မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ ယခင်နှစ်များထက် ဈေး ကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။
ကြက်မောက်ပင်များကို မြေအမျိုးအစား အများအပြားတွင် စိုက်ပျိုးနိုင်ပြီး ရေမဝပ် သောနေရာများ၌ စိုက်ပျိုးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ အပင်များကို အစေ့မှ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ကိုင်းကူးနည်းများဖြင့် အကျယ်သုံး ပေ၊ အနက် သုံးပေ အတွင်းမှ တစ်ပင်နှင့်တစ်ပင် ၁၅ ပေခန့်အကွာ တစ်ဧကလျှင်၄၈ ပင် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ခန့်အကြာတွင် စတင် အသီးသီး၍ တစ်နှစ်လျှင် ငါးလကြာအထိ ခူးယူရောင်းချရကြောင်း၊ အခြား နှစ် ရှည်ပင်များထက် စိုက်ပျိုးကုန်ကျစရိတ် သက်သာပြီး ပိုးမွှားရောဂါကျရောက်မှု နည်းပါး၍ အကြမ်းခံသော သီးနှံပင်မျိုးဖြစ်သောကြောင့် စိုက်ပျိုးရန် သင့်တော် ကြောင်း ဘဲရမ်းကျေးရွာနေ ဥယျာဉ်ခြံစိုက်တောင်သူတစ်ဦးက ပြောသည်။ ကြက်မောက်ပင်များကို တစ်ဧက စိုက်ခြင်းဖြင့် အလုံးရေ ၆၀ဝ၀ဝ မှ ၇၀ဝ၀ဝ ခန့် ထွက်ရှိကာ ဒေသပေါက်ဈေး တစ်လုံးလျှင် ငွေကျပ် ၁၅၀ မှ ၃၀ဝ အထိ ရရှိပြီး မြို့ပေါ်ဈေးများနှင့် အခြားမြို့နယ်များဖြစ်သည့် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန် တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
ညီလွင်အေး (မုဒုံ)