Main menu

Background

ရေစကြိုဒေသထွက် ပခန်းအိုးအကြောင်း တစေ့တစောင်း

Thu, 05/26/2022 - 16:36 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံဦးမြတ်မင်းနှင့် ဒေါ်ကြည်ကြည်စိုးတို့သည် မေ ၃ရက် မွန်းလွဲပိုင်းတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးထုတ်လုပ်မှုနှင့် ပြည်တွင်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ရေစကြိုမြို့နယ်၊ ပခန်းကြီး ကျေးရွာအုပ်စု၊ သက်ရွာကျေးရွာရှိ    ပခန်းအိုးထုတ်လုပ်နေသည့် လုပ်ငန်းရှင် ဦးဆင်နှင့်တွေ့ဆုံပြီး အိုးထုတ်လုပ်ရောင်းဝယ်မှု အခြေအနေနှင့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို  မေးမြန်းဆွေးနွေးခဲ့ သည်။အိုးတစ်လုံး စတင်ပြုလုပ်မည်ဆိုလျှင် အိုးပြုလုပ်မည့် မြေစီး မြေ ရရှိနိုင်ရန်အတွက် အနက်ပေ ၂၀ ခန့်ထိ တူးရကြောင်း၊ တူးယူ ရရှိသည့် မြေစီးများကို မောင်းဆုံဖြင့်သုံးနာရီခန့် ထောင်းရကြောင်း၊ ထောင်းရသည့်မြေများအား ဆန်ခါဖြင့်ချကာ အိစက်နေသည့်မြေများကိုသာပြုလုပ်၍ရကြောင်း၊ အိုးပြုလုပ်ရန် မြေစီးနှင့်ကုန်းသဲ  ရော၍ နှပ်ထားရကြောင်း၊ သောက်ရေအိုးနှင့် ပန်းအိုး ည ဆိုလျှင် မြေစီးနှင့် ကုန်းသဲနှစ်ချိုးတစ်ချိုးရောရကြောင်း၊ ထန်းမြူအိုးနှင့် ကျန်အိုးများ ဆိုလျှင် သုံးချိုးတစ်ချိုး ရောရကြောင်း ပြောပြခဲ့သည်။မြေစီးနှင့်ကုန်းသဲ ရောထားသည့်မြေများအား နွားသားရေ ပေါ်တွင် အစေးပေါက် အောင် ၁၅-၂၀ မိနစ်ခန့် နယ်ရကြောင်း၊နယ်ထားမြေများအားအိုးလုပ်မည့်နေရာသို့ပို့ပြီး မခြောက်စေရန် ပလတ်စတစ်ဖြင့် အုပ်ထားရကြောင်း၊ စတင်ပြုလုပ်ရာတွင် မြေကျင်းတူး၍ ဝါးလုံးတိုင်စိုက်ပြီးအပေါ်မှ ပျဉ်ပြားတင်ထားသည့် စက်ပေါ် ၌ အိုးစတင်ပြုလုပ်ရာတွင် အိုးခေါင်းမှစတင်ပြုလုပ်ပြီး  နှုတ်ခမ်းဖော်ရကြောင်း၊နောက်မှကိုယ်ထည်များကို အဆင့်ဆင့်ပြုလုပ်ရကြောင်း၊ပုံကြမ်းပြီးပြီဆိုလျှင် အနည်းငယ် ခြောက်အောင်ထားရကြောင်း၊ ပြီးမှ လူပေါ်တင်ခါ ပုံဖော် ရ ကြောင်း၊ အိုးကောင်းရစေရန် လက်ခက်နှင့် နာနာပုတ်ရကြောင်း၊နောက်မှမိမိလိုချင်သည့်ပုံစံအပွင့်ဖော်ရကြောင်း၊ ဖင်မကပ်စေရန်အတွက်ဖင်ကို ပြာမှုန့်ကပ်ရကြောင်း၊ အရိပ်ထဲတွင် ၃ - ၄ရက်ခန့် ထားရကြောင်း၊ဖင်ခြောက် သွား လျှင် နေပူထဲသို့ နှစ်ရက်ခန့် ထုတ်လှန်းရကြောင်း၊ ခြောက်သွားသည့်အိုးများကို အရောင် လှစေရန်အတွက် မြေနီမှုန့်ကိုရေဖျော်၍သုတ်ပေးရကြောင်း၊ ပြီးလျှင် အိုးဖုတ်ဖိုထဲသို့ အိုးအလုံးရေ ၁၀ဝ ကို နွားချေး ၁၀ တောင်း ၊ ထန်းသီး စေ့  ၄၀ နှင့် ကောက်ရိုးအစည်းသေး ၅၀ဝ တို့ထည့်၍    ငါးရက်ခန့် မီးဖုတ်ရကြောင်း သိရှိရသည်။အိုးပြုလုပ်ရသည်မှာ  လက်ဝင်ပြီး   အဆင့်ဆင့်အချိန်ပေး၍ ပြုလုပ်ရကြောင်း၊ အိုးမကွာ အိမ်မကွာ ပြုလုပ်ရခြင်းနှင့် မိရိုးဖလာ လုပ် ငန်းဖြစ် သည့်အတွက်  ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ အိုးလုပ်ငန်းကို ပြုလုပ်လာသည်မှာ  အဘိုးအဘွားလက် ထက်ကတည်းက ပြုလုပ်ခဲ့သည့်လုပ်ငန်းဖြစ်ပြီးမိမိအနေဖြင့် အသက် ၈၅နှစ်ရှိပြီဖြစ်သည့်အတွက် အိုး လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာနှစ်၁၀ဝ ကျော်ရှိပြီဖြစ်ကြောင်းကိုလည်း လုပ်ငန်းရှင်က  ပြောပြခဲ့၍   သိရှိရ သည်။လုပ်အားခအနေဖြင့်ဆိုလျှင် မောင်းထောင်းခမှာ ထန်းခေါက် တောင်း သုံးတောင်းလျှင် ကျပ် ၅၀ဝ ပေးရကြောင်း၊ အိုးကြီး လုပ်ခ ၆၀ဝ ကျပ်နှင့် အသေးဆုံးလုပ်ခမှာ  ၇၀ ကျပ် ပေးရကြောင်း၊ တစ်နေ့ လျှင်တစ်ဦးကို အိုးအလုံး ၂၀ခန့်ပြီးကြောင်းသိရပြီး  သောက်ရေအိုး တစ်လုံးကို ၁၇၀ဝ ကျပ်၊ ပန်းအိုးတစ်လုံးလျှင်  ၁၂၀ဝ ကျပ်၊ ထန်းမြူ အိုး တစ်လုံးကို ၃၀ဝ ကျပ်၊ အတာအိုးဆိုလျှင် ၂၅၀ ကျပ်၊ ဟင်းချက်အိုး ဆိုလျှင် ၇၀ဝ-၅၀ဝကျပ်၊ ငရုတ်ဆုံ တစ်လုံးကို ၁၀ဝ၀ ကျပ်နှင့် အင်တုံ ဆိုလျှင် ၂၅၀ဝ ကျပ် ဖောက်သည်ပေးရကြောင်း၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူမြို့နယ်၊  ရေစကြို မြို့ နယ်နှင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တို့မှ အများဆုံး လာရောက်ဖောက်သည်ယူရကြောင်း ပြောပြခဲ့သည်။အကျိုးအမြတ်အနေဖြင့် သိပ်မကျန်ကြောင်း ကိုယ်တိုင်လုပ် လျှင် အိုးကြီး တစ်လုံးကို ၃၀ဝ ကျပ်ခန့်နှင့် အိုးလေး တစ်လုံးကို ၁၀ဝ ကျပ် မြတ်ကြောင်း၊  အိုးမကွာအိမ်မကွာ ပြုလုပ်ရခြင်းနှင့် မိရိုးဖလာ လုပ်ငန်းဖြစ်သည့်အတွက် ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း များကို လုပ်ငန်းရှင် ဦးဆင်က ပြောကြားခဲ့၍ လေ့လာသိရှိခဲ့ရသည်။