Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်း ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း(Soft Opening) အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား

Fri, 10/02/2020 - 12:38 -- journal_editor

နေပြည်တော်၊အောက်တိုဘာလ ၁   

၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ ၁ ရက်နေ့၊ နံနက် ၁၀:၀၀နာရီအချိန်တွင်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌Zoom Applicationဖြင့်ကျင်းပပြုလုပ်သော ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening)အခမ်းအနားသို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စ ုဝန်ကြီးဒေါက်တာသန်းမြင့်တက်ရောက်အမှာစကားပြောကြားခဲ့သည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကအမှာစကားပြောကြားရာ တွင်မြန်မာနိုင်ငံတွင် မူပိုင်ခွင့်အကာအကွယ်ပေးခြင်းကို စတင်ဆောင်ရွက်နိုင်စေရန် ကနဦးခြေလှမ်းတစ် ရပ်အနေဖြင့်ဆောင်ရွက်မည့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်း များကို ကြိုတင်လက်ခံ မည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening)အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of South East Asian Nation-ASEAN)နှင့်ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization - WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် WTO ၏ ကုန်သွယ်မှုနှင့် ဆက်စပ်နေသော မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ် (Trade Related Aspect of Intellectual Property Rights - TRIPS Agreement)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တည်ဆောက်မည့် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ASEAN  Framework Agreement on Intellectual Property Co-operation ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ် ၁၈/၂၀၂၀၊ ၂၁/၂၀၂၀ နှင့် ၃၁/၂၀၂၀ တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီတွင် ဥက္ကဌအဖြစ် ဒုတိယသမ္မတ(၂) ဦးဆောင်၍ ဒုတိယဥက္ကဌအနေဖြင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်လျက်ရှိပါကြောင်း၊

             ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ပထမဦးစွာ လက်ရှိကျင့်သုံးနေသော ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း၊  ထို့သို့ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန် ကုန်အမှတ် တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများ ကြိုတင်လက်ခံခြင်းအား ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၃/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊အမိန့်စာအရ ယနေ့မှစတင်ပြီး အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းများကို ကြိုတင်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုစတင်ဖွင့်လှစ်သည့် ကနဦးလက်ခံခြင်း(Soft Opening) ကာလတွင်လည်း ပထမအဆင့်အနေဖြင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၏ WIPO File စနစ်ကို အသုံးပြုမည်ဖြစ်ပါသဖြင့် ယခုကဲ့သို့သော COVID-19ကာလတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု (Ease of Doing Business) ကိုလည်း အထောက်အကူပြုစေမည်ဟု မျှော်လင့်ပါကြောင်း၊ဒုတိယအဆင့်တွင်လည်း ကိုယ်တိုင်လာရောက် လျှောက်ထားမှုများကိုဆက်လက်လက်ခံဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်နိုင်စေရန်အတွက် လိုအပ်သောနည်းဥပဒေများ၊ လျှောက်လွှာများ၊ အခကြေးငွေများအတည်ပြုနိုင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေအာဏာသက်ဝင်ပြီးလျှင် အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

             မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် မူပိုင်ခွင့်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်း၊ မျှတသည့်ယှဉ်ပြိုင်မှုများပေးနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကိုအားပေးနိုင်ခြင်း၊ ကုန်သွယ်မှုမြင့်တက်လာစေနိုင်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြင့်တက်လာစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်ရာတွင် အစဉ်တစိုက်ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်များနှင့် အီလက်ထရောနစ်စနစ်အသုံးပြုခြင်းအတွက် WIPO Solutions များစသည့် အကူအညီများကိုပံ့ပိုးပေးနေသော WIPO၊USAID၊ JICA နှင့် JPO တို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် ကျင့်သုံးပေါ်ပေါက်နိုင်စေရန် မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက်နိုင်စေရေးအတွက် ကဏ္ဍအသီးသီးအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားခဲ့သည်။

             ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အွန်လိုင်းစနစ်ကိုအသုံးပြုပြီး ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကိုစနစ်သစ်ဖြင့် စတင်ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ မူပိုင်ခွင့်သည် စီးပွားရေးကဏ္ဍနှင့်များစွာဆက်စပ်မှုရှိသောကြောင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရခြင်းသည် ကောင်းမွန်သည့်အခွင့်အလမ်းတစ်ခုဖြစ်မည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် မူပိုင်ခွင့်ဥပဒေများ မူကြမ်းပြုစုရေးဆွဲပြီး အတည်ပြုပြဌာန်းနိုင်ရေးကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းတွင် အတည်ပြုပြဌာန်းနိုင်သည်အထိဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ထို့အပြင် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာအစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများကို ကိုယ်စားလှယ်များစေလွှတ်ပြီးတက်ရောက်နိုင်စေခဲ့သည့်အပြင် တက္ကသိုလ်များနှင့်အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများအတွက်အသိပညာပေးဆွေးနွေးပွဲများကိုလည်းကျင်းပပေးနိုင်ခဲ့ပါကြောင်း၊မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်သည့်အရင်းအမြစ်များအပါအဝင်နည်းပညာနှင့်ဥပဒေဆိုင်ရာ အထောက်အပံ့များကိုပံ့ပိုးပေးပြီးပူးပေါင်းဆောင်ရွက်ပေးနေကြသည့်ပြည်ပအဖွဲ့အစည်းများနှင့်အစိုးရဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့်  မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းမူပိုင်ခွင့်လုပ်ငန်းရှင်များအသင်း (MIPPA)၊ မူပိုင်ခွင့်အစည်းအရုံးများ စသည်တို့ အပါအဝင် ပြည်တွင်းအဖွဲ့အစည်းများနှင့် ပညာရှင်များအားလုံးတို့ကိုကျေးဇူးများစွာတင်ရှိပါကြောင်းနှင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

             ဆက်လက်၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yoshiyuki TAKAGI၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဌ ဦးဇော်မင်းဝင်း၊ US Embassy Myanmar မှ Chargéd'Affairesဖြစ်သူ Ms. Gwendolyn Cardno၊ JICA Myanmar Office မှ Chief Representative ဖြစ်သူ Mr. Noriji SAKAKURA နှင့် Japan Patent Office (JPO)မှ Deputy Commissioner ဖြစ်သူ Mr. Susumu IWASAKI တို့က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်အကာအကွယ်ပေးနိုင်စေရန် စတင်ဆောင်ရွက်သည့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကိုပြောကြားခဲ့သည်။

             ထို့နောက် မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဌာန၏ အင်တာနက်စာမျက်နှာ www.ipd.gov.mm တရားဝင်မိတ်ဆက် အသိပေးပြောကြားပြီး အခမ်းအနားပထမပိုင်းအစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။

             ဒုတိယပိုင်းအစီအစဉ်ကို နေ့လယ် (၁၃:၀၀) နာရီတွင်ဆက်လက်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်မှ ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထား ခြင်းများအားလက်ခံမည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်(WIPO File)အားလည်းကောင်း၊ မူပိုင်ခွင့်ဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းမှ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပါအဝင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အကြောင်း သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကာ အခမ်းအနားအားအောင်မြင်စွာရုပ်သိမ်းခဲ့သည်။

            အဆိုပါအခမ်းအနားသို့ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးအောင်ထူး၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yoshiyuki TAKAGI၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဌ ဦးဇော်မင်းဝင်း၊US Embassy Myanmar မှ Chargéd'Affairesဖြစ်သူ Ms. Gwendolyn Cardno၊ JICA Myanmar Office မှ Chief Representative ဖြစ်သူ Mr. Noriji SAKAKURA နှင့် Japan Patent Office (JPO)မှ Deputy Commissioner ဖြစ်သူ Mr. Susumu IWASAKI နှင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊အသင်းအဖွဲ့များနှင့်ဥပဒေအကျိုးဆောင်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

MOC IR