Main menu

Background

နိုင်ငံ့စီးပွားမြှင့်တင်ဖို့ MSME ကို အားပေးစို့

Mon, 02/27/2023 - 16:28 -- journal_editor

မွန်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းအများ စုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြ သည်။ ထို့ပြင် သဘာဝသယံဇာတများစွာ ထွက်ရှိ သည့်   ဒေသတစ်ခုလည်းဖြစ်သည်။  သို့သော် အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝသယံ ဇာတများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများမှာ ကုန်ကြမ်းများသာဖြစ်ကြသည်။ အဆိုပါကုန်ကြမ်း များကို ပြည်တွင်း/ပြည်ပများ၌ ရောင်းဝယ်ဖောက် ကားရာတွင် ကုန်ချောများနှင့်ယှဉ်ပါက ဈေးနှုန်း/ ဈေးကွက်ကွာဟမှု   များစွာရှိကြောင်း တွေ့ရှိရ သည်။ ထို့ကြောင့် ကုန်ကြမ်းအဆင့်မှ ကုန်ချော အဆင့်သို့ တန်ဖိုးမြှင့်ထုတ်လုပ်ရန် လိုအပ်သည်။ ထိုကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် အတွက် ပြည်တွင်းစီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် အသေးစား၊အငယ်စား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများသည် အလွန် အရေးပါလှပေသည်။ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံအတွက် MSME  စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော  အခန်းကဏ္ဍမှ  ပါဝင်လျက်ရှိ သည်။
MSME စီးပွားရေးလုပ်ငန်းများတွင် ကုန် ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှု၊ အခြား ဟူ၍ လေးမျိုးရှိရာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍသည် အရေးကြီး သော ကဏ္ဍတစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ပြည်တွင်း၌ လိုအပ်သည့် စားသောက်ကုန်၊ လူသုံးကုန်များကို ပြည်တွင်း၌ ဖူလုံအောင် ထုတ် လုပ်နိုင်မည်ဆိုပါက ပြည်ပမှ သွင်းကုန်တင်သွင်းမှု လျော့ကျစေပြီး ကုန်သွယ်မှုလိုငွေပြမှုကို လျော့ နည်းစေမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပို့ကုန်တင်ပို့ နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်ပ ပို့ကုန်ဝင်ငွေများရရှိပြီး နိုင်ငံတော်၏ စီးပွားရေး လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။
ထိုကဲ့သို့ MSME  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ အလုပ်အကိုင်ရှားပါး မှုပြဿနာ လျော့ကျလာပြီး အလုပ်အကိုင် အခွင့် အလမ်းများလည်း    ဖန်တီးပေးနိုင်မည်ဖြစ်ရာ စီးပွားရေး မျှော်မှန်းချက်ဖြစ်သော ထုတ်လုပ်ခြင်းမှ ရောင်းဝယ်ဖောက်ကား   ကုန်သွယ်သည်အထိ စီးပွားရေး လုပ်ငန်းရှင်များသာမက အလုပ်သမား များပါ အားလုံးအကျိုးခံစားရသော ကုန်သွယ်မှု တစ်ခုလည်း ဖြစ်လာပေမည်။
မွန်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထိ MSME Member Card ထုတ်ပေးမှု စုစုပေါင်း ၁၂၈၆ ခုရှိကြောင်း သိရှိရသည်။   ၎င်းတို့အနက် ကုန်ထုတ်လုပ်ငန်းများဖြစ်သော ဆန်စက်၊ ဆီစက် အပါအဝင်  အစားအစာ  ထုတ်လုပ်မှုလုပ်ငန်း၊ သစ်နှင့်သစ်အချောထည် ထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာနှင့် ပလတ်စတစ်ထုတ်လုပ်မှုလုပ်ငန်း၊ သတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း (ဥပမာ-ကျောက်ခွဲလုပ်ငန်း)၊ အခြေခံသတ္တုပစ္စည်း များ ထုတ်လုပ်မှုလုပ်ငန်း၊ စက်နှင့်စက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ဓာတု ပစ္စည်းနှင့် ဓာတုဗေဒထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်း (ဥပမာ-သဘာဝမြေသြဇာ ထုတ် လုပ်ငန်း)၊ ဆေးဝါးနှင့် ရုက္ခဗေဒဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်း၊ အဝတ်အထည်ထုတ် လုပ်သည့် လုပ်ငန်းစသည့် ကုန်ထုတ်လုပ်ငန်းပေါင်း ၄၆၅ ခုရှိကြောင်း ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန  စာရင်းများအရ သိရှိရ သည်။
ယခုအခါ နိုင်ငံတော်မှ MSME  စီးပွားရေး လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးနေသည်မှာ  MSME  စီးပွားရေးလုပ်ငန်းရှင်များအတွက် အားတက်ဖွယ်ရာဖြစ်ပါသည်။ MSME  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် MSME Agency များကို ဗဟိုအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွဲ့စည်းအကောင်အထည်ဖော် ခြင်း၊MSME  Help Desk များဖွင့်လှစ်၍၎င်းတို့၏  အခက်အခဲများကို   ကူညီဆောင်ရွက်ပေးခြင်း၊ MSME Talk Show စကားဝိုင်း ဆွေးနွေးခြင်းများ ကျင်းပပြုလုပ်ပြီး ၎င်းတို့၏ အခက်အခဲများကို ဆွေးနွေးစေခြင်း၊ သက်ဆိုင်ရာဌာနများက မိမိတို့ ကဏ္ဍအလိုက် ဖြေကြားပေးခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။
ထိုကဲ့သို့ MSME စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဆွေးနွေးချက်အရ MSME များ၏ အဓိကရင် ဆိုင်နေရသော အခက်အခဲများမှာ မတည်ရင်းနှီး ငွေ အခက်အခဲများ၊ ဈေးကွက်အခက်အခဲများ၊ နည်းပညာ အခက်အခဲများ  ရှိနေကြောင်း သိရှိရ သည်။
မွန်ပြည်နယ်ရှိ MSME စီးပွားရေးလုပ်ငန်းရှင် အများစုမှာ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပြည်တွင်းဈေးကွက်အတွက်သာ ရည်ရွယ်ပြီး ထုတ်ကုန်ပစ္စည်းကို တီထွင်ဆန်းသစ်မှုမရှိဘဲ မိရိုးဖလာ နည်းလမ်းအတိုင်းသာ ထုတ်လုပ်နေကြသည် ကို တွေ့ရှိရသည်။ ထို့ကြောင့် ပြည်ပကိုတင်ပို့နိုင်သော MSME ထုတ်ကုန်ပစ္စည်းများ မရှိသလောက် နည်းပါးပြီး   လက်ရှိအချိန်တွင် မွန်ပြည်နယ်၌ Export Quality  အဆင့်မီသော ဆန်စက်တစ်လုံးသာ ရှိကြောင်း သိရှိရသည်။   မွန်ပြည်နယ်သည် ရော်ဘာအများဆုံးထွက်ရှိသည့် ပြည်နယ်တစ်ခု ဖြစ်သော်လည်း MSME ကဏ္ဍမှ  ထွက်ရှိသော ရော်ဘာများသည် နည်းပညာလိုအပ်ချက်ကြောင့် အရည်အသွေးမမီသဖြင့် ၎င်းတို့၏ ဈေးကွက်သည် ပြည်နယ်အတွင်းရှိ ရော်ဘာစက်ရုံကြီးများကိုသာ မှီခိုနေရကြောင်း သိရှိရသည်။ MSME ထုတ်ကုန် ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ ရေရှည်အာမခံချက် ရှိစေရန်၊ ဈေးနှုန်း/ ဈေးကွက် ခိုင်မာစေရန်အတွက် ဈေးကွက်လိုအပ်ချက်များ၊ စားသုံးသူလိုအပ်ချက် များကို သိရှိထားရန်လိုအပ်ပြီး ဖြည့်ဆည်းပေးရန် လည်းလိုအပ်သည်။ ကုန်စည်သို့မဟုတ် ဝန်ဆောင် မှုများကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကွက်မြှင့် တင်ခြင်းများကို  ဆောင်ရွက်ရာတွင် တိုးတက် ပြောင်းလဲနေသော ခေတ်နှင့်အညီ နည်းပညာများ၊ နည်းစနစ်များကို အသုံးချရန် လိုအပ်သည်။ ထိုကဲ့သို့ နည်းပညာများ၊ နည်းစနစ်များကို အသုံးချနိုင်ရန်အတွက် MSME လုပ်ငန်းရှင်များကို ကုန်ထုတ်လုပ်မှုနှင့် သက်ဆိုင်သော တီထွင်ဆန်းသစ်မှု နည်းပညာ၊ အရည်အသွေးမြှင့်တင်ခြင်း  နည်းပညာ၊ ဒီဂျယ်တယ်စနစ်ဖြင့် ဈေးကွက် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ နည်းပညာများ စသည်တို့ကို ပံ့ပိုးပေးရန် လိုအပ်သည်။
MSME စီးပွားရေး လုပ်ငန်းရှင်များ ရင်ဆိုင်ရသည့် အခက်အခဲတစ်ခုဖြစ်သော မတည် ရင်းနှီးငွေ အခက်အခဲနှင့်ပတ်သက်၍ နိုင်ငံတော် အနေဖြင့် ကိုဗစ် (၁၉) ရန်ပုံငွေမှ ထုတ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့်ကုန်ထုတ်လုပ်ငန်းများအတွက် နိုင်ငံ့စီးပွား  မတည်ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးခြင်း၊ JICA Two Step Loan မှ ချေးငွေများ ထုတ်ချေးပေး ခြင်း၊ MSME စီးပွားရေးလုပ်ငန်းများအတွက် ကာလတို၊ ကာလရှည်ချေးငွေများ ထုတ်ချေးပေး ခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။
MSME  ထုတ်ကုန်များ ပြည်ပဈေးကွက်ရရှိ ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊စင်ကာပူ၊ ထိုင်း၊ တရုတ် (ပေကျင်း၊ နန်နင်း၊ ကူမင်း၊ ဟောင် ကောင်)၊  အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနိုင်ငံ များသို့ စီးပွားရေးသံမှူးများ  စေလွှတ်ထားပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်း များကို စီးပွားရေးသံမှူးများနှင့် ပုံမှန်တွေ့ဆုံပြီး ကုန်သွယ်မှုမြှင့်တင်ရေး၊ ဈေးကွက်ရရှိရေး ပေါင်း စပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် MSME ထုတ်ကုန်ပြပွဲများ၊ ကုန်စည်ပြပွဲများ၊ ဒေသထွက်ကုန်ပြပွဲများကို သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊  မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ    မြစ်ကြီးနား၊ မုံရွာ၊ မူဆယ်၊ တောင်ကြီး၊ မကွေး၊ မန္တလေး၊ ပြင်ဦးလွင်၊ ရန်ကုန်၊ စစ်တွေ၊ ပုသိမ်၊ မော်လမြိုင်၊ လွိုင်ကော်မြို့များတွင် ကုန်သွယ်မှု ဗဟိုဌာနများ  ဖွင့်လှစ်၍ ပြည်တွင်း/ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသတွင်း မှ စီးပွားရေးလုပ်ငန်းရှင်များကို ချိတ်ဆက်၍ ကုန် သွယ်မှုမြှင့်တင်ရေးနှင့် ဈေးကွက်သတင်းအချက် အလက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ပေးလျက် ရှိသည်။
ယခုကဲ့သို့ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကဦးဆောင်၍ ဘက်ပေါင်းစုံမှ အင်တိုက်အားတိုက် ပံ့ပိုးကူညီ နေသည့်အချိန်တွင် MSME စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လည်း အင်တိုက် အားတိုက်လိုက်ပါ ဆောင်ရွက်ပြီး   မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရန်၊ ရေရှည်အာမခံချက်ရှိရန်၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ကို ထိုးဖောက်နိုင်ရန် ကြိုးပမ်းကြရန်လိုပါသည်။  သို့မှသာ နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ အတူတကွ  လက်တွဲ ချီတက်ခြင်းဖြင့် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ နိုင်ငံတော်၏ လူမှုစီးပွား ရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်မိပါသည်။

ကိုးကား-မြန်မာ့အသေးစား၊   အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်း(MSME) များ နိုင်ငံတကာ  ကုန်သွယ်မှုတွင် ပိုမိုချိတ်ဆက် ပါဝင်နိုင်ရေး လေ့လာသုံးသပ်တင်ပြချက်။
မိုးမိုး (မွန်)