန်  သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင် များက သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးတွင်တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှု အနုလက်ရာ များရှိကြသည်။ ယဉ်ကျေးမှုအမွေ အနှစ် လက်ရာများကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းလုပ်ကိုင်နိုင်မှသာ နိုင်ငံတစ်နိုင်ငံ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။